မောင်သာဖြိုးတို့ အညာမှာ ဇီးသီးတွေများ တယ်ပေါတယ်။ အလေ့ကျပေါက်တာ။ ဇီးသီးအချဉ်သီးပင် တွေဆိုရင် သိပ်မာတာ၊ ဘာပိုးမှမကျဘူး၊ ဘာမှ ရေလောင်းပေါင်းသင်စရာမလိုဘူး။ အချိုသီးပင်တွေကတော့ ပိုးဖောက်တတ်တယ်၊ နုတယ်။ သဘာဝအလျှောက် ပေါက်တာကတော့ အများအားဖြင့်အချဉ်ပင်တွေ များတယ်။ ရွာတွေမှာဆို တချို့ကလဲ ခြံစည်းရိုးအနေနဲ စိုက်ကြတာပေါ့။ ဇီးပင်က ခြုံပင်မျိုး၊ နှင်းဆီဆူးလို ဆူးမျိုးရှိတော့ ဆူးတတ်တယ်။ ဇီးခြုံထဲဝင်တိုးတဲ့အခါ အခန့်မသင့်ရင် အကျီင်္တွေ ဘာတွေ တဗျိဗျိနဲ့ ပြဲတတ်တယ်။ အညာမှာ ဆောင်းတွင်းရောက်ရင် ညမှာကျတဲ့ နှင်းငွေ့ကလေးခံပြီး ဇီးသီးတွေဖြိုင်ဖြိုင်သီးတာပေါ့။
ဇီးပွင့်တွေပွင့်ပြီဆိုလဲ မြောက်ပြန်လေကလေး ဝှေ့တိုင်းမှာ တသင်းသင်းနဲ့မွှေးတတ်တာ၊ ဇီးပွင့်ကလေးတွေက နားကပ်နဲ့တူလို့ ကလေးမလေးတွေဆိုရင် တံတွေးဆွတ်နားမှာကပ်ပီး စိန်နားကပ်ဆိုပြီးဆော့ကြတာပေါ့။ ဆောင်းကုန်ခါနီးဆို ဇီးသီးတွေအမှည့်ဆုံးရာသီပေါ့။ အသီးကလေးတွေ နီညိုရောင်သန်းလာပြီဆိုရင် အပင်ကို ကိုင်းကနေကိုင်ပြီး ခပ်ကြမ်းကြမ်းလှုပ်လှုပ်ချရတယ်၊ မိုးသီးများကြွေကျသလို တဗြုံးဗြုံး တဝေါဝေါနဲ့ ကြွေကျတာ။ "မကျီးဆို ပုတ်၊ ဇီးဆိုခုတ်" တဲ့ ဆိုရိုးစကားရှိတယ်။ ဇီးပင် သီးအောင် တစ်နှစ်တစ်ခါ ခုတ်ပေးရတယ်။ သိုးဆောင်းစကားနဲ့ပြောရင်တော့ Trim လုပ်ပေးရတာပေါ့။ မောင်သာဖြိုးတို့ငယ်ငယ်က ဇီးသီးကောက်ရင် ဇီးသီးအမှည့်ပျော့တွေကို ဖိနပ်နဲ့ နင်းမိတဲ့အခါ ချွဲစိချွဲဖတ်နဲ့ ကပ်နေတော့တာပဲ၊ တုတ်ခညောင်းနဲ့ ခြစ်ခြစ်ချရတာပေါ့။ အဲဒီ ကောက်ထားတဲ့ ဇီးသီးတွေကို နေလှမ်းရတယ်၊ ၄-၅ ရက်လောက်လှမ်းပြီးရင် ခြောက်သွားတတ်ပါတယ်။
မောင်သာဖြိုးတို့အရပ်မှာ ဇီးသီးခြောက်ကို တင်းတောင်း ပြည်တောင်းနဲ့ ချိန်ပြီးတော့ဝယ်ကြတယ်။ ဇီးသီးချိန်တဲ့အခါမှာ တင်းတောင်းပေါ်ကို နဲနဲမောက်မောက်ဖောင်းဖောင်းလေးချိန်ပြီးဝယ်ကြရတယ်၊ "မုန့်ဖောင်း" လို့ခေါ်တယ်။ ပြန်ရောင်းတဲ့အခါ တင်တောင်းကို အတိထားပြီးရောင်းတယ် "ဇလုပ်တိုက်" (ဆန်တုတ်တိုက်) လို့ခေါ်တယ်။ ၀ယ်ဈေးနဲ့ရောင်းဈေး က မကွာဘူး၊ ဥပမာ အဲဒီခောတ်တုံးက တစ်တင်းကို ၁၀၀ နဲ့ဝယ်တယ်ဆိုပါစို့၊ ရောင်းဈေးက ၁၀၅ လောက်ပေါ့။ အဲဒီ ဇလုပ်တိုက်နဲ့ မုန့်ဖောင်း ကြားက ကွာတဲ့ဇီးသီးကလေးတစ်ပြည်မရှိတစ်ရှိလောက်က ပွဲခသဘောပေါ့။ တခါတလေ ၀ယ်ရင်းရောင်းရင်းနဲ့ ဈေးတက်ရင်တော့ မြိုးမြိုးမြက်မြက်ရတာပေါ့။
ဇီးသီးကို ၀ယ်ပြီးရင် အိတ်ထဲ ထိုးသိပ်မထည့်ရဘူး။ ဇီးသီးအစေ့နဲ့ အခွံကြားက လေတွေထွက်ပြီး ကျုံ့ကုန်တတ်တယ်။ တင်းနဲ့ချိန်ရောင်းရမှာဆိုတော့ ဇီးသီး ကျုံ့ကုန်ရင် ကိုယ့်ပိုက်ဆံလဲ ကျုံ့မယ်လေ။ ဒီတော့ လေဟာပြင်မှာ ဒီလိုပဲပုံထားရတာ၊ နေကလေးပူပူဆို ဇီးသီးလေးတွေ ပြန်တင်းတာပေါ့။
ဇီးသီးခြောက်ကို ဇီးခွဲစက်သမားတွေဝယ်တယ်။ ဇီးခွဲစက်သမားတယောက်ဆို ကိုယ့်ဇီးသီးတွေတစ်ဆုပ်လောက်ကို အုတ်နီခဲနဲ့ ဇီးစေ့တစ်စေ့ချင်းထုပြီး အထဲကအဆံတွေရေပြီးမှ ဈေးဖြတ်တယ်။ ဇီးသီးအစေ့ထဲက အဆံကို တရုတ်ပြည်ပို့တာတဲ့။ မန္တလေးဖက်မှာ ဇီးဆံကုန်သည်တွေရှိတယ်။ အရောင်းအ၀ယ် ပမာဏဘယ်လောက်များလဲ ဆိုတော့ တစ်နေ့တစ်နေ့ငွေရှင်းပေးဖို့ ပိုက်ဆံတွေကို အိပ်ခန်းလိုအခန်းမျိုးနဲ့ထည့်ထားရတာတဲ့။ ဇီးဆံက အင်မတန် ဆေးဖက်ဝင်တယ်တဲ့၊ နှလုံးဆေးဆိုလား ထုတ်လုပ်တာတဲ့။ ဇီးသီးမှာ အဆံကအဓိကအဖိုးအတန်ဆုံးမို့ ဇီးခွဲစက်သမားတွေက အစေ့နဲ့အခွံနဲ့ကပ်နေတတ်တဲ့ ဇီးသီးနောက်တစ်မျိုးကို ၂ ဆလောက်ဈေးကောင်းပေးပြီးဝယ်တယ်။ အဲဒါကို ကပ်စေ့ လို့ခေါ်တယ်။
ဇီးဆံမထုတ်ခင် ရိုးရိုးဇီးသီးဆိုရင် ၂ဆင့် လုပ်ယူရတယ်၊ အစေ့လုံးလုံးကလေးတွေထွက်လာအောင် စပါးဖွပ်သလို စက်နဲ့အရင်ဖွတ်ပစ်တာ၊ နောက်မှ အစေ့ကလေးတွေကို အဆံထုတ်ဖို့ထပ်ခွဲပစ်တာ။ ကပ်စေ့ကတော့ ဖွတ်စရာမလိုတော့ဘူးပေါ့။ ကြုံ့တယ်၊အဆံထုတ်တဲ့ တစ်ဆင့်ပဲရှိတယ်၊ ဒါကြောင့် ဈေးကောင်းရတယ်။ နောက်တစ်မျိုးရှိသေးတယ် ဆိတ်စားစေ့တဲ့။ ဆိတ်တွေက ဇီးသီးကိုစားပြီး မစင်ပြန်စွန့်တော့ ဆိတ်ချေးလုံးလေးတွေအစား အခွံမပါတော့တဲ့ ဇီးစေ့လေးတွေပြန်စွန့်တယ်။ ဇီးသီးကို အော်ဂဲနစ်နည်းနဲ့ ဖွတ်လိုက်တဲ့သဘောပေါ့။ သူက ကပ်စေ့ထက် အဆံပိုပြည့်တာမို့ ဈေးလဲနဲနဲပိုသာတယ်။ နောက်ပြီးတော့ရိုးရိုး လက်နဲ့ ဆုံနဲ့ဖွတ်ထားတဲ့ ဖွတ်စေ့ ဆိုတာရှိသေးတယ်။
တရုတ်ဖက်က အ၀ယ်အဆွဲကောင်းတဲ့အခါ ဇီးသီးကို အလုအယက်ဝယ်ရတဲ့ အခါမျိုးတွေရှိတယ်။ မနက်မလင်းခင် လေးနာရီလောက်ထ မိုးကာလိပ်ကြီး စက်ဘီးပေါ်တင်ပြီးမြို့ပြင် မင်းရာမအ၀င်လမ်းဖက်ထွက် ရွှေညောင်ဖူးကျောက်ချပ်က ဇီးသီးလှည်းတန်းတွေ သွားစောင့်ရတယ်။ ကိုယ့်ထက်ဦးတဲ့ အ၀ယ်သမားတွေတွေ့ရတတ်တယ်။ တစ်ယောက်ဆို မိန်းမတန်မဲ့ ဓားထမ်းပြီးဝယ်တယ်။ သူက ယောင်္ကျားစိတ်ပေါက်နေတာလဲပါတာပေါ့လေ။ သူ့ကြည့်ပြီး ရွဲကုန်သည် ၀တ္တုတောင်သတိရမိသေးတယ်။
ဇီးခွံအပြင်အသားခွံကိုတော့ အချိုရည်သမားတွေ၊ ယိုသမားတွေ၊ မုန့်သမားတွေ၊ ဇီးတော်ဖီသမားတွေဝယ်တာပေါ့။ သူတို့ ဘယ်လိုပြန်သန့်စင်သလဲတော့မသိပါ၊ နဂိုမူလကတော့ တောကလာကတည်းက ဇီးသီးဆိုတဲ့အမျိုးက ဖုန်တလောင်းလောင်းနဲ့ချည်းပါပဲ။
ဇီးသီးအဆံထုတ်ပြီးအခွံကို ဇီးခွဲခြမ်းလို့ခေါ်တယ်၊ အဲဒါကိုလောင်စာအဖြစ်သုံးတယ်။ ဇီးသီးတစ်လုံး လူ့အသုံး လို့ဆိုရလောက်အောင် ဇီးသီးတစ်လုံးမှာလွှင့်ပစ်ရတာဆိုလို့ဘာမှမရှိပါ။ ဇီးခွဲခြမ်းတွေက ရာသီချိန် ဆိုရင် ဇီးခွဲစက်သမားတွေအတွက် အမှိုက်သာသာပဲလေ။ အမြန်ရောင်းချင်ကြတာပေါ့။ ဈေးက အဲဒီခောတ်က ကားတစ်စီးတိုက်မှ သောင်းဂဏန်းလောက်ရှိတာ။
အဲဒါတွေ ၀ယ်ပြီးသကာလ သမဂိုဒေါင်အကန့်၂ တွဲ ၃တွဲငှားပြီးလှောင်ကြတယ်ဆိုပါတော့။ ရာသီချိန်ကုန်ရင် စက်သမားတွေကိုလောင်စာအဖြစ် ပြန်ရောင်းမယ်ပေါ့။ ဖြစ်ချင်တော့ သမဂိုဒေါင်က ၀ါးကာ သွပ်မိုး၊ တစ်ဖက်ခြမ်းမှာ မှိုစိုက်တဲ့သူတွေက ငှားထားတယ်။ မှိုကရေမှန်မှန်လောင်းပေးရတယ်။ ဇီးခွဲခြမ်းက တောင်ပုံရာပုံဆိုတော့ မှိုသမားဖက်က ရေတွေတစ်နေ့နဲနဲစီ စီးပြီး လနဲ့ချီလာတော့ ဇီးခွဲခြမ်းအပုံကြီးအောက်မှာ ဆွေးပြီး Compost ဖြစ်ပြီးတော့ တစစနဲ့လှိုက်လှိုက်ပြီး ပူလာတာပေါ့။ ပူလွန်းမကပူတော့ မီးခိုးတွေတစ်အူအူနဲ့ထွက်လာပါလေရော။ အဲဒါ ဖြစ်ဖြစ်ချင်းသိလို့ တူးထုတ်ရတယ်၊ ဂလိုင်ဖြစ်နေတဲ့အခဲတွေဆို မည်းချိတ်နေလို့ မီးသွေးဖုတ်ထားသလားမှတ်ရတယ်။ ပေါက်ပြားနဲ့ထိလိုက်တာနဲ့ မီးပွားကလေးတွေပါထွက်တယ်။ သကြားစက်သမား၊ နို့ဆီစက်သမားတွေကို အမြန်သွားစပ်ပြီး ရတဲ့ဈေးနဲ့ရောင်းပစ်ရတယ်။ ကိုယ်ဗိုက်နာနေမှန်းသိတော့ ဈေးနှိမ်ကြတာပေါ့။ မရှုံးဘူးထင်ရပေမယ့် ဂိုဒေါင်ခတွေပေးပြီးတော့ မြတ်လည်းမမြတ်တော့ပါ။ ကံကြီးပေလို့ ဂိုဒေါင်တစ်လုံးလုံး မီးမလောင်တာ။
No comments:
Post a Comment