Sunday, July 29, 2007

အဘွား

အဘွားကိုတော့ နဲနဲပိုပြီးမှတ်မိသည်။ အဘွားက မြန်မာစစ်စစ်။ အမည်က ဒေါ်သင်းကြူ ဖြစ်သည်။ ပျော်ဘွယ်နယ် ကန်သာ ကျေးရွာဇာတိ ဖြစ်သည်။ အဘိုးတို့ အဘွားတို့ အိမ်ထောင်ကျကာစက ဂျပန့်ခောတ်ဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်း နေရသည်ကိုမရှိ။ ဗုံးတွေကျဲလိုက် ကျင်းထဲဝင်ခိုရလိုက်၊ ပြန်ထွက်လာလိုက် ဖြစ်သည်ဟု သိရလေသည်။

မှတ်မိသလောက်... အဘွားက အသားအရေ ညိုစိမ့်စိမ့်ဖြစ်ပါသည်။ စကားပြောရင် ရိုးရိုး လေးလေးကြီး နှင့် မပွင့်တပွင့် ပြောတတ်သည်။ ရိုး၏။ အရှက်အကြောက် လည်းအတော်ကြီး၏။ အင်္ဂလိပ်ကားတွေ ဘာတွေ ကြည့်ရင်း အဖက်အရမ်း အနမ်းအရှုံ့များပါလာလျှင် မျက်နှာလွှဲ ပြီး "ဟိ..ရိ သြ..တ္တ..ပ္ပ တ..ရား.. လုံးလုံး.. မရှိကြ...တော့ဘူး.." ဟု ရေရွတ် တတ်လေ၏။ သူမသည် ဘုရားတရားလည်း ကြည်ညိုသည်။ သံဃာများကို ဆွမ်းနေ့စဉ် လောင်းသည်။ အခါအားလျှော်စွာ ဒါနပြု၏။ အခါအားလျှော်စွာ တရားစခန်းတွေဘာတွေ သွားသည်။ တစ်ခါ တစ်ခါ သာစည်က ငါးဆူကျောင်းတို့ ဘာတို့မှာ တရားသွားမှတ်တတ်သည်။ တခါတရံ မျက်မှန်ဝိုင်းလေးဖြင့် မိုးကုတ်တရားတို့ ဘာတို့ စတဲ့ တရားစာအုပ်လေးတွေ ဖတ်နေတတ်သည်။

အဘိုးဆုံးပြီးသည့်နောက် သူမလည်း အထီးကျန်သွားပုံရလေသည်။ တစ်ခါတစ်ခါ အိမ်ရှေ့မှာ ထိုင်ပြီး လမ်းဘက်က လူတွေကို ငေးငေးကြည့် နေတတ်သည်။ တခါတလေ သူ့ဘာသာသူ တစ်ယောက်တည်း စကားတွေ ညည်းနေသလိုလို၊ တယောက်ယောက်ကိုပြောနေသလိုလို၊ လွမ်းနေသလိုလို ဘာလိုလိုတွေ ပြောပြောနေတတ်သည်။

အဲဒီနောက် နှစ်တော်တော်လေးကြာတော့ တချိန်မှာ အဘွား နေထိုင်မကောင်းသလို ဖြစ်လာသည်။ ဒါနဲ့ ရန်ကုန်မှာ ဆေး သွားကုရလေသည်။ စစ်ဆေးကြည့်တော့ ဆရာဝန်ကြီးများက ဗိုက်ထဲမှာ အလုံး တွေ့သည် ဆိုသည်။ ခွဲရမည်ဟုဆိုသည်။ အဲလိုနဲ့ ခွဲပြီးသည့် အခါ ကင်ဆာကျိတ်ဖြစ်နေသည်။ အမြစ်တွေက ပြန့်နေပြီဖြစ်သည်။ မရတော့ပါ။ ဆေးရုံမှာ အကြာကြီးတက်ရသည်။ အဘွားနဂိုခန္ဓာကိုယ် က နဲနဲ၀၀ဖိုင့်ဖိုင့် ဖြစ်သည်။ ကင်ဆာဖြစ်ပြီးနောက် လအတန်ကြာတော့ လူက ပိန်သေးသေးလေးပဲ ကျန်တော့သည်။ နောက်ပိုဆိုးတာက ခွဲထားတဲ့ အနာက မကျက်... special nurse ငှားရသည်။ နေ့တိုင်း သုတ်သင်ပေးရသည်။ နောက် မျော့မျော့လေးပဲ ကျန်သည်။ နောက်တော့ ဆရာဝန်တွေက လက်လျှော့တော့ သူ့ကို လူနာတင်ယာဉ် ဖြင့် ပျော်ဘွယ်အထိ ပြန်သယ် လာရသည်။ အဘွားအတွက် မြို့အရှေ့ဘက်မှာ ပျက်စီးနေသည့် ဘုရားစေတီတစ်ဆူကို ပြုပြင်ပြီး ထီးတင်ပေးသည်။ အဲဒါပြီးတော့ သူမကိုသယ်သွားပြီး ဖူးမြော်ခိုင်းသည်။ မြေးများ (ကျွန်တော်တို့) ကို ကိုရင်ဝတ်ပေးသည်၊ အလှူလုပ်ပေးသည်။ သူမက ဝေဒနာကြားမှ လက်အုပ်လေးချီထားသည် ကို ယခုထိ မျက်စိထဲက မထွက်ပါ။ သူမ၏ ဝေဒနာက အတော်ဆိုးပုံရလေသည်။ ဆုံးကာနီးတော့ ရက်သတ္တတပါတ်လောက်ကြီး အကြာကြီး မျောသွားသေးသည်။ နောက် သတိ ပြန်လည်လာသည်။ နောက်ဆုံး သူမဆုံးကာနီး တော့ လက်အုပ်လေးချီပြီး တော့ ဘုရား ဘုရား ဟု ရေရွတ်ရင်း ဇက်ကလေးစောင်းသွားသည်။

"... မိတ်ဆွေ ရှေ့ဘ၀ နောက်ဘ၀ရှိသည် ဆိုသည်ကို ယုံပါသလား။ လူဝင်စား ဆိုသည့်ဖြစ်ရပ်များကို ယုံပါသလား။ အရင်ဘ၀က မိန်းမ၊ နောက်ဘ၀ ကျတော့ ယောကျာင်္း ဖြစ်သွားသည်ကို ယုံပါသလား။ ကျွန်တော်ကတော့ လက်တွေ့တွေ့ခဲ့ဖူးသဖြင့် ယုံကြည်သွားသည် ဟုဆိုရပေမည်။..."

ပြောပြရပေအုံးမည်။ အဘွားဆုံးပြီး နောက် ၄-၅ နှစ်လောက် အကြာကျတော့ အိမ်နားလေး က သကြားစက် သူဌေးတစ်ဦး ၏ အိမ်မှာ ယောကျာင်္းလေး တစ်ယောက် ဖွားမြင်သည်။ အဲဒီ ကလေးလေး စကား စပြောတတ်တော့ ထူးခြားမှုတွေက စတင်လာပါသည်။ မိုးတွေညို့ညို့လာလျှင် တစ်ယောက်တည်း စကားတွေ ပြောပြောနေတတ်သည်။ မိုးညို့ခြင်း သည် လူတစ်ဦး၏ mood အပြောင်းအလဲ နှင့် ဆက်စပ်ပုံရလေသည်။ သူ့ကို ထိန်းသည့်သူ ကြီးဒေါ်က ချောင်းနားထောင်တော့ သူပြောတဲ့ စကားတွေထဲမှာ ကျွန်တော့်အဖေ့နာမည် ပါလာသည် ဟုဆိုသည်။ တခြား ဦးလေးတစ်ယောက် ၏ နာမည်လဲ ပါသည် ဟုဆိုသည်။ မှန်ကြီးရှေ့မှာ ရပ်ပြီး ပြောပြောနေတတ်သည်ဟု ဆိုသည်။ မျက်လုံများက လည်း လွမ်းသလိုလို ရီရီဝေေ၀ကြီးဖြစ်နေသည် ဟုဆိုသည်။ အဲဒီလို မှတ်မိနေတဲ့ အခါမျိုး တစ်ခါက မေးတော့ "ငါ့နာမည် ဒေါ်သင်းကြူ၊ အရင်ဘ၀က သားသမီးတွေရှိတယ်ဟုပြောသည်ဆို၏။ သားကြီးက ဘယ်သူ.. သားငယ်ကဘယ်သူ" စသည်ဖြင့်ပြောသည်ဆို၏။ တစ်ခါတစ်ခါလည်း သူတို့ ခြံဝင်းဘက်က သံတံခါးပိတ်ပိတ်ကြီး နှစ်ချပ်အကြားရှိ ဟနေသော နေရာလေးမှ ကျွန်တော်တို့ခြံဝင်းဘက်ကို အကြာကြီး ချောင်းချောင်းကြည့်နေတတ်သည်။ အဲဒီလို သူ ကျွန်တော်တို့ဘက်ကို ချောင်းကြည့်နေခြင်းကိုမူ ကျွန်တော်ကိုယ်တိုင် ပင် ကြိမ်ဖန်များစွာ တွေ့ရဖူးပါသည်။

နောက်တစ်ခါ ဘုရားပွဲဈေးတန်းတစ်ခု လူအလွန်ရှုပ်နေသောအချိန်ကြီးတွင် သူ့ကိုထိန်းသော ကောင်ကလေး တစ်ယောက် ကသူ့ကို ကုန်းပိုးချီထား ပြီး လျှောက်လည်သည် ဟုဆိုသည်။ ထိုအချိန်တွင် ကျွန်တော့် ဦးလေးတစ်ယောက်ကို ပွဲဈေးတန်းထဲမှာ လူအုပ်ကြီးကြားထဲမှာ သူကတွေ့သွား သဖြင့် သူ့ကိုထိန်းသည့်ကောင်လေးကို "ဖိုးကျောက်(သူခေါ်နေကျအမည်)" နောက်ကိုလိုက် .."ဖိုးကျောက်" နောက် ကိုလိုက် ဆိုပြီး နောက်ကနေ အတင်းလိုက်ခိုင်း သည်ဟုဆိုသည်။ သွားပြီးနှုတ်ဆက်တာ တွေဘာတွေ မလုပ်ပါ။ အဲဒီတုံးက အိမ်ဘက်သို့ချောင်းမြောင်း ကြည့်ရှုခြင်း၊ နောက်ကနေ တိတ်တခိုး လိုက်လံကြည့်ရှုခြင်းကိုသာ ပြုပါသည်။

နောက်လအနည်းငယ်ကြာတော့ သူက ကျွန်တော်တို့ အိမ်ဘက်ကို သွားချင်သည် ဟု အတင်းပူဆာသည် ဆို၏။ ဘာလို့သွားချင်ရတာလဲ မေးတော့ ခေါင်းကြီးငုံ့ထားသည် ဟုဆို၏။ တစ်ခါလည်းမက နှစ်ခါလည်း မက အကြိမ်ကြိမ် ပူဆာလွန်းမက ပူဆာတော့ နောက်ဆုံး လက်လျှော့ပြီး လိုက်ပို့ကြရသည်။ အိမ်ရောက်တော့ လည်း လူတိုင်းကို ပြုံးပြုံးကြီးကြည့်သည်။ ပီတိဖြစ်နေပုံရ၏။ ပထမအခေါက်က အဖေတို့ အမေတို့ ဦးလေးတို့က သူ့ကို ချီမည်လုပ်တော့ ရှက်သွားသည်။ သူ့ကိုထိန်းသည့် ကောင်လေးပေါ်ကို တွယ်ကပ်တက်ပြီး ပြန်မယ်..ပြန်မယ်... ဟုပြောသည်။ နောက်တော့ အချီခံပါသည်။ ကလေးရဲ ဗိုက်ကို အင်္ကျီလေးမပြီး လှန်ကြည့်တော့... အရင်ဘ၀က ခွဲစိတ်ကုသခံယူအပြီး မကျက်တဲ့ အနာကြီးနေရာမှာ အစိမ်းနက်ရောင် အမှတ်ကြီးကိုတွေ့ရပါတယ်။ အဲဒီ့နောက် အိမ်မှာ အလှူလုပ်တိုင်း၊ ကုသိုလ် လုပ်တိုင်း အဖေတို့က သူ့ကို သပ်သပ် ဖိတ်ရသည်။ သူကလည်း လာချင်ပါသည်။

ကြာခဲ့ပြီဖြစ်ပါသည်။ အဲဒီကလေး(အရင်ဘ၀က ကျွန်တော်တို့အဘွား) က ဒီဘ၀ရောက်တော့ ယောကျာင်္းလေးဖြစ်သွားသည်။ ဥပတိရုပ်လည်း ကောင်းသည်၊ ဥာဏ်လဲ ကောင်းပါသည်၊ သူဌေးအဖေ၊ သူဌေးအမေ ဗိုက်ထဲရောက်သည်။ ကုသိုလ်တွေ..ကုသိုလ်တွေ..။ အခု အဲဒီကလေးလေးတောင် ဆယ်တန်းအောင်ပြီးသွားပြီဖြစ်သည်။ စင်္ကာပူမှာ ကျောင်းတက်ချင်သည် ဟု ပြောနေသည်ဟု ကြားသိရလေသည်။

အဘိုး

အဖေ့ဘက်မှ အဘိုးသည် ပြည်ကြီးပေါက် hokkien တရုပ်အစစ်ဖြစ်သည်။ Amoy ဆိုသောအရပ်မှလာသည် ဆို၏။ စင်္ကာပူတွင် ရုံးနားလေးက၊ Tanjong Pagar နားက Amoy ဆိုသော Hawker Center ကိုစတွေ့တော့ အဘိုးရဲ့ဇာတိကို သတိရမိ၏။ အဘိုးဆယ့်သုံးနှစ် ဆယ့်လေးနှစ်သားလောက်တွင် သင်္ဘောကြီးစီးပြီး မြန်မာပြည်ကို ရောက်လာသည်ဟုဆို၏။ သင်္ဘောပေါ်တွင် တနှစ်ကျော်လောက် စီးခဲ့ရသည် ဟုဆို၏။ သူ့အမည်က "ကျို စီ လေး" ဖြစ်သည်။ မြန်မာပြည်ရောက်တော့ တရုပ်အချင်းအချင်း နာမည်ကို အဖျားစွတ်ပြီး "Lay ya".. "Lay ya" ဟုခေါ်သည်ဆို၏။ အဲဒါနဲ့ မြန်မာတွေက "ကိုလေးရာ" လို့ခေါ်ကြသည်ဆို၏။ အဲဒီ "ကိုလေးရာ" ကို ခေါ်ရင်းခေါ်ရင်းနဲ့ မြန်မာမှု ပြုလိုက်တော့ "ဦးလယ်ယား" ဖြစ်သွားသည်။ စင်္ကာပူ မှာ "La" တွေ "ya" တွေ ထည့်ထည့်ပြောတော့ အဘိုးရဲ့ မြန်မာအမည် ဖြစ်ပေါ်လာပုံကို အမှတ်ရလာသည်။

သူသည် တရုတ်သာဆိုသည်၊ မြန်မာအလွန်ဆန်သည်ဟု ပြောရပေမည်။ သားသမီးများ ကလည်း အဖေ ဟု သာခေါ်၏... "ပါပါး" တွေဘာတွေမခေါ်ပါ။ ခေါ်ခိုင်းပုံလဲမရပါ။ အနေရိုး၏။ ကွမ်းကို အလွန်စား၏။ ကွမ်းအစ်၊ ထုံးဘူးများ တည်ထား၏။ ငပိရည် လွန်စွာကြိုက်၏။ ကြိုက်လွန်းလို့ ဇွန်းလေးနဲ့ ခပ်ပြီးတော့တောင် သောက်သည် ဟုပြောကြသည်။ မြင်းကောင်းကောင်းစီးတတ် သည်ဟုဆို၏။ လူပျိုဘ၀ က မြန်မာပြည်အောက်ပိုင်း ပြွန်တန်ဆာမြို့လေးတွင် မြင်းကြီးကို စီးကာ ရွာတကာပတ်ပြီး ကုန်ရောင်းကုန်ဝယ် လုပ်သည် ဆို၏။ အလုပ်လည်း အလွန် လုပ်နိုင်သည်။ ၀ိရိယလည်း လွန်စွာကောင်း၏။ တရုတ်ပြည်က လာတုံးက လက်ချည်းပဲလာခဲ့သည်။ နောက်တော့ သူ့အတိုင်းအတာနှင့်သူ လုပ်ငန်းကိုင်ငန်းတွေ ဘာတွေ တည်ထောင်သွားနိုင်ခဲ့ လေသည်။

ပြီးတော့ သူက မြန်မာလိုကောင်းကောင်းပြောတတ်သည်။ မြန်မာစာလည်း ကောင်းကောင်းရေးတတ် ပုံရသည်။ ကျွန်တော်ငယ်ငယ်က သူ့မြန်မာလက်ရေးတွေကို ကုန်သွယ်စာတွေ၊ ကုန်ရောင်းပြေစာ တွေ ကုန်ဝယ်ဘောင်ချာ ၀ါကျင်ကျင်လေးတွေ မှာ အမှတ်မထင် တွေ့ရဖူး၏။ သူစာရေးလျှင် အားအပြည့်ထည့်ရေးပုံရလေသည်။ ညီညာသပ်ရပ်လှပြီး လေးထောင့် ကြီးကြီးစောင်းစောင်း ကြီးတွေ ဖြစ်သည်။ စာရင်းတွေမှတ်လျှင် တရုတ်စာကို တချို့နေရာလေးတွေမှာ နဲနဲလေးပဲ ညှပ်ပြီး ထည့်ထည့်ရေးသည်ကို တွေ့ဖူးသည်။

ပွဲရုံအလုပ်ဆိုတော့ စကားတွေက တစ်နေကုန် ပြောကြရလေသည်။ သူက စကားပြောလည်း အလွန်ရွှင်သည်။ မြန်မာစကား ကို ၀တ္တုနိပါတ်ပိဋ္ဋကတ် တို့ဖြင့် ရွှန်းရွှန်းဝေအောင်ပြောတတ်သည် ဟုဆိုသည်။ တရုတ်သံတော့ နဲနဲဝဲလေသည်။ သူပြောတဲ့ မြန်မာပုံတိုပတ်စတွေဆို မြန်မာတွေ အစစ်တွေပင် မှတ်မှတ်ထားရသည်ဆို၏။ "မြင်းပြေးသလောက် လူမောတယ်" တို့၊ "တောင်သူအလုပ် အရူးအလုပ်" စတဲ့စကားတွေဆို သူ့မိတ်ဆွေ လူကြီးတချို့ က ပြန်ပြန်ပြောပြလို့ သိရသည်။ "မြင်းပြေးသလောက် လူမောတယ်" ဆိုတာက "ဇာတ်"တွေဘာတွေထဲမှာ တုတ်ကို မြင်းခေါင်းရုပ်စွပ်ပြီး ဟဲ့မြင်း ဟဲ့မြင်း နဲ့ စီးပြကြပါတဲ့အခါ... ဘေးလူအမြင်မှာ တော့ တယ်ဟုတ်ပါ့လားပေါ့... တကယ်က အထဲမှာက ကိုယ့်ခြေထောက်နဲ့ကိုယ်ပြေးနေရတာတဲ့။ အဲဒီတော့ မြင်းအစစ် မဟုတ်တော့ "မြင်းပြေးသလောက် လူမောပြီပေါ့"။ အတိုးနဲ့ချေးပြီး စီးပွားလုပ်ရတဲ့အခါလဲ အဲဒီလိုပါပဲတဲ့။ ကိုယ်ပိုင်ငွေမဟုတ်တော့ ဘေးအမြင်မှာ စီးပွားတွေကတော့ ဖြစ်နေတယ်ထင်ရတာပဲ တဲ့။ တကယ်က စီးထားတဲ့မြင်းက (လုပ်နေတဲ့ငွေက) အစစ်မဟုတ်ဘူး။ ကိုယ်ခြေထောက်နဲ့ ကိုယ်ပြေးနေရတာဆိုတော့ စီးပွားဖြစ်လေ မောရလေ ဖြစ်တတ် ပါတယ်တဲ့။

အဘိုးက သွေးတိုးရောဂါဖြင့် ဆုံးပါးခဲ့သည်။ အဘိုးဆုံးတော့ ကျွန်တော်က ၃ နှစ် ၄နှစ်လောက်ပဲ ရှိသေးသည်။ အဲဒါကြောင့် လည်း သူ့ကို ရေးတေးတေးလေးပဲ မှတ်မိသည်။

Friday, July 27, 2007

HandPhone ပေါ်က Projector


များမကြာမီမှာ မိတ်ဆွေရဲ့ Hand-Phone ကို Mini Movie Projector လေးတစ်ခု သဖွယ် အသုံးပြုနိုင်ပါတော့မယ်။ Motorola ရဲ့ နောက်မျိုးဆက် "Moto mobys" မှာ feature တစ်ခုအဖြစ်ပါဝင်လာပါတော့မယ်။ More...

Thursday, July 26, 2007

ModalPopup as an AJAX Progress Indicator


I recently read a dotnetkicks article where the author laid out an approach for using the ASP.NET AJAX client-side framework to synchronously execute a WebMethod that does some sort of server-side validation or computation. I believe the idea here was while this validation is executing the page designer does not want the end user interacting with the other elements on the page. I had not encountered this issue before, but I started working out how I would have approached it. I enjoyed the authors article and I liked how he leveraged the existing ASP.NET AJAX framework and that the solution should would work with the existing ASP.NET CustomValidator. Because the operation is synchronous, you can invoke the WebMethod from the ClientValidationFunction and set the IsValid bit to true or false depending upon the result. However, I am not sure if I would like having the page go unresponsive while this validation is taking place. Especially if it is unclear to me that the field I entered data into was going to require validation as I tabbed through to the next control.

Live Demo: Sample 1 | Sample 2 | Sample 3

Download: Sample Web Site

Reference: http://mattberseth.com/blog/2007/07/modalpopup_as_an_ajax_progress.html

Everything with Google!




Powered by ScribeFire.

Wednesday, July 25, 2007

How to add Latest News from "PhatPa.com" in a blog?



1) blogger.com တွင် Login ၀င်ပါ။
2) "Manage Your Blog" တွင် Layout ကိုနှိပ်ပါ။
3) Side bar ဘက်တွင် "Add Page Element" ကို နှိပ်ပါ။
4) Feed တွင် "Add To Blog" ကို နှိပ်ပါ
5) "Feed URL" တွင် http://www.phatpa.com/?q=rss.xml ကို ထည့်သွင်းပါ။ "Continue" ကိုနှိပ်ပါ။
6) Title ကို လည်းသင်နှစ်သက်သလိုပြင်လို့ရပါသည်။ ကျွန်တော်ကတော့ "Latest news from ဖတ်ပါ့" လို့ပြင်လိုက်သည်။ Show ကို ဒီတိုင်းပဲ 5 Items ထားလိုက်သည်။ ပြီးတော့ "SAVE CHANGES" ကို နှိပ်လိုက်ရင် သင့် Blog မှာ PhatPa.com မှ နောက်ဆုံး သတင်းများ ပေါ်လာပါမည်။ နေ့စဉ်နေ့တိုင်း သူ့အလိုလို update ဖြစ်နေပါမည်။

Friday, July 20, 2007

Murphy's Law

Murphy's Law ဆိုတာကတော့ အနောက်တိုင်းသားတွေ သုံးလေ့ရှိတဲ့ အသုံးအနှုံးတခုပါ။ အရာရာနဲ့ အကြောင်းကြောင်း ဆိုသလို အမှားမှား အယွင်းယွင်းတွေ တချိန်ထဲမှာ ဆက်တိုက်ဆက်တိုက် ဖြစ်နေပြီဆိုရင် အနောက်တိုင်း culture မှာ "အဲဒါ Murphy's Law ပေါ့ဗျာ" စသည်ဖြင့် ပြောလေ့ရှိကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း က ရုံးက host လုပ်ထားတဲ့ datacenter ကို hacker ၀င်သွားတယ်။ ဖြစ်ချင်တော့ မလေးရှားမှာ presentation လုပ်ခါနီးအချိန်ကြီး။ ချွေးကို ပြန်သွားတာပဲ။ system သမားကို ဖုံးဆက်ပြီး server တွေ အမြန် restart လုပ်ခိုင်းရတယ်။ Database တွေ Restore အမြန်လုပ်ခိုင်းရတယ်။ တိုက်ဆိုင်တာက တချိန်ထဲမှာပဲ စင်္ကာပူရုံးက အဲယားကွန်းတွေက မအေးတော့ဘူးတဲ့။ ဘာလို့ ကြောင်ကုန်မှန်း မသိဘူးတဲ့။ နောက်နေ့ကျတော့ ပြန်အေးသတဲ့။ ထူးဆန်းပါပေ့။ နောက်တခုက... ရုံးနားလေးမှာ မိုးကြိုးပစ်ခံရတယ်။ ကွန်ပျူတာတွေ အကုန်ပိတ်ကုန်တယ်။ မီးပျက်သွားလို့။ တခါတည်း မှောင်ကျသွားတာ။ အသံက ဒိန်းကနဲပဲ။ တော်တော်ကျယ်တယ်။ breaker ကျသွားတာတဲ့၊ လျှပ်စီးဝင်လို့။ အဲဒါလေးတွေ မြင်ရတော့ စဉ်းစားမိလို့ ဒီ Murphy's law ဆိုတဲ့ အသုံးအနှုံးလေး ကို အမှတ်ရလာတယ်။
"ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ" ဆိုတဲ့ ဗမာစကားပုံ နဲ့တူမလားတော့ မသိဘူး။

Wednesday, July 18, 2007

How to add Myanmar Calendar in a blog?

မြန်မာ ပြက္ခဒိန် ကို RSS နဲ့ ခေါ်သုံးလို့ရတယ်။ Blog သမားများ အကြိုက်ပေါ့။ မြန်မာပြက္ခဒိန် ကို ရေးတဲ့ ကိုဝဏ္ဏကို ရေးထားတာ။

RSS Feed Address ကတော့: http://samerss.myanmarcalendar.com
blogger.com ရဲ့ New version သုံးတဲ့လူတွေအတွက် လုပ်နည်းမှာ
1) blogger.com တွင် Login ၀င်ပါ။
2) "Manage Your Blog" တွင် Layout ကိုနှိပ်ပါ။
3) Side bar ဘက်တွင် "Add Page Element" ကို နှိပ်ပါ။\
4) Feed တွင် "Add To Blog" ကို နှိပ်ပါ ("Feed"-Add content from an RSS or Atom feed to your blog.)
5) "Feed URL" တွင် http://samerss.myanmarcalendar.com ကို ထည့်သွင်းပါ။ "Continue" ကိုနှိပ်ပါ။
6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ကျွန်တော်ကတော့ "မြန်မာပြက္ခဒိန်မှ ယနေ့နေ့စွဲ" လို့ပြင်လိုက်သည်။ Show ကို 1 Item လို့ပြင်လိုက်သည်။ ပြီးတော့ "SAVE CHANGES" ကို နှိပ်လိုက်ရင် သင့် Blog မှာ မြန်မာနေ့စွဲ ပေါ်လာပါမည်ြ။
ရက်စွဲမှာ နေ့စဉ်နေ့တိုင်း ပရိုဂရမ်မှ သူ့အလိုလို ထုတ်ပေးနေပါမည်။


ကိုဝဏ္ဏကို မှ သူ့သဘောထားကို "ကြာရင် မြန်မာပြက္ခဒိန် ပျောက်တော့မှာ ဗျ။ အခုခောတ်မှာ ဘယ်သူမှ မြန်မာရက်ကို အလွတ်မသိကြတော့ဘူးဗျ။ ဒါလေး သုံးလိုက်တော့ ကနေ့တော့ လပြည့်ဟေ့၊ ကနေ့တော့ လဆန်းဘယ်နှစ်ရက်ဟေ့ စသည်ဖြင့်ပေါ့လေ.. သိဖို့လို့လွယ်တယ်ပေါ့။ ဘာပဲပြောပြော ရိုးရာကို ထိန်းသိမ်းခြင်း လည်း မည်ပါတယ်။ တကယ်တော့ အခုကိစ္စက လုပ်ကို လုပ်ရမည့် အရာပါ။" စသည်ဖြင့် ရှင်းပြသည်။
A Trip to Kuala Lumpur (July 2007)

စင်္ကာပူမှ KL သို့၊ လမ်းတလျှောက်လုံး ရှုမျှော်လို့မဆုံးတဲ့ ဆီအုန်းတောကြီး တွေ။ ငယ်ငယ်တုံးက ဆီရောင်းခဲ့တုံးက မလေးရှားကနေ မြန်မာပြည် ကို ၀င်တဲ့ စားအုံးဆီ တွေ မေဇင်(Meizan)တို့၊ ကြက်ဆင်တို့၊ ငါးနှစ်ကောင်(Pisces) တို့ စားအုံးဆီ တံဆိပ်တွေကိုတောင် အမှတ်ရတယ်။


လမ်းဘေး ကားရပ်ရာ နားနေစရာ ဇရပ်လေးတွေ၊ မလေးလူမျိုးမိသားစု တွေဆို ကိုယ်ပိုင်ကားလေးတွေနဲ့ မိသားစု ခရီးထွက်ရင် Nasi Lamak တို့ဘာတို့ ချက်လာပြီး ငရုပ်သီးနှစ်တွေဘာတွေနဲ့ လက်နဲ့ နယ်ဖတ်ပြီး ဒီလို ဇရပ်မျိုးလေးတွေမှာ အားရပါးရ ထိုင်ပြီး လွေးတတ်ကြပါတယ်။


KLCC ခေါ် ကမ္ဘာကျော် Petronas Twin Towers ၏ အလှ KL ရောက်တော့ မိုးက ညို့ညို့ပြီး ရွာလိုက်တိတ်လိုက်နဲ့ ဆိုတော့ ညို့မှိုင်းမှိုင်းလေးပေါ့။ ရိုက်သာရိုက်ခဲ့ရတာ။ ဒီပုံကို သိပ်အားမရဘူး။ တကယ်က ညဆိုပိုလှတယ်။ မီးတွေကို ထိန်လို့။


Genting Highlands ပေါ်မှ နေ၀င်ချိန်အလှရှုခင်း။ ရာသီဥတုကလည်း ချမ်းစိမ့်နေတာပဲ၊ အဲဒီအခါမျိုးမှာ ဒီလိုနေ၀င်ချိန်လေး မြင်ရတော့ ကျိုက်ထီးရိုး ကို အမှတ်ရမိပါတယ်။


ရန်ကုန်က ၁၉ လမ်းနဲ့တူတဲ့ KL က Jalan Alor ၊ ဆိုင်တွေကလည်းစုံ၊ စားစရာ လေးတွေက စုံနေတာပဲ။ စားပွဲထိုးလေးတွေကလည်း ဗမာတွေ များတော့၊ How much? လို့မေးတာတောင် ကောင်လေးတွေက ပြုံးပြီး17 ကျပ်ပါ အစ်ကို့ ဆိုတော့ မျက်လုံးပြူးပြီး မော့ကြည့်ရတယ်။ ကောင်းကွာ။ မြန်မာပြည်များ ပြန်ရောက် နေသလိုပဲ။


ဗန်ကွတ်တီ ကောင်းတယ်ကြားလို့ ဒီနေရာမှာ မှာစားကြပါတယ်။ တော်တော်ကို ကောင်းပါတယ်။ လေးယောက်စာ ပွဲကြီးတစ်ပွဲမှာပြီး အီကြာကွေးလေး တွေ ထည့်စားတော့ ဆွေမျိုးမေ့ပေါ့။ ငရုတ်သီးစိမ်းလေးနဲ့၊ ကြက်သွန်ဖြူ နုပ်နုပ်စဉ်းလေးနဲ့ မြိန်ရေယှက်ရေစားခဲ့ကြပါတယ်။ ဇွန်းထဲက အတုံးလေး က pork tail ပါ။


နောက် ဒီနေရာမှာ နာမည်ကြီးတဲ့ Stingray အကင်။ ငှက်ပျောဖက်လေးနဲ့ ထုပ်ပြီးကင်ထားတာ။ အဲဒါကြောင့် ဖက်နံလေးလဲ နဲနဲသင်းတယ်။ သံပုရာလေးညှစ် လိုက်တော့ တကယ်ကို မွေးကြိုင်သွားတာ။ အနံလေးက စားချင်စိတ်ကို ပိုမိုပြီး enhance လုပ်တယ်လေ။ အသားလေးက ပူနွေးပြီး အငွေ့တထောင်းတောင်းနဲ့ အမြှောင်းအမြှောင်း လေးတွေနဲ့ အိအိလေး။ ကြက်သွန်နီ ဥသေးသေးလေးတွေကို ပါးပါးလှီးပြီး ထည့်ထားတဲ့ ငပိနံ့လေးနဲနဲသင်းတဲ့ အချဉ်ရည်လေးနဲ့ တို့စားကြပါတယ်။


အဲဒီကနေ အပြန် Jalan Petaling ဘက်ကို လမ်းလျှောက်ကြပါတယ်။ အဲဒီနေရာမှာ Branded တွေကို ပုံပုံ ပြီးရောင်းပါတယ်။ အရမ်းဈေးချိုတယ်။ ဒါပေမယ့် တကယ်တော့ အတုတွေပါ။ ဈေးဆစ်တတ်ရင် LV တွေ Gucci တွေဆို ရိုးရိုးပိုက်ဆံအိတ်သေး ကို SGD-5 လောက် ကနေပြီးတော့၊ အိတ်အကြီးကြီးတွေဆို SGD-30 လောက် နဲ့ရမယ်။ ဈေးကတော့ ဆိုတယ်။ အညာ ဘုရားပွဲဈေးကျနေတာပဲ။ ၀ယ်ချင်ရင် ခေါက်ချိုး ကျော်ကျော် ဆစ်ရတယ်။ မ၀ယ်ချင်သလိုလိုလုပ်ရတယ်။ အဲဒါမှ နောက်ကလိုက်ဆွဲ ပြီး အတင်းဈေးလျှော့ပေးတယ်။ အဲလို...အဲလို။


KL မှ Monorail ပုံ။ KL မှာ MRT မရှိပါ။ Bus လဲ ရှားသည်ဟုထင်သည်။ Public Transport က စင်္ကာပူလောက် မကောင်းပါ။ ကားမရှိရင် တနေရာနဲ့ တနေရာ သွားဖို့ မလွယ်ဘူး။ ဒါမှမဟုတ် Taxi စီးရင်စီး။


Technology Park, Malaysia ကိုလည်း ရောက်ခဲ့သေးတယ်။ MICT Park အတိုင်းပဲ။ အပင်စိုက်ထားတာလေးတွေ။ အဆောက်အဦ တွေကလည်း MICT အတိုင်းပဲ။

Friday, July 13, 2007

"12 hottest skills" Vs "10 dead(dying) skills"


ဒီနေ့ မန္တလေး ALPHA Computer အကိုကြီး ကိုရဲမြတ်သူက ဒီနေ့ Link တစ်ခုပို့တယ်။ အိုင်တီ Professional တစ်ယောက်အတွက် တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အနာဂါတ်မှာ အလားအလာရှိတဲ့ နည်းပညာ (၁၂ )ခု အကြောင်းနဲ့၊ ကွယ်ပျောက်ပြီး ကွယ်ပျောက်လုဆဲ ဖြစ်နေတဲ့ နည်းပညာ (၁၀) ခုအကြောင်းပါ။ အဲဒီ ဆောင်းပါးနှစ်ခု ကိုဖတ်ပြီးတဲ့အခါ မိတ်ဆွေတို့ကိုလည်း Share လုပ်ချင်လာတယ်။

လူတွေကပြောတယ်... "IT Market က Hot တယ်... Hot တယ်..." လို့ ပြောပြောနေကြတယ်။ "ကွန်ပျူတာသမားတွေကတော့ အလုပ်ရလွယ်တယ်ဗျ..." တဲ့ ပြောကြတယ်။ အဲဒါတကယ်ပဲလား။ တကယ်တော့ လူတိုင်းအတွက် မ Hot ပါတဲ့။ Hot ချင်တဲ့ လူတွေ Hot ပါသည်... သို့သော် မ Hot ချင်တဲ့လူတွေ ကျတော့လည်း မဟော့ပါတဲ့။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ဈေးကွက် ၀င်နေအောင် ကြံစည်နေသင့်သည်။ လုပ်နေသင့်သည် ထင်ပါသည်။ မိတ်ဆွေမှာ မှန်ကန်တဲ့ skill ရှိဖို့လိုသည်ထင်ပါသည်။ ဒီ ကောင်းနေတယ် ဆိုတဲ့ ဈေးကွက်က ဘယ်တော့ရပ်သွား မှာလဲ။ ရှေ့ဘာဆက်ဖြစ်မှာလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ ငါတို့တွေ ဘာဆက်ကြရမလဲ?.. ဘာလုပ်ရင် အသင့်ဖြစ်မလဲ ဆိုတာလေးတွေ နဲနဲ တီးခေါက်ထားဖို့ကောင်းတယ် ထင်မိပါသည်။

ငါးပွက်ရာ ငါးစာချ ခြင်းဟု ဟုမထင်မိပါ။ ဆွန်ဇူးက ဤသို့ မိန့်ဆို၏။ "စစ်မြေပြင်သို့ ဦးစွာရောက်နှင့်ပြီး ရန်သူကို စောင့်တိုက်ရသူသည် သက်တောင့်သက်သာ အားဖြည့်နားနေရ ၏။ စစ်မြေပြင်သို့ နောက်ကျရောက်လာပြီး ကတိုက်ကရိုက် စစ်ထိုးရသောသူကား မောပန်းနွမ်းနယ်မှု ဒဏ်ကို ခံရတတ်၏။"

"Who Move My Cheese?" စာအုပ် ထဲကလို နေ့စဉ် ရနေတဲ့ Cheese တွေ ကုန်သွားရင် လူကလေး လို ငုတ်တုတ်ထိုင်ပြီး "ငါ့ဒိန်ခဲကို ဘယ်သူရွှေ့သွားလဲ လို့" ထိုင်စဉ်းစားမလား.. ကြွက်ကလေးလို နောက်ထပ် Cheese တွေရဖို့အတွက် ၀င်္ကဘာထဲကို စွန့်စားပြီး ပြန်ဝင်ပြီး.. ထပ်ရှာကြည့်ကြမှာလား။ အဲဒီအခါကျရင် ကျွန်တော်တို့ရော ဘယ်လိုဆက်လုပ် ကြမှာလဲ။


အောက်မှာနည်းနည်း ဖတ်ကြည့်ကြပါ။

12 IT skills that employers can't say no to Job hunters with these IT skills are assured of employment, now and in the future.
1) Machine learning
2) Mobilizing applications
3) Wireless networking
4) Human-computer interface
5) Project management
6) General networking skills
7) Network convergence technicians
11) Digital home technology integration
12) .Net, C #, C ++, Java -- with an edge


The top 10 dead (or dying) computer skills
1. Cobol
2. Nonrelational DBMS
3. Non-IP networks
4. cc:Mail
5. ColdFusion
6. C programming
7. PowerBuilder
8. Certified NetWare Engineers
9. PC network administrators
10. OS/2


တကယ်တော့ ကျွန်တော် အရင်က ColdFusion သမားပါ။ နောက်မှ အကြောင်းကြောင်းကြောင့် C# သမားဖြစ်သွားတာ။ ColdFusion နဲ့ ဒီဘ၀ကို စရောက်ခဲ့ပါတယ်။ ကြီးပြင်းခဲ့ပါတယ်။ ColdFusion Lover ဆိုပါတော့။ ရေလို့ ကောင်းလို့ တချို့ code တွေဆိုအခုထိ မှတ်မိသေးတယ်။ အခုကွယ်ပျောက်လုဆဲ ဆိုတော့ စိတ်ထဲတောင် နင့်ကနဲ ဖြစ်သွားပါတယ်။



Powered by ScribeFire.

စာဖတ်နှုံး

Studies show that reading from a computer screen is about 30% slower than reading from paper (Nielsen, 1995, p. 154).
သုတေသနပြုချက်များအရ ကွန်ပြူတာဖန်သားပြင်ပေါ်တွင် စာဖတ်ရခြင်းသည် စာရွက်ပေါ်မှဖတ်ရခြင်းထက် ၃၀% နှေးကွေး သည်။ (နယ်လဆင်, ၁၉၉၅, စာတမ်း-၁၅၄)


Powered by ScribeFire.

Wednesday, July 11, 2007

Blog ရေးရင်း ငွေရှာကြသူများ

ဘလော့ဂ်နယ်ပယ်ကို အမှတ်တမဲ့ရောက်လာတဲ Micheal Arrington ဟာ အခု Silicon Valley မှာ ထင်ရှားလာတဲ့သူတစ်ယောက် ဖြစ်နေပါတယ်။ ဘာ့ကြောင့်ထင်ရှားလာလဲမေးရင်တော့ သူရေးနေတဲ့ TechCrunch.com ဆိုတဲ့ နည်းပညာရပ်ဆိုင်ရာ ဘလော့ဂ်မှာ အဖြေရှိတယ်လို့ ပြောရမှာပါပဲ။ သူက စတင်ကာစလုပ်ငန်းငယ်လေးတွေအတွက် အခြေကျအောင် ပျိုးထောင်ပေးတဲ့ Startup လုပ်ငန်းကို လုပ်ကိုင်နေတဲ့ အသက် (၃၆)နှစ်အရွယ် လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ Web 2.0 (တစ်ဦးတစ်ယောက်ရဲ့ အာဘော်မဟုတ်ဘဲ လူအများဝိုင်းဝန်းရေးသား တည်ထောင်ကြတဲ့ အင်တာနက် ဒုတိယမျိုးဆက်ခေတ်) ဖြစ်လာမယ့် အိုင်ဒီယာအတွက် အချက်အလက်တွေ စုဆောင်းရင်း သူဟာ ကိုးကားစရာတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုမှ မရှိတာတွေ့ရတယ်။ ဒါကြောင့် အဲဒါမျိုးတစ်ခုအဖြစ် သူစုစည်းထားသမျှ အချက်အလက်တွေကို ဘလော့ဂ်တစ်ခုမှာ ရေးနေခဲ့တယ်။ အဲဒီဘလော့ဂ်ကို လူတွေက ဖတ်လာကြတယ်၊ ၀င်ရေးကြတယ်၊ ဒီလိုနဲ့ Traffic များလာပါတယ်။ ဒါ့ထက်စိတ်ဝင်စားဖို့ကောင်းတာက အဲဒီဘလော့ဂ်ပေါ်မှာ ကြော်ငြာထည့်သွင်းသူတွေ ရှိလာတဲ့အတွက် အခုဆိုရင် Arrington ဟာ သူ့ဘလော့ဂ်ကနေ လစဉ်ဝင်ငွေ ဒေါ်လာ(၆)သောင်း ရနေတယ်ဆိုတာပါပဲ။

၁၉၉၀-နှစ်များတုန်းက ဆီလီကွန်တောင်ကြားရဲ့ အထင်ကရအဖွဲ့အစည်းတစ်ခုမှာ အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ရဖူးတဲ့ အတွေ့အကြုံတွေဟာ Arrington အတွက် အများကြီးအထောက်အပံ့ဖြစ်ခဲ့ပါတယ်။ သာဓကပြရရင် Google Calendar application အသစ်ကို Google က မထုတ်ရသေးခင် သူ့ရဲ့ဘလော့ဂ်ပေါ်မှာ Screenshot များနဲ့တကွ ဖော်ပြနိုင်ခဲ့တာမျိုးပေါ့။ (Google အကျိုးဆောင်တွေက သူ့ကိုဆက်သွယ်ပြီး သတင်းပေါက်ကြားတဲ့နေရာကို စုံစမ်းပေမယ့် သူက ပြောပြဖို့ ငြင်းပယ်ခဲ့ပါတယ်)။ ကုမ္ပဏီသစ်တွေရဲ့ သတင်းတွေအပြင် ဒီလိုသတင်းဦးသတင်းထူးတွေ ရှိနေတတ်လို့ သူ့ရဲ့ TechCrunch.com ဟာ နည်းပညာပိုင်းဆိုင်ရာ လုပ်ကိုင်နေကြတဲ့ အကြီးအကဲတွေနဲ့ ၀ါသနာရှင်တွေက စိတ်ဝင်တစား ဖတ်ရှုကြတဲ့ ဆိုက်တစ်ခုဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က သူဟာ ၀က်ဘ်ဆိုက်ကို ဒီဇိုင်းပြင်လိုက်ပြီး ကြော်ငြာအကွက်ကလေး ၆-ခု ထည့်လိုက်ပါတယ်။ အဲဒီနေရာတွေကို ရောင်းမယ်လို့ ကြေညာပြီး ရက်အနည်းငယ်မှာ အကုန် ရောင်းကုန်ခဲ့ပါတယ်။ သိပ်အံ့သြစရာတော့မရှိပါဘူး၊ သူ့စာဖတ်ပရိသတ်တစ်ဝက်လောက်က လစဉ်ဝင်ငွေ ဒေါ်လာတစ်သိန်းကျော်ရသူတွေဖြစ်ပြီး တချို့ကြော်ငြာရှင်တွေအတွက် ဒီလိုလူစားတွေ တစ်စုတစ်စည်းတည်းရှိနေတဲ့ နေရာလောက် ကြော်ငြာချင်စရာကောင်းတာ တခြားဘယ်မှာမှ မရှိနိုင်တော့ဘူးလေ။

နောက်ထပ် ကြော်ငြာနဲ့အလုပ်ဖြစ်နေတဲ့ သူတစ်ဦးကတော့ Nick Denton ပေါ့။ သူက အတင်းအဖျင်းသတင်းတွေရေးတဲ့ Gawker.com နဲ့ အသေးစားကိရိယာတွေအကြောင်း ရေးတဲ့ Gizmodo.com ဆိုတဲ့ ဘလော့ဂ်တွေကို ၂၀၀၂-ခုနှစ်က စတင်ခဲ့ပါတယ်။ သူ့ကုမ္ပဏီ (Gawker Media) ဟာ အခုဆိုရင် ဆိုက်(၁၃)ခုကို ဆောင်ရွက်ပေးနေပါတယ်။ အဲဒီထဲမှာ Defamer နဲ့ Wonkette တို့လို ဟောလိဝုဒ်အတင်းအဖျင်းနဲ့ အမေရိကန်နိုင်ငံရေး သတင်းဆိုက်တွေလည်း ပါပါတယ်။ Gawker Media ရဲ့ ပျမ်းမျှ CPM နှုန်းက ၈-ဒေါ်လာနဲ့ ၁၀-ဒေါ်လာကြားရှိနေပြီး ကျွမ်းကျင်တဲ့လေ့လာသူတွေအဆိုအရ ဒီနှစ်မှာ Gawker ဟာ ဒေါ်လာ သုံးသန်းအထက် ၀င်ငွေရမယ်လို့ ခန့်မှန်းကြပါတယ်။

Jason Calacanis ဆိုတဲ့သူကတော့ ၀က်ဘ်ဆိုက်ပေါင်း (၈၅)ခုကို စုစည်းထားတဲ့ Weblogs Inc., ကို ပိုင်ဆိုင်ခဲ့ပြီး အောက်တိုဘာလတုန်းက အဲဒီလုပ်ငန်းကို AOLသို့ ဒေါ်လာ(၂၅)သန်းနဲ့ ရောင်းချလိုက်ပါတယ်။ ဒါဟာ “ဘလော့ဂ်မှ ငွေဖြစ်ခြင်းဝါဒ” ကို လူသိအောင်အရှိန်ပြင်းပြင်း ချပြလိုက်နိုင်ခဲ့ခြင်းပါပဲ။ “အဲဒီအရောင်းအ၀ယ်ကနေ စပြီးတော့ ကြော်ငြာဈေးကွက်ကလူတိုင်းဟာ ဘလော့ဂ်တွေကို သတိပြုမိခဲ့ကြပါတယ်” လို့ Organic ကြော်ငြာလုပ်ငန်းရဲ့ CEO ဖြစ်သူ Mark Kingdon က ပြောပြခဲ့ပါတယ်။

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Mark Frauenfelder ကတော့ ထူးဆန်းထွေလာ အဖြစ်အပျက်တွေကို ရေးသားတင်ဆက်ထားတဲ့ BoingBoing.com ကို စတင်ခဲ့ပါတယ်။ အစပိုင်းတုန်းက Cyberpank ဆိုတဲ့ မဂ္ဂဇင်းတစ်အုပ်အဖြစ် ထုတ်နေရာက သူ့ကို အင်တာနက်မှာ ခေတ်စားလာတဲ့ ဘလော့ဂ်တွေအကြောင်း စာတစ်ပုဒ်ရေးပေးဖို့ အပ်နှံခြင်းခံရပြီးတဲ့နောက်မှာတော့ Frauenfelder တစ်ယောက်လည်း သူ့မဂ္ဂဇင်းကို ဘလော့ဂ်ပုံစံပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူက BoingBoing မှာ အကြောင်းအရာတွေ ရေးသားတဲ့အခါ တခြားဝက်ဘ်ဆိုက်တွေမှာ ပါဝင်တာတွေကို လင့်ခ်ချိတ်ပေးခြင်းအားဖြင့် ကိုယ့်ဘလော့ဂ်မှာလည်း Traffic (၀က်ဘ်ဆိုက်ကိုကြည့်ဖို့ လမ်းကြောင်းမျိုးစုံမှ ၀င်ရောက်လာမှုများ) များလာတာကို တွေ့ရတယ်။ ဒါ့အပြင် ရေးသားချက် (Post)တွေ များများတင်ပေးရင်လည်း Traffic တက်လာပါတယ်။ ဒါ့ကြောင့် သူက နောက်ထပ် သူငယ်ချင်း ၃-ဦးကို ထပ်ခေါ်ပြီး BoingBoing မှာ အကြောင်းအရာတွေ များများနဲ့ ကောင်းကောင်းတက်နေနိုင်အောင် ပြုလုပ်ခဲ့တယ်။ အခုဆိုရင် အဲဒီဘလော့ဂ်ဟာ နေ့စဉ်ကြည့်ရှုသူပေါင်း သုံးသိန်းကျော်ရှိနေပြီး ကြော်ငြာတွေက ရမယ့်ဝင်ငွေဟာ ဒီတစ်နှစ်အတွက် ဒေါ်လာတစ်သန်းတော့ ကျိန်းသေနေပါပြီ။

ကြော်ငြာတွေမရခင်တုန်းကဆိုရင် BoingBoing မှာ လူကြည့်များတာပဲရှိပြီး ၀င်ငွေမရခဲတဲ့အပြင် လစဉ် Hosting Fee ဒေါ်လာတစ်ထောင် ကုန်ကျစရိတ်က ရှိနေခဲ့ပါသေးတယ်။ အဲဒီလိုဖြစ်နေတတ်တဲ့ ဘလော့ဂ်လောကထဲကို စိတ်ကူးသစ်နဲ့ဝင်လာသူက John Battelle ပါ။ သူဟာဖွံ့ဖြိုးလာနေတဲ့ ဘလော့ဂ်ဈေးကွက်ထဲကို ၀င်လာစဉ်မှာ ကိုယ်ပိုင်ဆိုက်လုပ်ဖို့ စိတ်မကူးဘဲ လူကြည့်များပြီး ကြော်ငြာမရှိတဲ့ဆိုက်တွေကို ကြော်ငြာရှင်နဲ့ချိတ်ပေးတဲ့အလုပ်ကို လုပ်ဖို့ရည်ရွယ်ချက်နဲ့ ၀င်ရောက်လာခဲ့ပါတယ်။ သူရဲ့ င်္ Federated Media Publihsing ကုမ္ပဏီဟာ BoingBoing အပါအ၀င် အခြားနာမည်ကျော် ဘလော့ဂ်အတော်များများအတွက် အလုပ်လုပ်ပေးနေပါတယ်။ သူ့လုပ်ငန်းကို အသံဖမ်းကုမ္ပဏီတစ်ခုလိုပဲ သူကတင်စားပါတယ်။ တီးဝိုင်းအဖွဲ့တွေဆီက လက်ရာကောင်းတွေထွက်လာလေ ကုမ္ပဏီအတွက် အကျိုးရှိလေဆိုသလိုပဲ သူ့လုပ်ငန်း အောင်မြင်ဖို့အတွက်လည်း ဘလော့ဂ်ရေးသူတွေဆီက လက်ရာကောင်းတွေ များများထွက်လာဖို့ လိုအပ်ပါတယ်။ “တကယ်လို့ သူတို့မရေးကြတော့ရင် ကြော်ငြာလည်း ရတော့မှာမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။ အခု သူက နာမည်ကျော်ဘလော့ဂ်အများစုအတွက် ကြော်ငြာကိစ္စဆောင်ရွက်ပေးဖို့ စာချုပ်ထားပြီးပါပြီ။ သူနဲ့လက်တွဲလုပ်ဆောင်မယ့် ဘလော့ဂ်တွေကလည်း အသွေးစုံအရောင်စုံ လိုင်းမျိုးစုံပါပဲ။ Arrington လို နည်းပညာပိုင်းရေးသားသူတွေလည်း ပါဝင်သလို Heather Armstrong ဆိုတဲ့ အမျိုးသမီးလို ကိုယ်ပိုင်ပုဂ္ဂလိက အတွေးအမြင်တွေ ရေးသားတဲ့သူတွေလည်း ပါဝင်ပါတယ်။ Armstrong ဟာ Dooce.com ဆိုတဲ့ ဘလော့ဂ်အတွက် ၀န်ထမ်းအဖြစ် သူမနဲ့ ခင်ပွန်းသည် နှစ်ဦးတည်းလုပ်ကိုင်နေပြီး ကြော်ငြာဝင်ငွေနဲ့ သူမမိသားစုအတွက် ပြည့်စုံကြွယ်ဝတဲ့ အနေအထားတစ်ခုကို ရခဲ့ပါတယ်။

Battelle ရဲ့ FM ကုမ္ပဏီဟာ အရောင်းအင်အားစု ၈-ယောက်ရှိပြီး ဒေသအသီးသီးအလိုက် ရှိနေကြတဲ့ ဈေးကွက်ပိုင်ရှင်ကြီးတွေဆီ တက်တက်ကြွကြွ ချဉ်းကပ်နေကြပါတယ်။ FM ရဲ့ ပျမ်းမျှ CPM နှုန်းဟာ ပြီးခဲ့တဲ့ ၆-လတုန်းကထက် နှစ်ဆမြင့်လာပြီး ၈-ဒေါ်လာအထိ ရှိခဲ့ပါတယ်။ ရည်မှန်းထားတာကတော့ CNET နဲ့ NYTimes.com တို့လို့ နာမည်ကြီး ၀က်ဘ်ဆိုက်တွေနဲ့တန်းတူ CPM နှုန်း ဒေါ်လာ ၂၀ နဲ့ ၃၀ ကြား ရဖို့ပါပဲ။ ဒါပေမယ့် သူ့ဆီအပ်ထားတဲ့ ဘလော့ဂ်တွေရဲ့ အထွေထွေ ကုန်ကျစရိတ်ဟာ အပြင်က မီဒီယာကုမ္ပဏီတွေနဲ့စာရင် ဘာမှမပြောပလောက်တာကို ထည့်တွက်လိုက်ရင်တော့ အခုလည်း ကျေနပ်စရာအနေအထားတစ်ခုပါပဲ။

အကျယ်ဖတ်ရန် (http://www.planet.com.mm/bookplanet/?linkpage=read_articles&id=3528)


Powered by ScribeFire.

Sunday, July 08, 2007

ကျွန်တော်တို့ငယ်ငယ်တုံးက... (၅)

ငယ်ငယ်တုံးက၊ ဆယ်တန်းပြီးတဲ့အခါ ကျောင်းတွေပိတ်လို့ အိမ်ပြန်တဲ့အခါတွေမှာ၊ အိမ်က ပွဲရုံအလုပ်တွေ ၀င်ဝင်လုပ်ပေးသည်။ ဒီလိုလုပ်ရင်း ကိုင်ရင်း အရောင်းအ၀ယ် သဘောကို နဲနဲသိသိလာသည်။ လာဘ်နဲနဲ မြင်လာသည်။ တချို့ အရင်းမစိုက် လှေထိုးလိုက် အလုပ်လေးတွေ ကိုယ်ပိုင်လုပ်လုပ် ကြည့်သည်။
မှတ်မှတ်ရရ တစ်ခါတုံးက မိတ္ထီလာမှ ဦးလေးတစ်ဦး စက်ရုံမှ ပေပါခွံတွေ လိုသဖြင့် လိုက်ရှာခိုင်းသည်။ ကျွန်တော်ကလည်း မြို့ပေါ်က ရှိသမျှ အသိ ဆီစက်တွေ ဆီဆိုင်တွေ ကို အမြန် ဖုံးဆက်လိုက်သည်။ နဂိုတည်းက ဆီရောင်း၊ဆီဝယ် နေကြ၊ ယုံကြည်မှုလည်း ရှိပြီးသား ဆိုတော့ ပြောလို့ ဆိုလို့ကောင်းသည်။ ဖုံးဆက်လို့ မရတဲ့ နေရာတွေ ဂျောင်ဂျိုဂျောင်ကြားတွေပါ ဆိုင်ကယ်တစ်စီးဖြင့် အမြန်သွားကြည့်သည်။ ပေပါခွံ တစ်လုံးရ တစ်လုံးဆွဲ သည်။ ဒီလိုနဲ့ အသကုန်ရှာပေးလိုက်ရာ နှစ်ရက်လောက်အတွင်း ပေပါခွံ (ဂ၁) လုံးလောက်ရသွားသည်။ တကယ်တမ်း အဲဒီအချိန်က လေးငါးဆယ်လုံးလောက်ပင် ရဖို့ ရှားပါးနေချိန်ဖြစ်ပါသည်။ Demand ကလည်းရှိ၊ ပထမဆုံးအခေါက်၊ ၀ယ်ဈေးနှင့်ရောင်းဈေးကလည်း နဲနဲဟတော့ ကျွန်တော်လည်း အဲဒီတစ်ခေါက်က မြိုးမြိုးမြက်မြက် ရလိုက်သည်။ မိတ်ဆွေတွေ၊ အဆက် အသွယ်တွေလည်း အများကြီး ထပ်ရလိုက်သည်။ အဲဒီ ဖောက်သည်တွေ (ဆီဆိုင်တွေ၊ ဆီစက်တွေ) က ကျွန်တော် ပေပါခွံပုံမှန် ၀ယ်မှန်းသိသွားတော့ နောက်ထပ် ဆက်တိုက် ဆက်တိုက် ပုံမှန်ပုံမှန် ပေပါခွံ များ လာပို့ကြသည်။ ဒါပေမယ့် နောက်အခေါက်တွေ က အရင်ခါလောက် သိပ်မမြတ်တော့ပါ။ ပုံမှန် ပွဲခ လောက်တော့ရသည်။ သူတို့ကလည်းယုံကြည်ကြပါသည်။ ပိုက်ဆံချက်ချင်းပေးဖို့မလို။ ဟိုဘက်ကရမှ သွားသွားပို့ပေးသည်။ ငွေ အရေးကြီးတဲ့လူတွေကို တော့ ကိုယ့်အိတ်ထဲက နဲနဲစိုက်ရှင်းပေးထားရသည်။
ဦးလေးဆီမှာက ဆယ်ဘီးကားကြီးတွေ ရှိသည်။ တချို့ဆယ်ဘီးကားကြီးတွေက နယ်ကကုန်တွေသယ်သွားပြီး ရန်ကုန်ကအပြန်မှာ ခါလီပြန်သည်။ [ခါလီ=ဗလာ]။ အဲဒီကားတွေနဲ့ ကျွန်တော့် ဆီက ပေပါခွံတွေဝင်ဝင်သယ်သည်။ ပြီးလျှင် ကျွန်တော်က အလုပ်သမားတွေကို တင်ခချခ ရှင်းပေးသည်။ တခါတလေ သူတို့လာမသယ်နိုင်လျှင် ကျွန်တော့်ဆီမှာ ပေပါခွံတွေ ပုံနေတတ်သည်။ ပေပါခွံ အလုံး နှစ်ရာကျော် သုံးရာလောက်ကြီး ပုံနေတတ်သည်။ အိမ်ရှေ့က၀င်းကြီးထဲမှာ ကျွန်တော့်ပေပါခွပုံကြီးက တောင်ပုံကြီးလို ဖြစ်နေတတ်သည်။
စီးပွားရေးလုပ်တာက လက်သွက်ရသည်။ holiday မရှိ။ လိုအပ်လျှင်လိုအပ်သလို နေ့မီးညမီး အလုပ်လုပ်ကြရသည်။ ကုန်ပစ္စည်း ဈေးကွက်တွေ၊ အတက်အကျတွေ မျက်ခြေမပြတ်အောင်၊ ဖုံးတွေ အသကုန်ဆက်ရသည်။ ညတွင်းချင်း ထပြေးပြီး ၀ယ်တန် ရောင်းတန် လုပ်ရသည်။ ဖယောင်းတိုင်ထွန်းပြီး ကတ္တားချိန်ရသည်။ ဆိုင်ကယ်မီး ကားမီးထိုးပြီး အားချင်း ၀ယ်ရတာတို့ ဘာတို့လည်းရှိတတ်သည်။
နောက် မှတ်မှတ်ရရ တစ်ခေါက် က မိတ္ထီလာမှာ နေရင်း၊ ထီလာ ငရုတ်ဈေးကွက် ကို တဖြည်းဖြည်း လေ့လာသည်။ ကျွန်တော်က မိတ္ထီလာ ငရုတ်သမားတွေ၊ ပွဲရုံတွေ ဆီ အမြဲဝင်ထွက် သွားလာ ရင်း၊ အလုပ်အကိုင်ကြောင်း သတင်းတွေ ဖလှယ်ရင်း၊ သူတို့နဲ့ မိတ်ဆွေတွေ ဖြစ်သွားကြသည်။မိတ္ထီလာက ငရုတ်ဈေးကွက်မှာ ကျွန်တော်တို့မြို့လောက် Heavy သမားတွေမရှိပါ။ ကိုယ်ပိုင် Brand ကောင်းကောင်း တွေကိုင်ပြီး Export ဈေးကွက်ကို ချုပ်နိုင်ကိုင်နိုင် လုပ်တဲ့အဆင့်အထိတော့မရှိ။ အဲဒါကြောင့်လည်း တစ်ခါတလေ အလွန် ၀ယ်လို့ကောင်းသည်။ အများစုက ကုန်သည်လေးတွေချည်း ဆိုတော့ ရန်ကုန် မန္တလေးမှာ ဈေးလေးနဲနဲ လှုပ်တာနဲ့ ဗိုက်နာလာကြသည်။ ရောင်းဖို့ အတင်းလိုက်စပ်နေ တတ်ကြသည်။ ငရုတ်ဈေးကွက် ကလည်း တော်တော် အကဲပိုသည်။ အတက်အကျ အလွန်ဆတ်သည်။ ဒီလိုနဲ့ အဲဒီတုံးက မန္တလေးမှာ ဈေးက ရုတ်တရက် ထိုးကျသွားသည်။ ကျွန်တော့်စိတ်ထဲမှာ ထင့်ကနဲ ဖြစ်သွားသည်။ သတင်းတွေ၊ အချက်အလက်တွေ၊ ဖြစ်နိုင်ချေတွေ ကို အခြေခံပြီး "ဒီဈေးကျချိန်ကလေး ခဏလေး ပဲ" လို့ စိတ်ထဲက ထင်သည်။ မန္တလေးက ပွဲရုံကို ဆက်ပြီးတိုင်ပင်တော့လည်း သူကလည်း ခဏလို့ထင်သည်တဲ့။ ဒါနဲ့ မြို့ထဲ ငရုတ်သမားတွေဆီ ဆိုင်ကယ်နဲ့ တစ်ပါတ်ပါတ်တော့ သူတို့က ကျွန်တော့် အတင်းထိုးရောင်းနေကြသည်။ တကယ်တမ်း ကျွန်တော့် လက်ထဲမှာ တစ်ပြားမှ မရှိပါ။ နှစ်ပါတ်ဆိုင်း ၊ သုံးပါတ်ဆိုင်း ကြွေးရလျှင် ၀ယ်မည် ဟု လေသံပစ်ကြည့်လိုက်သည်။ သူတို့က ခု ၀ယ်မယ်ဆို ခု လာပို့မည်ဟုပြောသည်။ ဒီလိုနဲ့ ကြွေးတွေနဲ့ တမြို့လုံးရှိ ငရုတ်သီးတွေ ၁ ရက်တည်းနှင့် ၀ယ်ထည့်ပစ်လိုက်သည်။ အိတ်ကြီး(ဂုန်နီ အိတ်ကြီး) သုံးရာလောက် ရှိမည်ထင်သည်။ ကျွန်တော့် ဦးလေးတွေ အဒေါ်တွေက မျက်လုံးပြူးနေသည်။ ကျွန်တော်က ၁၉ နှစ်လောက်ဆိုတော့ သူတို့က ကလေးဟုထင်ချင်ထင်မည်။ ငရုတ် ဂိုဒေါင်အလတ် တလုံးစာလောက် ကြွေးနဲ့ဝယ်ပစ်တာဆိုတော့ ပြူးမယ်ဆိုလည်းပြူးလောက်သည်။ ငွေက အဲဒီခောတ်က ငွေကြေးဖြင့် သိန်း ၃၀ ဘိုးလောက်ရှိမည်ထင်သည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်ပါ။ နောက်နှစ်ပါတ်လောက်နေတော့ ဈေးက သိပ်မထူးသေး။ ကျွန်တော် စိတ်ပူလာပြီ။ ကြွေးတွေက စတောင်းနေကြပြီ။ ကြွေးသမားတွေက ဖုံးတွေတဂွမ်ဂွမ် ဆက်သည်။ ကျွန်တော်လည်း ကတိပေးထားရတော့ မျက်နှာ ပူလှပြီ။ ဒါနဲ့ လှည့်ပတ်ချေးရာ ဦးလေးတစ်ယောက်ဆီက အကူအညီရသည်။ ကြွေးသမားတွေကို လိုက်ဆပ်ရသည်။ အကုန်လုံးတော့ အကြေမဆပ်နိုင်သေး။ ကြွေးရှင်တွေ စိတ်ပြေအောင် နဲနဲစီ ပေးထားခဲ့ရသည်။ အဖေ့ကို အကူအညီတောင်းရသည်။ အဖေက သူလည်း ငွေကျပ်နေသည် ဟုပြောသည်။ မန္တလေးကို ရောင်းကြည့်ပါ့လားဟုအကြံပေးသည်။ ကြားထဲ ငွေလိုရင် ဦးလေးတွေ အဒေါ်တွေဆီက ကိုယ့်ဘာသာကိုယ့်လှည့်ကြည့်ဟုပြောသည်။ အဲဒါနဲ့ မန္တလေးကို ဆက်ပြီး ဈေးစပ် ကြည့်သည်။ ဈေးညှိရင်းညှိရင်း တဲ့ သွားကြသည်။ ထင်သလောက်မမြတ် နဲနဲတော့ မြတ်သည်။ အားချင်းပဲ အလုပ်သမားတွေ အမြန်ငှား၊ ၀ယ်ထားတဲ့ ကုန်တွေ ညီအောင်ပြန်စပ်၊ ညတွင်းချင်း တင်ပစ်လိုက်သည်။ ငွေက ချက်ချင်းမရသေး စောင့်ရသည်။ နောက်ဆုံးတော့ အားလုံး အဆင်ပြေသွားတာပဲ ဖြစ်သည်။ ဒီလို ဟိုလျှောက်လုပ်ဒီလျှောက်လုပ်နဲ့ ကိုယ်ပိုင်ငွေလေးရှိတော့ ကျွန်တော် ကျောင်းတက်နေတုံးကလည်း အိမ်က အထောက်အပံ့ သိပ်မလိုခဲ့ပါ။ ပထမနှစ် နှင့် ဒုတိယနှစ် အစောပိုင်းလောက်ပဲ အိမ်က ယူရသည်။ နောက် ကိုယ့်ဘာသာကိုယ် အဆင်ပြေသွားသည်။
နောက် မိတ္ထီလာမှာ ဂျပန်စာ သွာတက်တုံးကလည်း အိမ်က စရိတ်ဆိုပြီး ငွေတစ်သိန်းလောက် ပေးလိုက်သည်။ ကျွန်တော်လည်း ဒီတိုင်းသုံးပစ်ရင် ကုန်သွားမည်။ ရင်းနှီးမြုပ်နှံမှုလုပ်ရမည် ဟုစဉ်းစားကာ သုံးလုံး စာအုပ်တစ်အုပ် ကိုင်လိုက်သည်။ အမ၀မ်းကွဲ တစ်ယောက်က သုံးလုံးရောင်းနေတာ့ သူလည်း ကော်မရှင်ရ ကျွန်တော်လည်း အမြတ်ရ ဆိုပြီး ကိုင်ကြည့်လိုက်သည်။ အဲဒီ ငွေတစ်သိန်းက အမကို Deposit ပေးထားရသည်။ သုံးလလောက် အရဲစွန့်ပြီး ကိုင်လိုက်သည်။ အမ၀မ်းကွဲ တို့လင်မယား က အပါတ်တိုင်း စာရင်း နှင့် ရောင်းရငွေ လာပို့ကြသည်။ ကျွန်တော်က စာရင်းတွေ စစ်ရသည်။ ဘယ် ဂဏန်း ဘယ်လောက်ဖိုးရောင်းရသလဲ တွက်ရသည်။ လတိုင်း မြတ်ပါသည်။ အဲဒီ မြတ်တဲ့ ပိုက်ဆံဖြင့် ဂျပန်စာ တက်ခဲ့ပါသည်၊ စားရိတ်ရခဲ့ပါသည်။ ဒါတင် မကသေး၊ ရန်ကုန်မှာ နေတော့ ဘောလုံး ကိုယ်စားလှယ် လုပ်ပေးရဖူးသည်။ ကျွန်တော်က အဆက်အသွယ်ရှိသည်။ သူငယ်ချင်းတွေ၊ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေက ကျွန်တော်ဆီက ထိုးကြသည်။ အစက အပျော်လုပ်ပေးရင်း နောက်ကျတော့ လူများများလာ သည်၊ ငွေပမာဏတွေလည်း များများလာကြသည်။ ကိုယ့်မျက်စိရှေ့တင် ဒါနဲ့ ဘ၀ပျက် သူတွေလဲတွေ့တွေ့နေရသည်။ ငွေအရ ကောင်းသော်လည်း၊ အကြောင်းကြောင်းတွေ ကလည်းရှိ၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်လည်း မဟုတ်တာနဲ့ ဒီအလုပ်ကို လုံးဝ ရပ်ပစ်လိုက်သည်။
တစ်ခါတလေ မိမိဘာသာ စဉ်းစားမိသည်။ ဒီလို စီးပွားရေးလောကထဲမှာ ကြီးပြင်းလာခဲ့ပြီး၊ အဲဒီထဲမှာလည်း ကျင်လည်လာခဲ့ပြီးနောက်မှ၊ ကျွန်တော် အိုင်တီနယ်ပယ်ထဲ မှာ web-based application တွေကို ဇောက်ချလုပ်နေတဲ့ professional လုပ်နေသူတစ်ဦး ဘယ်လိုကနေ ဘယ်လိုဖြစ်လာမှန်းပင် ကိုယ့်ကိုယ်ကို မသိတော့ပါ။

ဥာဏ်စမ်းပုစ္ဆာ (မင်းလူ)

ရှေးလူကြီးတွေများ တော်တော်ပညာပြချင်တတ်သည်။ နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာ ရှိတဲ့အခါ တိုက်ရိုက်တည့်တည့် ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိ စကားထားတွေနှင့် ဦးနှောက်စားအောင်လုပ်တတ်သည်။
သိုက်စာအတိတ်၊ တဘောင်တွေဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်၊ အဲဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း၊ ကျောက်ဂူတွေ့မယ်။ ဒီလိုမဟုတ်ဘဲ အဓိပ္ပါယ်ဖော်ရခက်အောင် ကွယ်ဝှက်ပြီး ရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ စကတည်းက မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်းစာရေးနေရသေးလဲ။ ရှေ့ဘာဖြစ်မယ်ဆိုတာ ဟောကိုန်းထုတ်ချင်လည်း တည့်တည့်ပြောပါလား။ ဘာဖြစ်လို့ တဘောင်တွေ စနည်းတွေ လုပ်နေရတာလဲ။
အဂ္ဂိရတ်မှာလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ ညီမျှခြင်းတွေနဲ့ တိတိကျကျ မပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင် လုပ်တတ်သည်။
ဆေးညွှန်းပေးတာတောင် စကားထားဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ “ငါးပိလက်လေးသစ်” တဲ့။ ဘယ့်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့ နေနေသာသာ ပါးစပ်ထဲတောင် ထည့်ဖို့မလွယ်။
အမှန်က ပါဝင်သော ဆေးအမယ်များမှာ ပထမစာလုံးများဖြင့် အတိုကောက် မှတ်ထားခြင်းဖြစ်၏။ င=ငရုတ်ကောင်း၊ ပိ=ပိတ်ချင်း၊ လက်=လက်ချား၊ လေး=လေးညှင်း၊ သစ်=သစ်ကြမ်းပိုးခေါက်တို့ ဖြစ်သည်။ ဒီနေရာမှာ အဓိပ္ပါယ်ကောက်လွဲသွားနိုင်သည်။ “င” ကို ငရုတ်သီး၊ “လက်” ကို လက်ထုပ်ကြီး၊ “သစ်” ကို သစ်စိမ့်သီးဆိုပြီး မှားထည့်မိလျှင် ဘယ်လိုလုပ်မလဲ။
ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေ လိမ္မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇ၀ါဖြစ်အောင် လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင် ရှိသေးတယ်လေ။ သူဌေးကြီးသေတော့ သူ့သားကိုမှာခဲ့တာက…

ခေါင်းတစ်ရာသားစားပါ။
အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။
ခေါင်းသုံးလုံးနဲ့ ပညာရှိကို ဆည်းကပ်ပါ။

ဒီတော့… သားလုပ်တဲ့သူက ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ၀က်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီး ခေါင်းဖြတ်စားသည်။ ငွေတွေ သောက်သောက်လဲကုန်သည်။
အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ ဘယ်သူမှလာမ၀ယ်သဖြင့် အကြီးအကျယ်ရှုံးသည်။
နောက်ဆုံး ခေါင်းသုံးလုံးနှင့် ပညာရှိကို လိုက်ရှာသည်။ အသက်အရွယ် အိုမင်းလွန်းသဖြင့် ခါးကိုင်းနေပြီး ဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းက ဒူးနှစ်လုံးကြားထဲ ရောက်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရ၏။ ရုတ်တရက်ကြည့်လိုက်လျှင် သူ့အဖေမှာခဲ့သည့် အချက်များ၏ ဆိုလိုရင်းကို သိရလေသည်။
“ခေါင်းတစ်ရာသားစားပါ” ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲကလေးတွေ စားခိုင်းခြင်းနှင့် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ်လေ၏။
စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဦးနှောက်ခြောက် ဖြစ်ခဲ့ရလေသည်။

တကယ်တော့… ခုလို ရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။ သူ့အဖေသည် သူ့ခေတ်သူ့အခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာတော့လည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။
သူ့အဖေဆုံးခါနီးတွင် သူ့ကို စာအိတ်တစ်အိတ် ပေးသွားသည်။ အထဲမှာ စာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေ ရေးထားသည်။ ရှေးလူကြီး မပီသမှာ စိုးလို့လားမသိ။ ပဟေဠိဆန်ဆန် ရေးထားသည်။

ပထမလမ်းညွှန်ချက်က .. “နို့အလုံးတစ်ရာကိုစို့ပါ”

တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်း မဟုတ်တာတော့ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်တော့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။ ဒါဖြင့် ဘာအဓိပ္ပါယ်လဲ၊ ဘာကို ဆိုလိုတာလဲ။
သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲ ရှိသည်။ ဒါတောင် ချဉ်းကပ်နည်း မမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွာက နို့များကို စုပေါင်းပြီး ချက်ထားသော နို့ဆီများကို ပြောတာလား။ မဖြစ်နိုင်။ ဟိုအရင်ထဲက လက်ဖက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်ခဲ့တာပဲ။ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။
စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြား ထိုင်ကြည့်နေလိုက်သည်။ အရေးထဲ ကြော်ငြာတွေကလည်း များလိုက်တာ။ ဒီထဲကမှ ကြော်ငြာတစ်ခုကို သတိပြုမိ၏။ မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ။ ဒီတော့မှ ဥာဏ်အလင်းရသွားသည်။
သူသည် ပဲနို့ရည်ကို ၀ယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်ထဲမှာ ပရိုတင်းတွေ၊ လိုင်စင်းတွေ ပါနေသဖြင့် ကျန်းမာပြီး ၀ဖြိုးလာလေတော့သည်။

ဒုတိယအချက်ကတော့ .. “အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ”

သူ့အိမ်နောက်ဘက်က ကွက်လပ်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူ့ဝင်ငွေကလည်း ဘဏ်မှာအပ်ပြီး စုဆောင်းထားရလောက်အောင် ပိုလျှံနေတာမဟုတ်။ ၀င်ငွေနဲ့ စားသောက်စရိတ်နဲ့ မျှတရုံလောက်ပဲ။ စုဆောင်းစရာဆိုလို့…
အဲ… ဟုတ်ပြီ။ စားလိုက်တဲ့အစာတွေက ပျောက်ပျက်သွားတာမဟုတ်။ အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေးကွက်လပ်မှာ အိမ်သာတစ်လုံးဆောက်လိုက်တယ်။

တတိယအချက်မှာ… “ငရဲပြည်နှင့်ဆက်သွယ်ပါ”

ငရဲပြည်ဆိုတာ လူကိုယ်တိုင်သွားဖို့ကလွဲပြီး ဆက်သွယ်ရနိုင်သည့် တခြားနည်းလမ်းမရှိ။ တယ်လီဖုန်း ဆက်လို့ရတာလည်းမဟုတ်။ ဖက်စ်တွေ၊ အီးမေးလ်တွေ ပို့လို့ရတာလည်းမဟုတ်။ တစ်နည်းပဲရှိသည်။ မြေကြီးကိုဖောက်ပြိး အ၀ီစိရောက်အောင် တူးဖို့။
ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အ၀ီစိတွင်းတစ်တွင်း တူးလိုက်သည်။ သူတို့ရပ်ကွက်က ရေရှားသည်။ ထို့ကြောင့် အ၀ီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏။

ကဲ…နောက်တစ်ခု။ “ခြေထောက် အရောင်းအ၀ယ်ပြုလုပ်ပါ”

ဒါဟာ ၀က်ခြေထောက်စွပ်ပြုတ် ရောင်းခိုင်းတာတော့ မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။
ထိုစဉ်မှာ သူငယ်ချင်းတစ်ယောက် ကားလေးနှင့် ရောက်လာသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သူက ပြောသည်။

“ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး”

“ဟိုကားလေးက မြတ်လို့ ရောင်းလိုက်ပြီ။ ဒီကားကလဲ ဈေးချောင်လို့ ဆွဲထားတာ၊ ၀ယ်ရောင်းလုပ်တာ မဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ၀င်ငွေလည်းရတယ်။ ခြေထောက်လဲ ရတာပေါ့”

“ဘာ.. ခြေထောက်၊ ဟုတ်လား”

“အေးလေ.. ငါတို့လောကမှာတော့ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ ခေါ်တယ်။ မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ”

“အင်း.. ဟုတ်တယ်၊ ငါသဘောပေါက်ပြီ”

သူသည် အောက်ကားလေးတစ်စင်းကို စ၀ယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့်ရှာဝယ်ပြီး တက်ဈေးမှာပြန်ရောင်းရင်း စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။

“ကျင်ငယ်ရည်ထုတ်လုပ်သည့်စက် တည်ပါ”

အဖေကတော့ တော်တော်ပေါက်ပေါက်ရှာရှာ ခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပာယ်တော့ ဖော်လို့မရ။ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကို တင်စားထားတာပဲဆိုတာတော့ ရိပ်မိသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေသည်။
ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းထွက်လျှောက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ၀ါရင့် ယမကာသမားကြီးတစ်ယောက်နှင့် တွေ့သည်။

“ဘယ်သွားမလို့လဲကွ” ဟု မေးသဖြင့် သူက..

“ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင် သွားထိုင်ရင် ကောင်းမလားလို့။ လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်” ပြောတော့ ယမကာသမားကြီးက ..

“တော်ပါပြီကွာ၊ ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ်”

သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာ ဒါပဲကိုး။

သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။

နောက်ဆုံးအချက်ကတော့ “ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ”

ဘယ်လိုလဲ။ ပညာရှိပါဆိုမှ ဦးနှောက်မပါလို့ ဖြစ်မလား။ သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။ လူမပြောနဲ့ တချို့တိရစ္ဆာန်တွေမှာတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ရခဲ့လို့ပဲ မဟုတ်လား။ ဒီဦးနှောက်ကို အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်စီးနိုင်ခဲ့တာမဟုတ်လား။
ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။ တရားတာရော မတရားတာပါ ကြံစည်စိတ်ကူးမိကြမည်။ ထို့ကြောင့် ဦးနှောက်မရှိတာကမှ ခပ်ကောင်းကောင်းဟု ဆိုလိုချင်တာလား။
မဖြစ်နိုင်။ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာ မဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တ၀ါများနှင့် ဘာထူးတော့မှာလဲ။ ပဟေဠိရဲ့အဖြေကိုရဖို့ ဦးနှောက်ကိုသုံးပြီး စဉ်းစားနေရတာပဲလေ။
ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့။ သက်မဲ့ပဲ ဖြစ်ရမည်။ သက်မဲ့အရာဝတ္ထုတစ်ခုက ပညာရှိဖြစ်နိုင်သလား။ သက်မဲ့အရာဝတ္ထုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား။ ပညာရှိဆိုလျှင် မေးသမျှ ဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံသိရှိနားလည်ရမည်။ ဒါဆိုလျှင်…

သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင် ဖြစ်လေ၏။

မင်းလူ
Ref: http://www.planet.com.mm/bookplanet/index.cfm?linkpage=read_story&id=123


Powered by ScribeFire.

Wednesday, July 04, 2007

A trip to South Africa (Dec 2006)


CapeTown မြို့တွင်းတနေရာ


နွေဦးနံနက်ခင်းရဲ့ နွေးထွေးတဲ့နေရောင်ခြည်အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းအိပ်မောကျနေတဲ့ ပင်လယ်ဖျံလေးများ။ ကမ္ဘာ့တောင်ဘက်ခြမ်း မှာ December က နွေရာသီ။ Sydney တို့ မဲလဘုန်းတို့မှာလည်း အတူတူပဲ။


တောင်တွေအားလုံးက သက်ရင့်ကျောက်တွေ၊ အာရှမှာ ဒီလိုကျောက်သားမျိုး သိပ်မရှိဘူး။ ဒီလို သက်ရင့်ကျောက်တွေရှိလို့လဲ ဒီမြေက စိန်တွေထွက်တာ။


နာမည်ကျော် ဂွတ်ဟုပ်အငူ (Cape of Good Hope) (တရံရော အခါက ကိုလံဘတ် တို့သည် အာရှတိုက်ကို ရှာဖွေရန် ပေါ်တူကီမှ ရွက်လွှင့်လာရာ မျှော်လင့်ချက်ကုန်ဆုံး၍ လက်လျှော့လုနီးနီး ဤနေရာအရောက်တွင် လေကြောင်းမှာ ရုတ်တရက်ပြောင်းလဲသွားသဖြင့် မျော်လင့်ချက်ရောင်ခြည်များ ရရှိလာပြီး ဆက်လက်ရွက်လွှင့်ခဲ့ရာ အာရှတိုက်ကြီးကို ရောက်ရှိခဲ့ကြသည်။ ဥရောပ-အာရှ ရေကြောင်း လမ်းပေါက်သွားခဲ့သည်။ ဤနေရာကိုလည်း Good Hope အငူဟု အမည်သညာ တွင်စေ ခဲ့လေသည်။)


အိန္ဒိယ သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာ ဆုံချက် (သို့) ကိပ်ပွိုင့်(Cape Point)။ သမုဒ္ဒရာ နှစ်ခုက ရေနှစ်မျိုး ကတကယ် ကွာပါတယ်၊ အိန္ဒိယသမုဒ္ဒရာကရေက နဲနဲ နောက်ကျုကျု နဲ့ နွေးထွေးတယ်၊ အတ္တလန္တိတ်သမုဒ္ဒရာကရေက စိမ်းပြာညို့ပြီး ကြည်လင်တယ်၊ ရေခဲတမျှ အေးစက်တယ်၊ လက်ထည့်ကြည့်ရင် ကျင်စက်နဲ့တို့သလိုခံစားရတယ်၊ အေးလွန်းလို့။


အဲဒီနေရာကနေဆို တောင်ဝင်ရိုးစွန်းကို သိပ်မဝေးတော့ဘူး။ 6248 km လောက် ပဲလိုတော့တယ်။

iPhone


It's much more than just a phone! Check out some of its additional functions. (iPhone ကြော်ညာလေးတစ်ခုပါ။ ကြည့်ပြီးရင် ပြုံးရပါမယ်။)


Powered by ScribeFire.