Tuesday, December 10, 2013
လမ်းအချိုးမှာ ပန်းသူခိုး
မောင်သာဖြိုးတို့ ကလေးတုံးက ကိုဖိုးလုံးဆိုတဲ့ အိမ်နားနီးချင်းတယောက်ရှိခဲ့ဖူးတယ်။ သူ့ခမျာ ကံမကောင်းအကြောင်းမလှလေတော့ ခြေသိပ်မသန်ရှာဘူး။ ဒါပေမယ့် ပျော်ပျော်နေတတ်တယ်။ ထွေပစ်၊ သာရေကွင်းပစ်၊ ဒိုးထိုး၊ လက်တောက်ခုံတောက် သူပဲနိုင်တာများတယ်။ အိမ်နားမှာ ငရုတ်လှမ်းတဲ့ နီနီရဲရဲ ကွင်းကျယ်ကြီးတွေရှိတယ်။ အဲဒီကွင်းမှာ ငရုတ်ရွေးလိုက်တဲ့ ရုပ်ရည်သနားကမား ကောင်မလေးတယောက်ရှိတယ်။ သူလဲလေ လောကီသားပေမို့ ကိုဖိုးလုံး အဲဒီကောင်မလေးကို မျက်စေ့ကျတယ်ထင်ပါရဲ့။ တနေ့တော့ စာလိုက်ပေးပါလေရော။ အဲဒီကောင်မလေးက ငရုတ်ကွင်းက လူကြီးလုပ်တဲ့သူကို ကိုဖိုးလုံး ကျမကိုစာလိုက်ပေးပါတယ်ဆိုပြီးတော့ ပြန်တိုင်တာပေါ့။ တကတည်း... စာကရိုးရိုးမဟုတ်ဖူး၊ ကဗျာဖြစ်နေပါရော။ တကြောင်းမှာ ဘာရေးထားသလဲဆိုတော့ "လမ်းတလျှောက်မှာ ပန်းကောက်တဲ့သူမဖြစ်ရပေမယ့်၊ လမ်းအချိုးမှာ ပန်းသူခိုးမဖြစ်ရပါစေနဲ့" ဆိုလားပဲ။ မောင်သာဖြိုးတို့မှာ သူ့စာကိုတိုက်ရိုက်မဖတ်လိုက်ရပေမယ့် ပြန်ပြောပြတိုင်း ရီလိုက်ကြရတာ။ ကိုဖိုးလုံးရယ် ကဗျာစပ်ဖို့ ကာရန်ရှားလှချေလားဆိုပြီးတော့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment