မနေ့တနေ့လောက်က Chinese Garden, Japanese Garden ဘက်ကိုရောက်တယ်။ Japanese Garden မှာ ဘွန်ဇိုင်းလေးတွေတွေ့တာနဲ့ ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ဘွန်ဇိုင်း ပင်လေးတွေဟာ အင်မတန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ စိုက်ပျိုးတဲ့ သူအဖို့ အင်မတန်စိတ်ရှည်ဖို့လည်းလိုပါတယ်။ ဘွန်ဇိုင်း နဲ့ပါတ်သက်ပြီး နဲနဲ ပြောပြချင်ပါတယ်။ အေဒီ ၂၀၀ လောက်က တရုတ်တွေဟာ ပန်းအိုးအသုံးပြုပြီး သက်ကြီးပင်ပု ကလေးများ စိုက်ပျိုးခြင်းကို ရှေးဦးစွာ စတင်ခဲ့ပုံရတယ်။ တရုတ်တိုင်းရင်းဆေးဆရာ တွေဟာ အပင်တွေကို ပန်းအိုးငယ်လေးတွေနဲ့ စိုက်ပြီး သယ်ဆောင်သွားလေ့ရှိခဲ့ကြတဲ့ ဓလေ့ ကနေကူးစက်ခဲ့ပုံရပါတယ်။ ဒီလိုနဲ့ ဒီဓလေ့ဟာ တရုပ်ကနေ ဂျပန်ကို Heian ခောတ်(ကွန်ဖြူးရှပ်ဝါဒ နှင့် တရုပ်ပြည်မကြီး၏လွမ်းမိုးမှု အမြင့်ဆုံးအချိန်) အရောက် မှာ ကူးစက်သွားခဲ့ပါတယ်။ Tokugawa ခောတ်ရောက်တော့ Lanscape garding က အထူးအရေးပါလာပါတယ်။ ရိုးရာအပင်များဖြစ်တဲ့ Azaleas နဲ့ Maple ပင်တို့ကို လူချမ်းသာတွေအိမ်တွေမှာ အလှစိုက်ပျိုးလေ့ရှိလာတယ်။ ပန်းအိုးဖြင့် သက်ကြီးပင်ပုလေးများ စိုက်ပျိုးမှုဟာလည်း တချိန်တည်းမှာ ရေပန်းစားလာတယ်။ အဲဒီခောတ်ကတော့ အပင်တွေက အခုခောတ်လောက် ပုအောင် ညှက်အောင် မစိုက်နိုင်ကြသေးဘူးပေါ့။ တဖြည်းဖြည်းနဲ့ သက်ကြီးပင်ပုလုပ်နည်းတွေ ပိုပိုသိသိလာပြီး ဘွန်ဇိုင်းပင်တွေကိုလည်း ပိုပိုသေးညှက် အောင်လုပ်တတ်လာပါတော့တယ်။ Bonsai ဆိုတဲ့ အခေါ်အဝေါ်ဟာ ၁၉ရာစု နှောင်းပိုင်း မေဂျီခောတ် မရောက်ခင်အထိ ရှိခဲ့ပုံမရပါဘူးတဲ့။ အရင်က Hachi-no-ki (ပန်းအိုး အပင်) လို့ပဲခေါ်ခဲ့ကြပါတယ်။



