Tuesday, March 01, 2016

Two bad bricks by Ajan Brahm

အုတ်ရွဲ့လေး ၂ ချပ်

၁၉၈၃ လောက်က ဘုန်းကြီးတို့ Serpentine ကျောင်းအတွက် မြေ၀ယ်တယ်။ အကြွေးတွေတင်တယ်။ မြေကလွဲလို့ နေစရာ ဘာအဆောက်အဦမှ မရှိဘူး။ ကျောင်းနဲ့တူတာဆိုလို့ အဖီကလေးတောင်မရှိဘူး၊ အိမ်ဆောက်ပစ္စည်းအဟောင်းဆိုင်က ဈေးပေါပေါနဲ့ဝယ်ထားတဲ့ တံခါးချပ်အဟောင်းတွေပေါ်မှာ ညဆို ကျိန်းကြရတာပေါ့။ အဲဒီတံခါးချပ်ဟောင်းတွေကို မြေကြီးနဲ့လွတ်အောင်လို့ ထောင့်တွေမှာအုတ်တွေခံပြီး တင်ထားရတယ်။ အိပ်ရာခင်းမရှိပါ၊ တောရဆောက်တည်နေတဲ့ ဘုန်းကြီးများဖြစ်တာကြောင့် ကိစ္စတော့မရှိပါ။ အဲဒီလိုပဲ သီတင်းပါတ် အနည်းငယ်လောက် သီတင်းသုံးရတယ်။

ဆရာတော်ကြီးအတွက် တံခါးကိုအသွင်ပြောင်းထားတဲ့ကုတင်က ပြန့်ပြန့်ပြူးပြူးရှိတယ်။ ဒါပေမယ့် ဘုန်းကြီးရဲ့ တံခါးကုတင်ကတော့ အလယ်မှာ အပေါက်တစ်ပေါက်ရှိနေတယ်။ တံခါးလက်ကိုင်ဖုဟောင်း တပ်ထားခဲ့တဲ့ အပေါက်ဖြစ်မယ်ထင်ပါတယ်။ အိပ်ဖို့ဆိုတော့ တံခါးလက်ကိုင်ဖု ဖြုတ်ထားတာကောင်းပေမယ့် အလယ်တည့်တည့်မှာတော့ အပေါက်တစ်ပေါက် ဖြစ်နေတာပေါ့။ ဒီတော့လဲ ညအပေါ့အပါး သွားရင် တကူးတက ထစရာမလိုတော့ဘူးပေါ့လို့ အရွှန်းဖောက်လိုက်သေးတယ်။ တကယ်တော့ အဲဒီအပေါက်ကနေ လေတိုးလို့ ညဖက်တွေမှာ ကျိန်းလို့မရခဲ့ပါ။

အဲဒီတုံးက နေစရာကျောင်းတောင်မရှိတဲ့ ဘုန်းကြီးမွဲတွေပါ။ ရှိတဲ့ ၀တ္တုငွေက အုတ်သဲကျောက် ဆောက်လုပ်ရေးပစ္စည်းများ အတွက်တောင်မှ အနိုင်နိုင်ဆိုတော့၊ ပန်းရန်လက်သမား မငှားနိုင်တော့ပါ။ ဒါနဲ့ ဘုန်းကြီးတို့ကိုယ်တိုင် ကျောင်းဆောက်ဖို့ လေ့လာရပါတယ်၊ ဖောင်ဒေးရှင်းဘယ်လိုချမလဲ၊ အုတ်ဘယ်လိုစီမလဲ၊ ခေါင်မိုးဘယ်လိုဆင်မလဲ၊ ရေပိုက်တွေဘယ်လိုဆင်မလဲ စသည်ဖြင့် အများကြီး လေ့လာရ လုပ်ရပါတယ်။ ဘုန်းကြီးက လူ့ဘ၀ တုံးက Physicist သီအိုရီသမား၊ အထက်တန်းပြ ကျောင်းဆရာတယောက် ဆိုတော့ လက်အလုပ် အလုပ်ကြမ်းတွေ မလုပ်ဖူးပါ။ အစမှာအတော်ခက်ခဲပါတယ်။ နောင်နှစ်အနည်းငယ်ကြာတော့ ဆောက်လုပ်ရေးမှာ အတော်ကလေးကျွမ်းကျင်လာကြတယ်။ တချို့ဆို ဘုန်းကြီးတို့အဖွဲ့ကို BBC (Buddhist Building Company) လို့တောင် နောက်ပြောင်ပြီး ခေါ်ဝေါ်ကြပါတယ်။

အုတ်စီတယ်ဆိုတာ အမှတ်မဲ့ကြည့်ရင်လွယ်တယ်ထင်ရတယ်။ သံလျှက်နဲ့ အင်္ဂတေသရိုးတကော်လောက်ခပ်ပြီးတော့ ခင်းလိုက်၊ အဲဒီအပေါ်မှာ အုတ်ကိုအသာလေးတင်၊ သံလျှက်နဲ့ ဟိုနေရာလေး တောက်တောက်၊ ဒီနေရာလေး တောက်တောက် ခေါက်လိုရင်ရပြီ လို့ထင်ခဲ့တာပေါ့။ တကယ်စီကြည့်တော့မှာ ဒီဖက်အစွန်က ခေါက်လိုက်ရင်၊ ဟိုဖက်အစွန်က ထောင်သွားလိုက်၊ ဟိုဖက်အစွန်က ခေါက်လိုက်ရင် ဒီဖက်အစွန်က ထောင်သွားလိုက်၊ Level မညီလို့ညှိရင်းနဲ့ အုတ်က တဖြောင့်ထဲမဖြစ်ပဲ စောင်းသွားပြန်ရော။ ဒါနဲ့ တဖြောင့်တည်းဖြစ်အောင် ပြန်တည့်တော့ ထောင့်စွန်းတစ်ဖက်က ထောင်နေပြန်ပါရော။

ဘုန်းကြီးဖြစ်နေလေတော့ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး စိတ်ရှည်အောင်နေတယ်။ အချိန်ဘယ်လောက်ပဲကြာကြာ အုတ်တစ်ချပ်ချင်း တစ်ချပ်ချင်းကို စိတ်ရှည်ရှည်နဲ့ သပ်သပ်ရပ်ရပ် ကောင်းကောင်းကလေး စီတယ်။ ဒီလိုနဲ့အချိန်တွေ တရွေ့ရွေ့နဲ့ ဘုန်းကြီးရဲ့ ပထမဦးဆုံး အုတ်နံရံပြီးသွားပြီ။

နောက်ကို လေး၊ ငါး၊ ဆယ်လှမ်းလောက်ဆုတ်၊ ကိုယ့်လက်ရာကို ပြန်ကြည့်။ "အိုး..." အဝေးကကြည့်တော့မှ အုတ် ၂ ချပ်တိတိ ရွဲ့နေပါလား။ ရွဲ့နေမှန်း အခုမှပဲသိတော့တယ်။ ကျန်တဲ့ အုတ်တွေအားလုံး စီစီညီညီနဲ့ ကြည့်ကောင်းတယ်။ ဒီ ၂ ချပ်လေးပဲ၊ ကြည့်ရဆိုးလိုက်တာ၊ အုတ်နံရံတစ်ခုလုံးတော့ပျက်ပါပြီ။ အုတ် ၂ ချပ်ကို ဆွဲထုတ်ဖို့ဆိုရင် အင်္ဂတေကလဲ အတော်ခိုင်နေပြီလေ။ ဆရာတော်ကြီးကို အကြိုးအကြောင်း သွားလျှောက်တယ်၊ အုတ်နံရံတစ်ခုလုံးဖြိုပြီး အစကပြန်စီမယ်လို့။ တပည့်တော်လုပ်လိုက်တာ မှားသွားတယ် ကိုယ့်ကိုယ်ကိုယ်လဲရှက်မိပါတယ်ဘုရား ဆိုတော့ ဆရာတော်ကြီးက နံရံကို ဒီတိုင်းပဲထားလိုက်လို့မိန့်တယ်။

ဒီလိုနဲ့ ကျောင်းကို ဒကာဒကာမတွေ အလည်အပါတ်ရောက်လာတော့ ဟိုဟိုသည်သည် လျှောက်ကြည့်ကြတာပေါ့။ လူတွေအလည်လာတိုင်း ဘုန်းကြီးက အုတ်၂ချပ်ရှိတဲ့ နေရာတစ်ဝိုက်ကို တမင်မခေါ်သွားဘူး။ မြင်မှာစိုးလို့။ ဒါပေမယ့် သုံးလ လေးလလောက်ကြာပြီး တစ်ရက်မှာတော့ ဒကာတစ်ယောက်ရောက်လာပြီး ကျောင်းကို လှည့်ပါတ်ကြည့်ရင်း အဲဒီအုတ်၂ချပ်ရှိတဲ့နံရံကို မြင်သွားပါလေရော။

"ဒီနံရံ ကောင်းတယ်ဘုရား" သူက အမှတ်တမဲ့ ပြောတယ်။ ဘုန်းကြီးကအံ့အားသင့်ပြီး... "ကားထဲမှာ မျက်မှန်များ ကျန်ခဲ့လို့လား ဒကာကြီး" လို့ပြောလိုက်တယ်။ "အုတ်ခဲ ၂ ချပ် ရွဲ့စောင်းနေတာ သတိမထားမိဘူးမှတ်တယ်၊ ကြည့်ပါဦး... နံရံတစ်ခုလုံးကြည့်ရဆိုး မနေဘူးလား" လို့မေးလိုက်တယ်။

အဲဒီဒကာ နောက်ထပ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ဘုန်းကြီးရဲ့ အုတ်နံရံပေါ်မှာမြင်တဲ့ အမြင်ရော၊ တခြား ဘ၀အမြင်ရှုထောင့်အတော်များများရော ပြောင်းလဲသွားစေခဲ့တယ်။ သူပြောလိုက်တာကတော့ "မှန်ပါဘုရား.. အဲဒီစောင်းနေတဲ့အုတ် ၂ချပ်ကို မြင်ပါတယ်၊ နောက်ပြီး စီစီညီညီသပ်သပ်ရပ်ရပ်ရှိလှတဲ့ အုတ် ၉၉၈ ချပ်ကိုလည်း မြင်ပါတယ်ဘုရား" တဲ့။

ဘုန်းကြီးခေါင်းထဲမှာ တစ်ချက်လင်းသွားတယ်။ အခု ၃လ လောက် အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒီအုတ် ၂ချပ်တင်မကပဲ တခြားအုတ်တွေကို မြင်နိုင်သွားတယ်။ စောင်းနေတဲ့အုတ်၂ချပ်ရဲ့ အပေါ်၊ အောက်၊ ဘယ်၊ ညာ မှာရှိတဲ့ အုတ်တွေက အလွန်ကောင်းတဲ့ အုတ်တွေပါ။ အတိုင်းထက်အလွန်ပါပဲ၊ ကောင်းတဲ့ အုတ်တွေဟာ စောင်းနေတဲ့အုတ် ၂ ချပ်နဲ့စာရင် တကယ့်ကိုအများကြီးပါ။ အရင်တုံးက ဘုန်းကြီးရဲ့ မျက်လုံးတွေက ဒီ စောင်းနေတဲ့အုပ် ၂ ချပ်မှာပဲ အာရုံပြုမိနေခဲ့တာပါလား။ ကျန်တာတွေကို မကြည့်မိလောက်အောင် အမြင်ကန်းနေခဲ့တာ။ ဒါကြောင့်လည်း ဒီနံရံကို ကိုယ်ကိုယ်တိုင်လဲ မကြည့်ချင်၊ သူများတွေကိုလည်း မပြချင်လောက်အောင်ဖြစ်ခဲ့ရတာပါလား။ အခုတော့လည်း တခြားကောင်းတဲ့အုတ်တွေကို မြင်နိုင်ပါပြီ၊ နံရံကလည်း  ကြည့်ရမဆိုးပါလား။ ခုနက ဒကာပြောသလိုပဲ ကောင်းတဲ့ နံရံတစ်ခုပါပဲလေ။ အဲဒီအချိန်ကစလို့ အခုအချိန် နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့အထိ၊ အဲဒီ မှားနေတဲ့အုတ်၂ချပ်ကို မကြည့်တော့ပါ၊ မမြင်နိုင်တော့ပါဘူး။

ဘုန်းကြီးစဉ်းစားမိတယ်လေ။ အိမ်ထောင်ရေးအဆင်မပြေကြတဲ့သူတွေ သူတို့ရဲ့ အိမ်ထောင်ဖက်တွေ အပေါ်မှာအဲဒီ စောင်းနေတဲ့အုတ်၂ချပ်ကိုသာ မြင်မိတဲ့အတွက် ကွဲကြကွာကြတာ ဘယ်နှစ်ယောက်လောက်များရှိပါသလဲ။ မိမိကိုယ်ကို စောင်းနေတဲ့အုတ်နှစ်ချပ်ကိုသာ မြင်မိခဲ့တဲ့အတွက် စိတ်ကျရောဂါ ဖြစ်နေကြတာ၊ စိတ်ဓါတ်ကျလို့ ကိုယ့်ကိုယ်ကို သတ်သေကြတာ ဘယ်နှစ်ယောက်လောက်များရှိပါသလဲ။

တကယ်တော့ ကောင်းတဲ့အုတ်တွေအများကြီးပါ။ ချွတ်ယွင်းချက် အားနည်းချက် ဖြစ်နေတဲ့ အုတ်၂ချပ်ရဲ့ ဘေးမှာ၊ အပေါ်ဖက်တွေမှာ၊ အောက်ဖက်တွေမှာ ကောင်းတဲ့ အုတ်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ်ကမမြင်နိုင်ခဲ့တာပါ။ ကောင်းတဲ့အုတ်တွေကို မြင်ရမယ့်အစား အားနည်းချက် ချွတ်ယွင်းချက်ကိုပဲ သွားပြီး ဂရုပြုမိနေတတ်တယ်။ အဲဒီချွတ်ယွင်းချက်ကို မမြင်ချင်ဘူး၊ ဖျက်ပစ်ချင်တယ်။ ဒါကြောင့်လည်းတခါတလေမှာ တဒင်္ဂအတွင်း အလွန်ကောင်းတဲ့ အုတ်နံရံအကောင်းကြီးတစ်ခုလုံး ဖျက်မိပြီးသားဖြစ်သွားတတ်တယ်။

ဘုန်းကြီးတို့အပါအ၀င် လူတိုင်း လူတိုင်းမှာ အုတ်ရွဲ့၂ချပ်ကလေးတွေ ရှိကြတယ်။ ဒါပေမယ့် ကျန်တဲ့ကောင်းတဲ့အုတ်တွေက အများကြီးမှ အများကြီးပါ။ ဒီအချက်ကို မြင်နိုင်ပြီ ဆိုရင်၊ ကိစ္စတိုင်း ကိစ္စတိုင်း အရာရာတိုင်း အရာရာတိုင်းဟာ အဆိုးကြီးရယ်လို့ မရှိဘူး။ အခုချိန်ကစလို့ အမှားတွေ၊ ချွတ်ယွင်းချက်တွေ၊ မပြည့်စုံမှုတွေနဲ့ အတူတကွ မိမိကိုယ်တိုင် အေးအေးချမ်းချမ်း နေနိုင်သလို၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက် နဲ့လဲ အေးအေးချမ်းချမ်းနေနိုင်ပါပြီ။ ဒါဟာ သတင်းကောင်းပါ၊ ဒါပေမယ့် အိမ်ထောင်ကွဲတဲ့အမှုတွေနဲ့အလုပ်ဖြစ်နေတဲ့ ရှေ့နေတွေအတွက်တော့ သတင်းဆိုးပေါ့။

ဘုန်းကြီးလဲ ဒီတရားကို တရားဟောတဲ့ထဲမှာ မကြာမကြာဟောတဲ့ထဲမှာထည့်ဟောတယ်။ တရက်တော့ ဆောက်လုပ်ရေးသမား တယောက်ရောက်လာပြီး သူ့တို့ရဲ့လျို့ဝှက်ချက်ကိုပြောပြတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေးသမားတွေလဲ အမြဲလိုလို အမှားလုပ်မိတတ်ကြတယ်ဘုရား၊ ဒါပေမယ့် ကိုယ့်ရဲ့ အလုပ်အပ်နှံသူကိုတော့ ဒီဟာက "Original Feature" ပါ၊ တခြားဘယ်အိမ်မှာမှ ဒါမျိုးဆင်တူတာရှိမှာမဟုတ်ဘူး လို့ဆိုပြီး ၁ထောင် ၂ထောင် တောင်ပိုရအောင်တောင်းလို့ရသေးတယ်ဘုရား လို့ဆိုပါတယ်။

စာရေးသူ ဆရာတော် Ajan Brahm ကို ၁၉၅၁ ခုနှစ်တွင် လန်ဒန်မြို့တွင် ဖွားမြင်သည်။ ငယ်စဉ်က ဗုဒ္ဓဘာသာဆိုင်ရာစာပေများစွာကို လေ့လာဖတ်ရှုပြီး အသက် ၁၆ နှစ်ခန့်တွင်  ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ခဲ့သည်။ Cambridge တက္ကသိုလ်တွင် Theoretical Physics သင်ယူလေ့လာနေစဉ် တရားရှုမှတ်ခြင်းကို စတင်ခဲ့သည်။ ဘွဲ့ရပြီးနောက် အထက်တန်းပြဆရာအဖြစ် ၁ နှစ်ခန့်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ယိုးဒယားနိုင်ငံသို့သွားရောက်ကာ ရဟန်းပြုခဲ့သည်။ ရဟန်းပြုချိန်တွင် အသက် ၂၃ နှစ် သာရှိသေးသည်။ ဥပေဇ္ဈည်ဆရာတော်မှာ Wat Sacket ဆရာတော်ကြီးဖြစ်သည်။ ရဟန်းပြုပြီး ၉ နှစ်တိတိ ဆရာတော် Ajahn Chah ၏ ညွှန်ကြားပြသမှုဖြင့် တောထွက်တရားအားခဲ့သည်၊ ဗုဒ္ဓစာပေများကိုလည်း လေ့လာသင်ကြားခြင်းခဲ့သည်။ ၁၉၈၃တွင် Western Australia, Perth မြို့ အနီးတွင် တောရကျောင်းတည်ထောင်ရန် ညွှန်ကြားသဖြင့် ထိုအချိန်မှစ၍ သြစတေးလျသို့ ကြွရောက်သီတင်းသုံးခဲ့သည်။ ယခု ဆရာတော်၏ "Opening the Door of your Heart" မှ "Two bad bricks" ကို  မြန်မာဘာသာသို့ ဆီလျှော်အောင်ပြန်ဆိုထားပါသည်။

Buddha Mandala Monastery, Chittering

၉၀ ပြည့်လွန်နှစ်များက ဆရာတော်ယွမ်ဖန်ဟာ Pulau Ubin ကျွန်းကနေထွက်ခွာချိန်မှာ ကျွန်းမကြီးဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာသာသနာပြုဖို့ မိမိရဲ့ဆရာ ဆရာတော်ကြီးကိုယ်စား ကြီးမားတဲ့ သကျမုနိဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူတည်ရန် အကြံဖြစ်တယ်။ ၁၉၉၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ဆင်းတုတော်ကြီးအတွက် သင့်လျှော်တဲ့ ကျောက်သား ရှာဖွေဖို့နဲ့ ၁၄ ပေရှည်လျားတဲ့ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်၊ ဥာဏ်တော် ၉ ပေမြင့်သော အလတ်စားဗုဒ္ဓရုပ်ပွားတော် သုံးဆူ နှင့် ဗုဒ္ဓရုပ်ပွားတော်အငယ်စား အဆူပေါင်း ၃၀၀၀ တို့ကို ထုလုပ်ဖို့ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် ကြွရောက်ခဲ့တယ်။ ၁၉၉၅ မှာ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးမှလွဲလို့ ကျန်ရုပ်ပွားတော်များကို ရက်ပေါင်းလပေါင်းများစွာ စင်္ကာပူနိုင်ငံသို့ တဖြည်းဖြည်းချင်း အကြိမ်ကြိမ်အလီလီခွဲပြီး ပင့်ဆောင်နိုင်ခဲ့ပါတယ်။

ဗုဒ္ဓရုပ်ပွားတော်ကြီး ထုလုပ်တဲ့ကာလတလျှောက်မှာ ဆရာတော့်အနေဖြင့်အခက်အခဲမျိုးစုံ တွေ့ကြုံခဲ့ရပါတယ်။ သုံးကြိမ်တိတိ ကတိချိုးဖောက်မှုခံရတယ်။ ပထမအကြိမ် ၁၉၉၆ မှာ ဆရာတော်ဟာ ကျောက်ဆစ် ပန်းတမော့ဆရာ တစ်ဦးနှင့် အတူ ဆင်းတုတော်ထုလုပ်တဲ့ ကျောက်များထွက်ရှိရာ ကျောက်တွင်းအထိသွားပြီးတော့ ရုပ်ပွားတော်ကြီးအတွက် သင့်လျှော်မယ့် ကျောက်တုံးတော်ကြီးကို ရွေးချယ်ပေးခဲ့တယ်။ နောက်တစ်နှစ်မှာ ဆရာတော်ရွေးချယ်ထားခဲ့တဲ့ ကျောက်တုံးတော်ကြီးကို ထိုင်ဝမ်ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုကို ရောင်းချခံလိုက်ရတယ်။ နောက်ထပ် ၁၉၉၇ မှာလည်း ရုပ်ပွားတော်အသစ် ထုလုပ်မယ်ဆိုပြီးတော့ ရန်ကုန်သို့ လေယာဉ်နဲ့ကြွရောက်ခဲ့တယ်။ အခုတကြိမ်မှာ အလွန်ကောင်းပြီး စိတ်တိုင်းကျတဲ့ ကျောက်တုံးတော်ကြီးကိုတွေ့ရှိခဲ့သေးတယ်။ ဒါပေမယ့် ကျောက်ဆစ်ဆရာက ကတိဖျက်ပြီး တခြားနေရာသို့ရောင်းချခဲ့ပြန်တယ်။ နောက်ဆုံး ၁၉၉၉ မှာ ရုပ်ပွားတော်ကြီးတစ်ဆူပြီးစီးခဲ့ပေမယ့်လည်း မျက်နှာတော်ပေါ် ဘယ်ဖက်ခြမ်းမှာ သိသာထင်ရှားတဲ့ကန့်လန့်ဖြတ်အစင်းတစ်ခုရှိနေတာကြောင့် ဆရာတော်ကလက်မခံခဲ့ဘူး။


၁၉၉၃ အရောက်မှာ ဆရာတော်မြန်မာပြည်ကို ကြွတာ ၁၆ ကြိမ်တိတိရှိပြီဖြစ်တယ်။ ဒီခရီးစဉ်အတွင်း မြန်မာပြည်က စီးပွားရေးသမားအချို့နှင့် သိကျွမ်းခင်မင်ခဲ့ရတယ်။ သူတို့ကတဆင့် ထောက်လှမ်းရေးကို  မိမိအလိမ်လည်ခံရတဲ့ ဖြစ်ကြောင်းကုန်စင်ကို အသိပေးခွင့်ရခဲ့တယ်။ ၁၉၉၉ နှစ်ကုန်ပိုင်းလောက်ကျတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့ စင်္ကာပူလုပ်ငန်းရှင် Michael Chan ရဲ့ ဆက်သွယ်ပေးမှုကြောင့် မန္တလေးမှာ သံဃာတော် တစ်ထောင်ကို လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခွင့်ရခဲ့တယ်။ အဲဒီကျောင်းရဲ့ ဆရာတော်ကြီးက ပရိယတ် ကျမ်းဂန်များကို တတ်ကျွမ်းယုံမျှမက ပိဋကသုတ္တန်များအလုံးစုံကို အာဂုံဆောင်နိုင်တယ်လို့ကြားသိရပြီး အလွန်ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။ ၄င်းခရီးစဉ်အတွင်း ဆရာတော်ဟာ မိမိအားလိမ်လည်ခဲ့သူကို ထောက်လှမ်းရေးမှ တရားစွဲကာ ထောင်ငါးရက်ချကြောင်း၊ ပုံစံတူလိမ်လည်မှု နောက်ဆုံးအနေဖြင့် ထိုင်းနိုင်ငံသို့ ရုပ်ပွားတော်တစ်ဆူ ရောင်းချခဲ့ကြောင်း ကြားသိခဲ့ရတယ်။


၂၀၀၀ ခုနှစ်အရောက်မှာ ဆရာတော်ဟာ ကျောက်တွင်းသို့ နောက်ထပ်သွားရောက်ခဲ့ပြီး ရုပ်ပွားတော်ကြီးအတွက် ကြီးမားသည့်ကျောက်တုံးတော်ကို ထပ်ရွေးချယ်ခဲ့ပြန်တယ်။ အဲဒီအတောအတွင်း မန္တလေးက ဆရာတော်ကြီး ကို ၂ ကြိမ်တိတိ သွားရောက်ဖူးမြော်ခဲ့တယ်။ ဆရာတော်ကြီးက ရုပ်ပွားတော်ကြီးကို စောင့်ရှောက်ဖို့ လက်ကျန်ရှစ်လကျော်ကာလအတွက် တစ်လကို ယူအက်စ် ဒေါ်လာတစ်ရာနဲ့ အစောင့်အကြပ်ငှားရမ်းထားဖို့မိန့်တယ်။ နောက်ဆုံး ၂၀၀၁ ခုနှစ်ထဲရောက်တော့ အချောသပ်ပြီးစီးခဲ့ပြီး စင်္ကာပူနိုင်ငံကို ရန်ကုန်မြို့ကတဆင့် ရေလမ်းခရီးနဲ့ ချောမွေ့စွာ ပင့်ဆောင်နိုင်ခဲ့ပါတယ်။


ရုပ်ပွားတော်ကြီးက စင်္ကာပူနိုင်ငံကို ရောက်ခဲ့ပေမယ့် စင်္ကာပူအစိုးရရဲ့တင်းကျပ်တဲ့ စည်းမျဉ်းများနဲ့ ကန့်သတ်မှုတွေကြောင့် မူလစီစဉ်ထားတဲ့ အတိုင်း Sagaramudra Buddhist Institute မှာ ထားဖို့ အခွင့်မရခဲ့ပါဘူး။ အဲလိုနဲ့ ရုပ်ပွားတော်ကြီးကို သဘောင်္ကျင်းပိုင်ရှင် Mr. Tan က သူ့ရဲ့သင်္ဘောကျင်းမှာ ယာယီ စံမြန်းဖို့ သဘောတူခဲ့တယ်။ Mr. Tan ရဲ့ သင်္ဘောကျင်းလုပ်သား ၉၀ ရာခိုင်နှုံးလောက်က မြန်မာတွေပါ။ သူတို့ကပဲ ရုပ်ပွားတော်ကြီးကို ဆွမ်း၊ ရေချမ်း၊ ပန်းမန်များဖြင့် နေ့စဉ်ပူဇော်ခဲ့ကြတယ်။ ဒါ့အပြင် နေဒဏ်၊ မိုးဒဏ် ခံနိုင်ဖို့ သံမဏိအမိုးအကာကြီးတောင် စုပေါင်းဆောက်လုပ်ပေးခဲ့ပါတယ်။ နောက်ဆုံး ရုပ်ပွားတော်ကြီးကို ၂၀၀၅ ခုနှစ် ပထမသုံးလပတ်ကာလအတွင်းမှာ Western Australia, Chittering အရောက် အောင်မြင်စွာပင့်ဆောင်နိုင်ခဲ့တယ်။ သြစတေးလျကို မပင့်ဆောင်ခင် ကာလရှည်ကြီးအတွင်း စင်္ကာပူ သဘောင်္ကျင်းမှာပဲ တိတ်ဆိတ်စွာ စံနေတော်မူခဲ့ရပါတယ်။


Buddha Mandala ကျောင်းအတွက် မြေနေရာ ၀ယ်ယူတဲ့အချိန်ကဆရာတော် ဒုတိယအကြိမ်ခွဲစိတ်မှုမှ သက်သာစဖြစ်တယ်။ အဲဒီအတောအတွင်းမှာပဲ ကျောင်းဆောက်ဖို့ သြစတြေးလျအစိုးရဆီကို လျှောက်လွှာများ၊ လုပ်ထုံးလုပ်နည်းများ ကိုင်တွယ်ရတယ်။ အခက်အခဲကတော့ ရန်ပုံငွေပြတ်လပ်သွားတာပါပဲ။ ကံကောင်းထောက်မလို့ ၂၀၀၇ ခုနှစ်မှာ  စီးပွားရေးပြန်လည်နာလန်ထလာတာကြောင့် စတော့ရှယ်ယာဈေးကွက် တွေပြန်ကောင်းလာတယ်။ သဒ္ဓါထက်သန်လှတဲ့ ဒါယိကာတစ်ဦးက ဆရာတော်ရဲ့သာသနာပြုအစီအစဉ် ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ဒေါ်လာ၂သန်းကို တစ်ဦးတည်း ရက်ရောစွာလှူဒါန်းခဲ့လို့ ကျောင်းတော်ကြီးကိုဆက်လက်ဆောက်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလို အတားအဆီးတွေ အနှောင့်အယှက်တွေ အများကြီးကျော်လွန်ပြီးနောက် ၂၀၀၈ ခုနှစ်မှာ ဗုဒ္ဓရုပ်ပွားတော်ကြီး စံမြန်းဖို့ကျောင်းတော်ကြီးကို စတင်တည်ထောင်နိုင်ခဲ့ပါသည်။ ကျောင်းတော်ကြီးရဲ့ အမည်ကို Buddha Mandala ကျောင်းတိုက်လို့ အမည်ပေးခဲ့ပါတယ်။


အခု ကျောက်ဆင်းတုရုပ်ပွားတော်မြတ်ကြီးဟာ ဥာဏ်တော် ၉ မီတာမြင့်တယ်၊ အလေးချိန် တန် ၅၀၊ ကြာပလ္လင်နှင့်တကွ တန်ပေါင်း ၆၀ အလေးချိန်ရှိတယ်။ ရုပ်ပွားတော်ကြီးနေရာချထားဖို့ တန် ၁၀၀ အား ကရိန်းတစ်စီး၊ တန် ၂၀၀ အားကရိန်း တစ်စီး၊ စုစုပေါင်း ကရိန်းကြီး ၂ စီးအသုံးပြုခဲ့ရတယ်။ ရုပ်ပွားတော်ကြီးရဲ့ အရွယ်အစားကြီးမားမှုကြောင့် ခန်းမဆောင်ကြီးဆောက်လုပ်ခြင်းကို ရုပ်ပွားတော်ကြီး နေရာတကျထားပြီးနောက်မှသာ စတင်နိုင်ခဲ့ပါတယ်။ ခန်းမဆောင်ကြီး ဆောက်တော့ ပြဿနာ ၂ ခုရှိခဲ့တယ်။ ပြဿနာတစ်ခုက ရုပ်ပွားတော်ကြီး ညာဖက်ကို ၁၀ စင်တီမီတာလောက် စောင်းနေခဲ့တာပါ။ နောက်ပြဿနာတစ်ခုကတော့ ခေါင်မိုး အလွန်နိမ့်နေခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် အဓိက၀င်ပေါက်ကနေ ဖူးလျှင် ရုပ်ပွားတော်ကြီးမျက်နှာတော်ကို ကောင်းကောင်းမဖူးနိုင်ဘူး။ အဲဒီပြဿနာကို Mr. Ho Whye Chong က ခေါင်မိုးကို ၁.၅ မီတာ မြှင့်ဖို့အဆိုပြုပြီး ၂၀၁၁ တွင် စမြှင့်ခဲ့တယ်။ တချိန်တည်းမှာပဲ အီလက်ထရွန်းနစ် အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ David က Air Jets လေးလုံးသုံးပြီး ရုပ်ပွားတော်ကြီး ညာဖက်ခြမ်းကို ၁၁ စင်တီမီတာလောက် ပြန်ပြီးမြှင့်တင်နိုင်ခဲ့တယ် (၁ စင်တီမီတာပိုရတာက ရုပ်ပွားတော်ကြီး၏ ဒြပ်ထုနှင့် အသေအချာတွက်ချက်ပြီးလိုက်လျောညီထွေဖို့ တမင်မီးစောင်းပေးထားတာဖြစ်ပါတယ်)။ ဒီလိုနဲ့ ယခုဖူးမြင်ရတဲ့အတိုင်း ခန့်ညားသပ္ပါယ်စွာ စံမြန်းနိုင်ခဲ့ပါတယ်။


Buddha Mandala ကျောင်းတော်ကြီးက ရုပ်ပွားတော်ကြီးဟာ လက်တော်ဖြင့်မြေကြီးကိုထိနေသည့်အသွင်ရှိတဲ့ ဘူမိဖဿမုဒြာ ကျောက်ဖြူသား ရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ သြစတေးလျ အစိုးရက အီကွေတာတောင်ဖက်ခြမ်းတွင် အကြီးမားဆုံး ထိုင်တော်မူ ကျောက်သားဆင်းတုတော်ကြီးဖြစ်တယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။ ၂၀၁၂ အစောပိုင်းက ရုပ်ပွားတော်ကြီး စံတော်မူသည့် ခန်းမကြီးကို တရားဝင် အသုံးပြုခွင့် ရခဲ့ပါတယ်။ လက်ရှိမှာ မဟာယာန၊ ထေရဝါဒနှင့် ၀ဇီရယာန စသည့် ဗုဒ္ဓဘာသာဝင်များစွာတို့သည် ကျောင်းတော်ကြီးကိုလာရောက်ပြီး ရုပ်ပွားတော်ကြီးကို ဖူးမြော်နေကြပါတယ်။ သြစတေးလျက တရုတ်၊ ထိုင်ဝမ်၊ စင်္ကာပူနှင့်မလေးရှား၊  ဗမာ၊ ထိုင်း၊ တိဘက် လူမျိုးအသီးသီးတို့က လည်း ကျောင်းတော်ကြီးသို့ လာရောက်ဖူးမြော်ကြနေပါတယ်။


အခုအခါမှာတော့ ရုပ်ပွားတော်ကြီးမှာ Chittering ရဲ့ ကျယ်ပြန့်လှပတဲ့ ကောင်းကင်ပြာကြီးနောက်ခံနဲ့ အဖြူရောင်တိမ်တိုက်တွေရဲ့ကြားမှာ မားမားစွင့်စွင့် စံနေတော်မူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီးရဲ့ စံနေတော်မူတဲ့ အနေအထားကို ဖူးရတာနဲ့တပြိုင်နက် အငြိမ်းဓာတ်ကြီး ထုတ်လွှင့်နေသည့်ပမာ အေးချမ်းမှုကိုခံစားမှာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ စိတ်တော်ကြီးမြတ်မှု ပြယုဂ်ဖြစ်တဲ့ မဟာကရုဏာတော်ရဲ့ ရောင်ပြန်ဟပ်မှု ဆိုလျှင် မှားအံ့မထင်ပေ။  ဖူးမြင်သူတိုင်း ကြည်ညိုသဒ္ဓါစိတ်တို့ဖြင့်၊ သဒ္ဓါပီတိဂွမ်းဆီထိ ဆိုသလိုဖြစ်ကြမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါတည်တန့်လင်းစေသောဝ်။

Friday, January 15, 2016

နိုင်ငံခြားကသာမန်သူဌေး

လူအများစုချမ်းသာတဲ့နိုင်ငံတွေမှာ သာမန်သူဌေးဖြစ်ရတာ ကောင်းပေမယ့်၊ မြန်မာသူဌေးလိုတော့ ဆရာ့ဆရာ့နဲ့ ခေါ်တဲ့တပည့်တွေ၊ သမီးကလေ သမီးကလေနဲ့ တပည့်မတွေ၊ လက်တိုလက်တောင်းခိုင်းလို့ရမဲ့လူတွေနဲ့ သက်သက်သာသာနေလို့မရဘူးပေါ့။ ကိုယ့်ဝန်ထမ်းတွေက ကိုယ့်တာဝန်ကိုကျေအောင်လုပ်မယ်၊ Job description ထဲမှာမပါတာဆိုဘာမှလုပ်မှာမလုပ်ဘူး။ သူဌေးလုပ်တဲ့သူကတော့ အောက်ခြေသိမ်းပါလုပ်ရတော့တာပေါ့။ သန့်ရှင်းရေးသမားထားပေမယ့် သူ့ shcedule နဲ့သူလာတာ ဆိုတော့ အရေးပေါ်လိုရင် အိမ်သာလဲဆေးရမှာပဲ၊ နောက်မှ Keep Your Toilet Clean ဆိုပြီးစာထုတ်တန်ထုတ်ပေါ့။ Sink ပိတ်ဆို့နေရင် ဆို့ပြန်လို့။ ကော်ဖီကုန်ပြီဆိုရင် ကုန်ပြန်ပြီဟ။ နွားနို့ကုန်ရင်ကုန်ပြန်ပြီဟ ပြေးဝယ်။ Coffee machine ပျက်ရင်ပြင်။အမှိုက်တွေ့ရင်ကောက်။ လူတွေပြန်သွားချိန်ကျမှ Delivery ရောက်လာရင် Fork lift တက်မောင်းတန်တက်မောင်းပေးရဦးမယ်။ ပုံးကြီးမနိုင်မနင်း မလာလို့ ပြာပြာသလဲပြေးကြိုမယ့်သူရှိမှာမဟုတ်ဘူး။ အမေစု အမတ်တွေကို အမှိုက်ကောက်ခိုင်းတာ အလကားမဟုတ်ဘူး။ ဒီလို အောက်သက်ကြေအောင်နေမှာ။

ငွေကျပ်တယ်ဆိုတာ

လွန်ခဲ့တဲ့ ၂၀ နှစ်လောက်က အာရှဓနဘဏ်က အိမ်ပေါင် လုပ်ငန်းပေါင်ကို ဗဟိုဘဏ်ထက် ၄ဆလောက် ငွေပိုချပေးမယ် ဆိုပြီးမားကက်တင်းလုပ်တော့ သူတို့ဆီကအတိုးယူ ၊ နဂိုမူလဗဟိုဘဏ်မှာ ချေးထားတာလေးပြန်ဆပ်၊ ပိုတာလေးနဲ့ လှဲ့လုပ်။ အတိုး ကတလကို ၂.၇၀% ။ နောက်တော့ ဘဏ်ပြိုလဲတော့ သူတို့ပဲ အတင်းချေးထားတာတွေ အတင်းပြန်တောင်း ၊ ဘယ်နေ့တရားရုံးလာခဲ့ပါ ဘာညာ။ ဒီတော့ ရိုးမကနေလားပြန်ချေး အာရှဓနကို ပြန်ဆပ်၊ နောက် ကမ္ဘောဇ ကပိုပေးတော့ ကမ္ဘောဇကပြန်ချေး ရိုးမပြန်ဆပ်။ အတိုးတွေပေါင်းရင်ကို အရင်းထက်ပိုများတယ်။ အဲတုံးက မြေတွေဝယ်၊ ၀ယ်တဲ့မြေတွေကို ပြန်ပေါင်၊ ရတဲ့ ချေးငွေနဲ့ ထပ်ပြီး မြေတွေဝယ်၊ ဆင့်ဆင့်ပြီး ၀ယ်ပစ်ပြီးတော့ မြေဈေးတွေကျကုန်တာ "မြေမြိုခံရတယ်" လို့ခေါ်တဲ့ လူတွေရှိသေးတယ်။ နောက် မြစ်သားတို့ ပခုက္ကူတို့ ဘာတို့ဘက်မှာ ကြက်သွန်တွေ အချိန် ၁၀ သိန်း သိန်း ၂၀ တွေလှောင်ကြ၊ ကြက်သွန်တွေ export ပိတ်၊ အကုန်ပုတ်၊ အညှောင့်တွေထွက်တာကထွက်၊ ရေစည်လန်ဖြစ်တာတွေကဖြစ်ကုန်။ ပဲတွေလှောင်၊ ပိုးထွက်တော့ ဆေးအုပ်ရ လူလိမ်တွေခံရ။ ငရုတ်တွေလှောင်၊ တရုတ်ကမဆွဲ တော့ ရှိသမျှ အကုန် ပြုတ်။ နှမ်းနက်တွေ တရုတ်ဆွဲတော့ ဓါတ်ခဲနဲ့ ဆိုးရောင်းတဲ့ တောပွဲစားတွေကရှိသေး၊ ခဲတွေများရောလိုက်တာပြန်သန့်စင်ရတော့ စီချွမ်မှာ တောင် ချောက်ကြီးတစ်ခုပြည့်သွားတယ်ဆိုပဲ။ စိတ်မထင်မထင်သလို တော်ကြာဖွင့်လိုက် တော်ကြာပြန်ပိတ်လိုက်။ နောက်ဆုံး ချုပ်ရရင် နိုင်ငံရေးမတည်ငြိမ် တရားဥပဒေ စိုးမိုးမှုမရှိရင် ကောင်းရောင်းကောင်းဝယ်ဆိုရင် ဘာလုပ်လုပ် ဖြစ်ထွန်းမှာမဟုတ်ပါဘူး။

Tuesday, December 10, 2013

မန်းကျည်းတစ်ညှို လူတစ်ကိုယ် တမာတစ်ကိုင်း လူသင်းင်္ချိုင်း

မြန်မာစကားမှာ မန်းကျည်းတစ်ညှို လူတစ်ကိုယ် တမာတစ်ကိုင်း လူသင်းင်္ချိုင်း ပြောစမှတ်ပြုကြတယ်။ အဲဒါမှန်တယ်။ မန်ကျည်းပင်ဆိုတာ အံ့သြလောက်အောင် အင်မတန်ခိုင်တဲ့အပင်ပါ။ တော်ရုံနဲ့ မကျိုးတတ်ပါ။ မန်ကျည်းကိုင်း လက်ညှိုးလုံးလောက် ရှိလျှင် လူတစ်ကိုယ်စာလောက်ကတော့ အေးအေးဆေးဆေးနိုင်တယ်။ တအိအိနဲ့ ညွှတ်ရင်ညွှတ်ကျသွားမယ်၊ ကျိုးတော့မကျဘူး။ တမာပင်ကတော့ ဒီလိုမဟုတ်ပါ။ လက်ဖျံလောက် လက်မောင်းလောက်ကိုင်းကြီးတွေတောင်မှ အခန့်မသင့်ရင် ကျိုးလွယ်တယ်၊ ဆတ်တယ်။ မောင်သာဖြိုးတို့ငယ်ငယ်တုံးက သစ်ပင်တွေပေါ်တက်ကစားရင် လူကြီးတွေက မကြိုက်ဘူး၊ အထူးသဖြင့် တမာပင်တို့ဘာတို့ပေါ်တက်မဆော့စေချင်ကြဘူး။ တမာပင်တင်မကပါဘူး။ စိန်ပန်းတို့ ဒန့်သလွန်တို့ ငုတို့ ကုက္ကိုလ်တို့ နွှယ်တဲ့ အပင်တွေအားလုံး ကျိုးလွယ်ကြတယ်၊ ဆတ်ကြတာချည်းပဲ။

မန်ကျီးဆိုပုတ် ဇီးဆိုခုတ်

မောင်သာဖြိုးတို့ အညာမှာ ဇီးသီးတွေများ တယ်ပေါတယ်။ အလေ့ကျပေါက်တာ။ ဇီးသီးအချဉ်သီးပင် တွေဆိုရင် သိပ်မာတာ၊ ဘာပိုးမှမကျဘူး၊ ဘာမှ ရေလောင်းပေါင်းသင်စရာမလိုဘူး။ အချိုသီးပင်တွေကတော့ ပိုးဖောက်တတ်တယ်၊ နုတယ်။ သဘာဝအလျှောက် ပေါက်တာကတော့ အများအားဖြင့်အချဉ်ပင်တွေ များတယ်။ ရွာတွေမှာဆို တချို့ကလဲ ခြံစည်းရိုးအနေနဲ စိုက်ကြတာပေါ့။ ဇီးပင်က ခြုံပင်မျိုး၊ နှင်းဆီဆူးလို ဆူးမျိုးရှိတော့ ဆူးတတ်တယ်။ ဇီးခြုံထဲဝင်တိုးတဲ့အခါ အခန့်မသင့်ရင် အကျီင်္တွေ ဘာတွေ တဗျိဗျိနဲ့ ပြဲတတ်တယ်။ အညာမှာ ဆောင်းတွင်းရောက်ရင် ညမှာကျတဲ့ နှင်းငွေ့ကလေးခံပြီး ဇီးသီးတွေဖြိုင်ဖြိုင်သီးတာပေါ့။

ဇီးပွင့်တွေပွင့်ပြီဆိုလဲ မြောက်ပြန်လေကလေး ဝှေ့တိုင်းမှာ တသင်းသင်းနဲ့မွှေးတတ်တာ၊ ဇီးပွင့်ကလေးတွေက နားကပ်နဲ့တူလို့ ကလေးမလေးတွေဆိုရင် တံတွေးဆွတ်နားမှာကပ်ပီး စိန်နားကပ်ဆိုပြီးဆော့ကြတာပေါ့။ ဆောင်းကုန်ခါနီးဆို ဇီးသီးတွေအမှည့်ဆုံးရာသီပေါ့။ အသီးကလေးတွေ နီညိုရောင်သန်းလာပြီဆိုရင် အပင်ကို ကိုင်းကနေကိုင်ပြီး ခပ်ကြမ်းကြမ်းလှုပ်လှုပ်ချရတယ်၊ မိုးသီးများကြွေကျသလို တဗြုံးဗြုံး တဝေါဝေါနဲ့ ကြွေကျတာ။ "မကျီးဆို ပုတ်၊ ဇီးဆိုခုတ်" တဲ့ ဆိုရိုးစကားရှိတယ်။ ဇီးပင် သီးအောင် တစ်နှစ်တစ်ခါ ခုတ်ပေးရတယ်။ သိုးဆောင်းစကားနဲ့ပြောရင်တော့ Trim လုပ်ပေးရတာပေါ့။ မောင်သာဖြိုးတို့ငယ်ငယ်က ဇီးသီးကောက်ရင် ဇီးသီးအမှည့်ပျော့တွေကို ဖိနပ်နဲ့ နင်းမိတဲ့အခါ ချွဲစိချွဲဖတ်နဲ့ ကပ်နေတော့တာပဲ၊ တုတ်ခညောင်းနဲ့ ခြစ်ခြစ်ချရတာပေါ့။ အဲဒီ ကောက်ထားတဲ့ ဇီးသီးတွေကို နေလှမ်းရတယ်၊ ၄-၅ ရက်လောက်လှမ်းပြီးရင် ခြောက်သွားတတ်ပါတယ်။

မောင်သာဖြိုးတို့အရပ်မှာ ဇီးသီးခြောက်ကို တင်းတောင်း ပြည်တောင်းနဲ့ ချိန်ပြီးတော့ဝယ်ကြတယ်။ ဇီးသီးချိန်တဲ့အခါမှာ တင်းတောင်းပေါ်ကို နဲနဲမောက်မောက်ဖောင်းဖောင်းလေးချိန်ပြီးဝယ်ကြရတယ်၊ "မုန့်ဖောင်း" လို့ခေါ်တယ်။ ပြန်ရောင်းတဲ့အခါ တင်တောင်းကို အတိထားပြီးရောင်းတယ် "ဇလုပ်တိုက်" (ဆန်တုတ်တိုက်) လို့ခေါ်တယ်။ ၀ယ်ဈေးနဲ့ရောင်းဈေး က မကွာဘူး၊ ဥပမာ အဲဒီခောတ်တုံးက တစ်တင်းကို ၁၀၀ နဲ့ဝယ်တယ်ဆိုပါစို့၊ ရောင်းဈေးက ၁၀၅ လောက်ပေါ့။ အဲဒီ ဇလုပ်တိုက်နဲ့ မုန့်ဖောင်း ကြားက ကွာတဲ့ဇီးသီးကလေးတစ်ပြည်မရှိတစ်ရှိလောက်က ပွဲခသဘောပေါ့။ တခါတလေ ၀ယ်ရင်းရောင်းရင်းနဲ့ ဈေးတက်ရင်တော့ မြိုးမြိုးမြက်မြက်ရတာပေါ့။

ဇီးသီးကို ၀ယ်ပြီးရင် အိတ်ထဲ ထိုးသိပ်မထည့်ရဘူး။ ဇီးသီးအစေ့နဲ့ အခွံကြားက လေတွေထွက်ပြီး ကျုံ့ကုန်တတ်တယ်။ တင်းနဲ့ချိန်ရောင်းရမှာဆိုတော့ ဇီးသီး ကျုံ့ကုန်ရင် ကိုယ့်ပိုက်ဆံလဲ ကျုံ့မယ်လေ။ ဒီတော့ လေဟာပြင်မှာ ဒီလိုပဲပုံထားရတာ၊ နေကလေးပူပူဆို ဇီးသီးလေးတွေ ပြန်တင်းတာပေါ့။

ဇီးသီးခြောက်ကို ဇီးခွဲစက်သမားတွေဝယ်တယ်။ ဇီးခွဲစက်သမားတယောက်ဆို ကိုယ့်ဇီးသီးတွေတစ်ဆုပ်လောက်ကို အုတ်နီခဲနဲ့ ဇီးစေ့တစ်စေ့ချင်းထုပြီး အထဲကအဆံတွေရေပြီးမှ ဈေးဖြတ်တယ်။ ဇီးသီးအစေ့ထဲက အဆံကို တရုတ်ပြည်ပို့တာတဲ့။ မန္တလေးဖက်မှာ ဇီးဆံကုန်သည်တွေရှိတယ်။ အရောင်းအ၀ယ် ပမာဏဘယ်လောက်များလဲ ဆိုတော့ တစ်နေ့တစ်နေ့ငွေရှင်းပေးဖို့ ပိုက်ဆံတွေကို အိပ်ခန်းလိုအခန်းမျိုးနဲ့ထည့်ထားရတာတဲ့။ ဇီးဆံက အင်မတန် ဆေးဖက်ဝင်တယ်တဲ့၊ နှလုံးဆေးဆိုလား ထုတ်လုပ်တာတဲ့။ ဇီးသီးမှာ အဆံကအဓိကအဖိုးအတန်ဆုံးမို့ ဇီးခွဲစက်သမားတွေက အစေ့နဲ့အခွံနဲ့ကပ်နေတတ်တဲ့ ဇီးသီးနောက်တစ်မျိုးကို ၂ ဆလောက်ဈေးကောင်းပေးပြီးဝယ်တယ်။ အဲဒါကို ကပ်စေ့ လို့ခေါ်တယ်။

ဇီးဆံမထုတ်ခင် ရိုးရိုးဇီးသီးဆိုရင် ၂ဆင့် လုပ်ယူရတယ်၊ အစေ့လုံးလုံးကလေးတွေထွက်လာအောင် စပါးဖွပ်သလို စက်နဲ့အရင်ဖွတ်ပစ်တာ၊ နောက်မှ အစေ့ကလေးတွေကို အဆံထုတ်ဖို့ထပ်ခွဲပစ်တာ။ ကပ်စေ့ကတော့ ဖွတ်စရာမလိုတော့ဘူးပေါ့။ ကြုံ့တယ်၊အဆံထုတ်တဲ့ တစ်ဆင့်ပဲရှိတယ်၊ ဒါကြောင့် ဈေးကောင်းရတယ်။ နောက်တစ်မျိုးရှိသေးတယ် ဆိတ်စားစေ့တဲ့။ ဆိတ်တွေက ဇီးသီးကိုစားပြီး မစင်ပြန်စွန့်တော့ ဆိတ်ချေးလုံးလေးတွေအစား အခွံမပါတော့တဲ့ ဇီးစေ့လေးတွေပြန်စွန့်တယ်။ ဇီးသီးကို အော်ဂဲနစ်နည်းနဲ့ ဖွတ်လိုက်တဲ့သဘောပေါ့။ သူက ကပ်စေ့ထက် အဆံပိုပြည့်တာမို့ ဈေးလဲနဲနဲပိုသာတယ်။ နောက်ပြီးတော့ရိုးရိုး လက်နဲ့ ဆုံနဲ့ဖွတ်ထားတဲ့ ဖွတ်စေ့ ဆိုတာရှိသေးတယ်။

တရုတ်ဖက်က အ၀ယ်အဆွဲကောင်းတဲ့အခါ ဇီးသီးကို အလုအယက်ဝယ်ရတဲ့ အခါမျိုးတွေရှိတယ်။ မနက်မလင်းခင် လေးနာရီလောက်ထ မိုးကာလိပ်ကြီး စက်ဘီးပေါ်တင်ပြီးမြို့ပြင် မင်းရာမအ၀င်လမ်းဖက်ထွက် ရွှေညောင်ဖူးကျောက်ချပ်က ဇီးသီးလှည်းတန်းတွေ သွားစောင့်ရတယ်။ ကိုယ့်ထက်ဦးတဲ့ အ၀ယ်သမားတွေတွေ့ရတတ်တယ်။ တစ်ယောက်ဆို မိန်းမတန်မဲ့ ဓားထမ်းပြီးဝယ်တယ်။ သူက ယောင်္ကျားစိတ်ပေါက်နေတာလဲပါတာပေါ့လေ။ သူ့ကြည့်ပြီး ရွဲကုန်သည် ၀တ္တုတောင်သတိရမိသေးတယ်။

ဇီးခွံအပြင်အသားခွံကိုတော့ အချိုရည်သမားတွေ၊ ယိုသမားတွေ၊ မုန့်သမားတွေ၊ ဇီးတော်ဖီသမားတွေဝယ်တာပေါ့။ သူတို့ ဘယ်လိုပြန်သန့်စင်သလဲတော့မသိပါ၊ နဂိုမူလကတော့ တောကလာကတည်းက ဇီးသီးဆိုတဲ့အမျိုးက ဖုန်တလောင်းလောင်းနဲ့ချည်းပါပဲ။

ဇီးသီးအဆံထုတ်ပြီးအခွံကို ဇီးခွဲခြမ်းလို့ခေါ်တယ်၊ အဲဒါကိုလောင်စာအဖြစ်သုံးတယ်။ ဇီးသီးတစ်လုံး လူ့အသုံး လို့ဆိုရလောက်အောင် ဇီးသီးတစ်လုံးမှာလွှင့်ပစ်ရတာဆိုလို့ဘာမှမရှိပါ။ ဇီးခွဲခြမ်းတွေက ရာသီချိန် ဆိုရင် ဇီးခွဲစက်သမားတွေအတွက် အမှိုက်သာသာပဲလေ။ အမြန်ရောင်းချင်ကြတာပေါ့။ ဈေးက အဲဒီခောတ်က ကားတစ်စီးတိုက်မှ သောင်းဂဏန်းလောက်ရှိတာ။

အဲဒါတွေ ၀ယ်ပြီးသကာလ သမဂိုဒေါင်အကန့်၂ တွဲ ၃တွဲငှားပြီးလှောင်ကြတယ်ဆိုပါတော့။ ရာသီချိန်ကုန်ရင် စက်သမားတွေကိုလောင်စာအဖြစ် ပြန်ရောင်းမယ်ပေါ့။ ဖြစ်ချင်တော့ သမဂိုဒေါင်က ၀ါးကာ သွပ်မိုး၊ တစ်ဖက်ခြမ်းမှာ မှိုစိုက်တဲ့သူတွေက ငှားထားတယ်။ မှိုကရေမှန်မှန်လောင်းပေးရတယ်။ ဇီးခွဲခြမ်းက တောင်ပုံရာပုံဆိုတော့ မှိုသမားဖက်က ရေတွေတစ်နေ့နဲနဲစီ စီးပြီး လနဲ့ချီလာတော့ ဇီးခွဲခြမ်းအပုံကြီးအောက်မှာ ဆွေးပြီး Compost ဖြစ်ပြီးတော့ တစစနဲ့လှိုက်လှိုက်ပြီး ပူလာတာပေါ့။ ပူလွန်းမကပူတော့ မီးခိုးတွေတစ်အူအူနဲ့ထွက်လာပါလေရော။ အဲဒါ ဖြစ်ဖြစ်ချင်းသိလို့ တူးထုတ်ရတယ်၊ ဂလိုင်ဖြစ်နေတဲ့အခဲတွေဆို မည်းချိတ်နေလို့ မီးသွေးဖုတ်ထားသလားမှတ်ရတယ်။ ပေါက်ပြားနဲ့ထိလိုက်တာနဲ့ မီးပွားကလေးတွေပါထွက်တယ်။ သကြားစက်သမား၊ နို့ဆီစက်သမားတွေကို အမြန်သွားစပ်ပြီး ရတဲ့ဈေးနဲ့ရောင်းပစ်ရတယ်။ ကိုယ်ဗိုက်နာနေမှန်းသိတော့ ဈေးနှိမ်ကြတာပေါ့။ မရှုံးဘူးထင်ရပေမယ့် ဂိုဒေါင်ခတွေပေးပြီးတော့ မြတ်လည်းမမြတ်တော့ပါ။ ကံကြီးပေလို့ ဂိုဒေါင်တစ်လုံးလုံး မီးမလောင်တာ။

လမ်းအချိုးမှာ ပန်းသူခိုး

မောင်သာဖြိုးတို့ ကလေးတုံးက ကိုဖိုးလုံးဆိုတဲ့ အိမ်နားနီးချင်းတယောက်ရှိခဲ့ဖူးတယ်။ သူ့ခမျာ ကံမကောင်းအကြောင်းမလှလေတော့ ခြေသိပ်မသန်ရှာဘူး။ ဒါပေမယ့် ပျော်ပျော်နေတတ်တယ်။ ထွေပစ်၊ သာရေကွင်းပစ်၊ ဒိုးထိုး၊ လက်တောက်ခုံတောက် သူပဲနိုင်တာများတယ်။ အိမ်နားမှာ ငရုတ်လှမ်းတဲ့ နီနီရဲရဲ ကွင်းကျယ်ကြီးတွေရှိတယ်။ အဲဒီကွင်းမှာ ငရုတ်ရွေးလိုက်တဲ့ ရုပ်ရည်သနားကမား ကောင်မလေးတယောက်ရှိတယ်။ သူလဲလေ လောကီသားပေမို့ ကိုဖိုးလုံး အဲဒီကောင်မလေးကို မျက်စေ့ကျတယ်ထင်ပါရဲ့။ တနေ့တော့ စာလိုက်ပေးပါလေရော။ အဲဒီကောင်မလေးက ငရုတ်ကွင်းက လူကြီးလုပ်တဲ့သူကို ကိုဖိုးလုံး ကျမကိုစာလိုက်ပေးပါတယ်ဆိုပြီးတော့ ပြန်တိုင်တာပေါ့။ တကတည်း... စာကရိုးရိုးမဟုတ်ဖူး၊ ကဗျာဖြစ်နေပါရော။ တကြောင်းမှာ ဘာရေးထားသလဲဆိုတော့ "လမ်းတလျှောက်မှာ ပန်းကောက်တဲ့သူမဖြစ်ရပေမယ့်၊ လမ်းအချိုးမှာ ပန်းသူခိုးမဖြစ်ရပါစေနဲ့" ဆိုလားပဲ။ မောင်သာဖြိုးတို့မှာ သူ့စာကိုတိုက်ရိုက်မဖတ်လိုက်ရပေမယ့် ပြန်ပြောပြတိုင်း ရီလိုက်ကြရတာ။ ကိုဖိုးလုံးရယ် ကဗျာစပ်ဖို့ ကာရန်ရှားလှချေလားဆိုပြီးတော့။

Thursday, August 05, 2010

New MyanmarLensman.com Generation 2

We have launched new MyanmarLensman.com Gen 2 successfully on last Sunday, 1st August 2010.

http://MyanmarLensman.com

Friday, March 28, 2008

မင်္ဂလာရက်မြတ်


သူမ နဲ့ ကျနော် ဒီလ ၂၃ ရက်နေ့ တနင်္ဂနွေ နေ့ က လက်မှတ်ထိုး လိုက်ကြတယ်။ အစက ROM (Registry of Marriage) မှာ ထိုး မလို့။ နောက် တော့ ၃ လလောက် စောင့်ရမှာ ဆိုတာနဲ့၊ အိမ်မှာ ပဲ လုပ်တော့ မယ်ဆိုပြီး အစီအစဉ်ပြောင်း လိုက်တယ်။ လက်ထပ် လက်စွပ်လေးတွေ ကိုတော့ Lee Hwa Jewellery မှာ ၀ယ်လိုက်ကြတယ်။ စိတ်ကြိုက်လက်စွပ်တွေ့တော့ ရွေးဝယ်လိုက်တယ်။ Lee Hwa က အရွယ်အစားလေး နဲနဲ ပြန်ညှိပေးတယ်။ ၁၀ ရက်စောင့်ရတယ်။ လက်စွပ် ချည်တဲ့ မင်္ဂလာ ခေါင်းအုံး အဖြူရောင် လေး တစ်ခု လက်ဆောင်ရတယ်။

Solemnise လုပ်ပေး ဖို့ မြို့နယ် လူကြီး တစ်ယောက် ကြိုဖိတ်ထားရတယ်။ West Coast Community Center က Ms Sim Seo Lim က ကြွရောက် ချီးမြှင့် လက်ထပ် ပေးပါတယ်။

အစစအရာရာ အဆင်ပြေချောမွေ့ ပါတယ်။ Witness အဖြစ် လာရောက်ကူညီ လက်မှတ်ထိုးပေး ကြတဲ့ ကိုဥာဏ် နဲ့ မမွန် တို့ ကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ကြွရောက်ချီးမြှင့်ကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းကိုလည်း ကျေးဇူး အထူး တင်ပါတယ် ခင်ဗျာ။

Saturday, January 19, 2008

မွေးရပ်မြေသို့ အလည်တခေါက်

မနက် သုံး နာရီခွဲ လောက်ရှိပြီ။ မြတ်မန္တလာထွန်း အမြန်ယာဉ် ကြီးသည် ရမည်းသင်း ကို ကျော်လာပေပြီ။ နောက်ဆယ့်ငါးမိနစ်လောက်နေလျှင် ပျော်ဘွယ် သို့ ရောက်ပေတော့မည်။ မွေးဌာနီသို့ ရောက်ပေတော့မည်။ ပျော်စရာကြီးဖြစ်သည်။

မွေးဌာနီ... အညာအရပ်ဆီသို့...
မျှော်ဆီမျှော်မှန်း စိတ်ဝယ်တမ်းတ...
မှန်းဆပါသည်... တမ်းတပါသည်....
လှည်းလမ်းတလျှောက်... ဖုံလုံးကြီးတွေ...
တလိမ့်လိမ့်တက်ခါမြင်ယောင်သေးတော့သည်...

ဆိုသည့် သီချင်းကိုပင် အမှတ်ရမိသေးသည်။ ကားထဲကနေ အောက်ကိုဆင်းတော့ မြောက်ပြန်လေ တစ်ချက်ဝှေ့သည်။ စိမ့်နေအောင်အေးလှသည်။ ညီလတ်ကို လာကြိုနေတာ တွေ့ရသည်။ အောက်ရောက်ရောက်ခြင်း သူက ခေါင်းစွပ်တစ်ခုထုတ် ပေးသည်။ နားရွက်တွေအေးလာသဖြင့် အမြန်စွပ်လိုက်သည်။ အထုပ်တွေ ဘစ်ကားပေါ်မှချ၊ ကားပေါ်တင် ကာ အိမ်ဘက်သို့ သွားကြသည်။ မြို့ ထဲ က ဖြတ်မောင်း နေရင်း ဘေးဘီကို ကြည့်မိသည်။ အော် တို့ ပျော်ဘွယ်က အရင်လိုလေးပါပဲလား။

ခဏအကြာတွင် အိမ်ရှေ့ရောက်ပေပြီ။ အော်... အိမ်ကလဲ အရင်လိုလေးပါပဲလား။ အိမ်ရောက်တော့ အဖေတို့ အမေတို့ နိုးနေကြသည်။ မတွေ့ရတာအတော် ကြာပေပြီ။ ၀မ်းသာ စရာကောင်းလှသည်။ ရောက်ရောက်ခြင်း နွားနို့ ပူပူ ပြစ်ပြစ်လေး တစ်ခွက် အမေက တိုက်သည်။ အထုတ်အပိုးတွေဘာတွေချ၊ စကားလေး ဘာလေး ပြောကြသည်။ ခဏနေတော့ တညလုံးကားစီးလာရလို့ လူတကိုယ်လုံးလဲ နုံးနေတာသတိပြုမိသည်။ တရေးတမော အိမ်မှဖြစ်မည် ဆိုကာ အိပ်လိုက်ရသည်။ ငယ်ငယ်က အိပ်နေကြ ကျနော့် အခန်းမှာ စောင်ထူထူ နှင့် ကွေးရတာ အရသာရှိလှသည်။

မိုးလင်း တော့ ဂ နာရီခွဲလောက်မှ အိပ်ရာကနိုးသည်။ မျက်နှာသစ် သွားတိုက်ပြီး အဖေ အမေတို့နှင့် စကားပြောရင်း အမေကြော်သော ကြာဇံကြော်ပူပူနွေးနွေး ကို မြိန်ရေယှက်ရေ စားလိုက်သည်။ ခဏနေတော့ အိမ်ဝင်းထဲ လျှောက်ကြည့်သည်။ အပင်လေး တွေ ထပ်စိုက်ထားသည်၊ ပန်းအိုးလေးတွေတိုးလာသည်၊ အုတ်တံတိုင်း အသစ်ပြင်ထားသည်၊ အိမ်ဆေးသုတ်ထားသည် မှ အပ ကျွန်တော် ရှိစဉ်ကအတိုင်းဖြစ်ပါသည်။ အိမ်ဝင်းထဲ တင် ဓါတ်ပုံလေးတွေ လျှောက်ရိုက်နေမိသည်။ အိမ်ရှေ့က မန်ကျည်းပင် လေး တွေတောင် တော်တော်ကြီးလာသည်။

နောက်တော့ ညီငယ်နှင့် အတူ ဆိုင်ကယ်လေးဖြင့် ဘုန်ကြီးကျောင်းဘက် ကို သွားသည်။ ဆရာတော် ထံ သွားသည်။ ဆရာတော် ကလည်း ၀မ်းသာနေသည်။ တရားအနည်းငယ် ချီးမြှင့်သည်။ ရောက်လေရာအရပ်မှာ လိမ်လိမ်မာမာနေဖို့ ဆုံးမ စကားပြောကြားသည်။

ပြီးတော့ ရွှေပြည်သာ ဘုရားပေါ်သို့ တက်ကြသည်။ ဘုရားပေါ်တွင်တိတ်ဆိတ်နေသည်။ ဘုရားက အတော်ပြုပြင်ထားသည်။ တော်တော်ပြောင်းလဲ သွားပေပြီ။ ရွှေသင်္ကန်း ကပ်လှု မွမ်းမံရန် ငြမ်းများ ဆင်ထားသည်။ ပစ္စယံတလျှောက် လက်ယာရစ်ဖူးမျှော်ခဲ့ သည်။

နောက်ပြီးတော့ တောင်ငူ မင်းကြီးညို တည်ထားကိုးကွယ်ခဲ့ သည့် မင်းရာမ စေတီဘက်ရောက်ကြသည်။ ဘုရားရိပ် က အေးမြလှသည်။ မင်းရာမ မှာလည်း ပြုပြင်ထားသည်။ မင်းရာမဘက်သွားတဲ့ လမ်းတွေက ကျနော်ရှိစဉ်ကနှင့်မတူ။ အရင်က ချိုင့်တွေ ကျင်းတွေနှင့် ဖြစ်သည်။ ယခု ပြင်ထားသဖြင့် တော်တော်လေး ချောနေသည်။

ဒီလိုနှင့် နေလည်ရောက်တော့ နေ့လည်စာ အိမ်တွင်စားလိုက်ကြသည်။ မျှစ်ချဉ်နှင့် ၀က်သား၊ ငရုတ်သီးထောင်းဖြင့် စားရသည်မှာ မြိန်လှသည်။ နေ့ခင်းကျတော့ ကျနော်စားချင်နေသော မုန့်လေပွေ၊ ပဲမြစ်၊ စိမ်းစားဥ များကျွေးသည်။ ညရောက်တော့ မိသားတစု ရေမုန့် နှင့် အကြော် စားကြသည်။

နောက်တနေ့ ရောက်တော့ အဒေါ်တို့ အိမ်သွားလည်၊ စကားတွေပြောကြ၊ ပျော်စရာကြီးဖြစ်သည်။ အဒေါ့် အိမ်မှာ မုန်ပျားသလက်နှင့် ခရမ်းချဉ်သီးထောင်း စားကြသည်။ မစားရတာ ကြာလှသဖြင့် စားလို့ ကောင်းလှသည်။ အဘွား လည်း ရောက်နေသည်။

ဒီလိုနှင့် ပျော်ဘွယ်မှာ လေးရက်လောက် ကြာသွားသည်။ အမျိုးတွေ၊ မိတ်ဆွေတွေ အိမ်လျှောက်လည် ကြသည်။ သူငယ်ချင်းမိဘတွေဆီ လူကြုံတွေဘာတွေ သွားပေးသည်။ မတွေ့ရာကြာတော့ သူတို့ လည်း ၀မ်းသာနေကြသည်။ သာကြောင်းမာကြောင်း အလ္လာပ သလ္လာပ တွေ ပြောကြသည်။ ပျော်စရာကောင်းလှသည်။

ပြန်မည့်နေ့ ကိုကြိုပြီး လက်မှတ်ဝယ်ထားရသည်။ အဖေနှင့် အမေ က ရန်ကုန်အထိ လိုက်ပို့ မည်ဟုပြောသည်။ ညီလတ်က သူတို့ အတွက်ပါလက်မှတ်ဝယ် လိုက်သည်။ အခု ရန်ကုန်မန္တလေး အမြန်ယာဉ်ကားတွေကတော့ အရင်နဲ့ စာလျှင် တော်တော်ပေါလာပါသည်။ ကျနော်တို့ မြို့ က ရန်ကုန်မန္တလေး ကားလမ်း ရထားလမ်း ပေါ်မှာရှိတော့ ဘာပဲဖြစ်ဖြစ် သွားရေးလာရေးကတော့ အဆင်ပြေပါသည်။ လွန်ခဲ့တဲ့ သုံးလေးနှစ် ကတော့ ကား နဲနဲ ရှားသည်။ ရွှေမန္တလာ အမြန်ယာဉ် လက်မှတ် သုံးယောက်စာ ၀ယ်လိုက်သည်။ ညရောက်တော့ အထုတ်အပိုး တွေ ကို ညီတွေက ကားဂိတ်ကို လိုက်ပို့ သည်။ ပြန်ကာနီးတော အိမ်က အကြော်အလှော်တွေလုပ်ပြီး အမြောက်အများ ထည့်ပေး လိုက်ကြသည်။

ရွှေမန္တလာ ကားကြီးဆိုက်လာပြီ... ကားပေါ် တက်ကြသည်။ အထုတ်အပိုးတွေ တင်ကြသည်။ သည်လိုနှင့် ကား ကြီး က တရွေ့ရွေ့ ထွက်ခွာ ခဲ့ပေပြီ။ လွမ်းသလိုလိုကြီး ခံစားရသည်။ နေရစ်ခဲ့ပေအုံးတော့ ပျော်ဘွယ် ရေ....


Sunday, December 23, 2007

လွမ်းမိသောနေ့

ဒီနေ့ တစ်နေကုန်....

မိုးတွေရွာနေတယ်...

သူမလာမှန်း သိပေမယ့်...

သတိရလွန်းလို့...

လာနိုးနိုးနဲ့...

ချောင်းချောင်း ကြည့်နေမိတယ်...

လွမ်းတယ်ဟာ...