Tuesday, March 01, 2016

Two bad bricks by Ajan Brahm

အုတ်ရွဲ့လေး ၂ ချပ်

၁၉၈၃ လောက်က ဘုန်းကြီးတို့ Serpentine ကျောင်းအတွက် မြေ၀ယ်တယ်။ အကြွေးတွေတင်တယ်။ မြေကလွဲလို့ နေစရာ ဘာအဆောက်အဦမှ မရှိဘူး။ ကျောင်းနဲ့တူတာဆိုလို့ အဖီကလေးတောင်မရှိဘူး၊ အိမ်ဆောက်ပစ္စည်းအဟောင်းဆိုင်က ဈေးပေါပေါနဲ့ဝယ်ထားတဲ့ တံခါးချပ်အဟောင်းတွေပေါ်မှာ ညဆို ကျိန်းကြရတာပေါ့။ အဲဒီတံခါးချပ်ဟောင်းတွေကို မြေကြီးနဲ့လွတ်အောင်လို့ ထောင့်တွေမှာအုတ်တွေခံပြီး တင်ထားရတယ်။ အိပ်ရာခင်းမရှိပါ၊ တောရဆောက်တည်နေတဲ့ ဘုန်းကြီးများဖြစ်တာကြောင့် ကိစ္စတော့မရှိပါ။ အဲဒီလိုပဲ သီတင်းပါတ် အနည်းငယ်လောက် သီတင်းသုံးရတယ်။

ဆရာတော်ကြီးအတွက် တံခါးကိုအသွင်ပြောင်းထားတဲ့ကုတင်က ပြန့်ပြန့်ပြူးပြူးရှိတယ်။ ဒါပေမယ့် ဘုန်းကြီးရဲ့ တံခါးကုတင်ကတော့ အလယ်မှာ အပေါက်တစ်ပေါက်ရှိနေတယ်။ တံခါးလက်ကိုင်ဖုဟောင်း တပ်ထားခဲ့တဲ့ အပေါက်ဖြစ်မယ်ထင်ပါတယ်။ အိပ်ဖို့ဆိုတော့ တံခါးလက်ကိုင်ဖု ဖြုတ်ထားတာကောင်းပေမယ့် အလယ်တည့်တည့်မှာတော့ အပေါက်တစ်ပေါက် ဖြစ်နေတာပေါ့။ ဒီတော့လဲ ညအပေါ့အပါး သွားရင် တကူးတက ထစရာမလိုတော့ဘူးပေါ့လို့ အရွှန်းဖောက်လိုက်သေးတယ်။ တကယ်တော့ အဲဒီအပေါက်ကနေ လေတိုးလို့ ညဖက်တွေမှာ ကျိန်းလို့မရခဲ့ပါ။

အဲဒီတုံးက နေစရာကျောင်းတောင်မရှိတဲ့ ဘုန်းကြီးမွဲတွေပါ။ ရှိတဲ့ ၀တ္တုငွေက အုတ်သဲကျောက် ဆောက်လုပ်ရေးပစ္စည်းများ အတွက်တောင်မှ အနိုင်နိုင်ဆိုတော့၊ ပန်းရန်လက်သမား မငှားနိုင်တော့ပါ။ ဒါနဲ့ ဘုန်းကြီးတို့ကိုယ်တိုင် ကျောင်းဆောက်ဖို့ လေ့လာရပါတယ်၊ ဖောင်ဒေးရှင်းဘယ်လိုချမလဲ၊ အုတ်ဘယ်လိုစီမလဲ၊ ခေါင်မိုးဘယ်လိုဆင်မလဲ၊ ရေပိုက်တွေဘယ်လိုဆင်မလဲ စသည်ဖြင့် အများကြီး လေ့လာရ လုပ်ရပါတယ်။ ဘုန်းကြီးက လူ့ဘ၀ တုံးက Physicist သီအိုရီသမား၊ အထက်တန်းပြ ကျောင်းဆရာတယောက် ဆိုတော့ လက်အလုပ် အလုပ်ကြမ်းတွေ မလုပ်ဖူးပါ။ အစမှာအတော်ခက်ခဲပါတယ်။ နောင်နှစ်အနည်းငယ်ကြာတော့ ဆောက်လုပ်ရေးမှာ အတော်ကလေးကျွမ်းကျင်လာကြတယ်။ တချို့ဆို ဘုန်းကြီးတို့အဖွဲ့ကို BBC (Buddhist Building Company) လို့တောင် နောက်ပြောင်ပြီး ခေါ်ဝေါ်ကြပါတယ်။

အုတ်စီတယ်ဆိုတာ အမှတ်မဲ့ကြည့်ရင်လွယ်တယ်ထင်ရတယ်။ သံလျှက်နဲ့ အင်္ဂတေသရိုးတကော်လောက်ခပ်ပြီးတော့ ခင်းလိုက်၊ အဲဒီအပေါ်မှာ အုတ်ကိုအသာလေးတင်၊ သံလျှက်နဲ့ ဟိုနေရာလေး တောက်တောက်၊ ဒီနေရာလေး တောက်တောက် ခေါက်လိုရင်ရပြီ လို့ထင်ခဲ့တာပေါ့။ တကယ်စီကြည့်တော့မှာ ဒီဖက်အစွန်က ခေါက်လိုက်ရင်၊ ဟိုဖက်အစွန်က ထောင်သွားလိုက်၊ ဟိုဖက်အစွန်က ခေါက်လိုက်ရင် ဒီဖက်အစွန်က ထောင်သွားလိုက်၊ Level မညီလို့ညှိရင်းနဲ့ အုတ်က တဖြောင့်ထဲမဖြစ်ပဲ စောင်းသွားပြန်ရော။ ဒါနဲ့ တဖြောင့်တည်းဖြစ်အောင် ပြန်တည့်တော့ ထောင့်စွန်းတစ်ဖက်က ထောင်နေပြန်ပါရော။

ဘုန်းကြီးဖြစ်နေလေတော့ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး စိတ်ရှည်အောင်နေတယ်။ အချိန်ဘယ်လောက်ပဲကြာကြာ အုတ်တစ်ချပ်ချင်း တစ်ချပ်ချင်းကို စိတ်ရှည်ရှည်နဲ့ သပ်သပ်ရပ်ရပ် ကောင်းကောင်းကလေး စီတယ်။ ဒီလိုနဲ့အချိန်တွေ တရွေ့ရွေ့နဲ့ ဘုန်းကြီးရဲ့ ပထမဦးဆုံး အုတ်နံရံပြီးသွားပြီ။

နောက်ကို လေး၊ ငါး၊ ဆယ်လှမ်းလောက်ဆုတ်၊ ကိုယ့်လက်ရာကို ပြန်ကြည့်။ "အိုး..." အဝေးကကြည့်တော့မှ အုတ် ၂ ချပ်တိတိ ရွဲ့နေပါလား။ ရွဲ့နေမှန်း အခုမှပဲသိတော့တယ်။ ကျန်တဲ့ အုတ်တွေအားလုံး စီစီညီညီနဲ့ ကြည့်ကောင်းတယ်။ ဒီ ၂ ချပ်လေးပဲ၊ ကြည့်ရဆိုးလိုက်တာ၊ အုတ်နံရံတစ်ခုလုံးတော့ပျက်ပါပြီ။ အုတ် ၂ ချပ်ကို ဆွဲထုတ်ဖို့ဆိုရင် အင်္ဂတေကလဲ အတော်ခိုင်နေပြီလေ။ ဆရာတော်ကြီးကို အကြိုးအကြောင်း သွားလျှောက်တယ်၊ အုတ်နံရံတစ်ခုလုံးဖြိုပြီး အစကပြန်စီမယ်လို့။ တပည့်တော်လုပ်လိုက်တာ မှားသွားတယ် ကိုယ့်ကိုယ်ကိုယ်လဲရှက်မိပါတယ်ဘုရား ဆိုတော့ ဆရာတော်ကြီးက နံရံကို ဒီတိုင်းပဲထားလိုက်လို့မိန့်တယ်။

ဒီလိုနဲ့ ကျောင်းကို ဒကာဒကာမတွေ အလည်အပါတ်ရောက်လာတော့ ဟိုဟိုသည်သည် လျှောက်ကြည့်ကြတာပေါ့။ လူတွေအလည်လာတိုင်း ဘုန်းကြီးက အုတ်၂ချပ်ရှိတဲ့ နေရာတစ်ဝိုက်ကို တမင်မခေါ်သွားဘူး။ မြင်မှာစိုးလို့။ ဒါပေမယ့် သုံးလ လေးလလောက်ကြာပြီး တစ်ရက်မှာတော့ ဒကာတစ်ယောက်ရောက်လာပြီး ကျောင်းကို လှည့်ပါတ်ကြည့်ရင်း အဲဒီအုတ်၂ချပ်ရှိတဲ့နံရံကို မြင်သွားပါလေရော။

"ဒီနံရံ ကောင်းတယ်ဘုရား" သူက အမှတ်တမဲ့ ပြောတယ်။ ဘုန်းကြီးကအံ့အားသင့်ပြီး... "ကားထဲမှာ မျက်မှန်များ ကျန်ခဲ့လို့လား ဒကာကြီး" လို့ပြောလိုက်တယ်။ "အုတ်ခဲ ၂ ချပ် ရွဲ့စောင်းနေတာ သတိမထားမိဘူးမှတ်တယ်၊ ကြည့်ပါဦး... နံရံတစ်ခုလုံးကြည့်ရဆိုး မနေဘူးလား" လို့မေးလိုက်တယ်။

အဲဒီဒကာ နောက်ထပ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ဘုန်းကြီးရဲ့ အုတ်နံရံပေါ်မှာမြင်တဲ့ အမြင်ရော၊ တခြား ဘ၀အမြင်ရှုထောင့်အတော်များများရော ပြောင်းလဲသွားစေခဲ့တယ်။ သူပြောလိုက်တာကတော့ "မှန်ပါဘုရား.. အဲဒီစောင်းနေတဲ့အုတ် ၂ချပ်ကို မြင်ပါတယ်၊ နောက်ပြီး စီစီညီညီသပ်သပ်ရပ်ရပ်ရှိလှတဲ့ အုတ် ၉၉၈ ချပ်ကိုလည်း မြင်ပါတယ်ဘုရား" တဲ့။

ဘုန်းကြီးခေါင်းထဲမှာ တစ်ချက်လင်းသွားတယ်။ အခု ၃လ လောက် အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒီအုတ် ၂ချပ်တင်မကပဲ တခြားအုတ်တွေကို မြင်နိုင်သွားတယ်။ စောင်းနေတဲ့အုတ်၂ချပ်ရဲ့ အပေါ်၊ အောက်၊ ဘယ်၊ ညာ မှာရှိတဲ့ အုတ်တွေက အလွန်ကောင်းတဲ့ အုတ်တွေပါ။ အတိုင်းထက်အလွန်ပါပဲ၊ ကောင်းတဲ့ အုတ်တွေဟာ စောင်းနေတဲ့အုတ် ၂ ချပ်နဲ့စာရင် တကယ့်ကိုအများကြီးပါ။ အရင်တုံးက ဘုန်းကြီးရဲ့ မျက်လုံးတွေက ဒီ စောင်းနေတဲ့အုပ် ၂ ချပ်မှာပဲ အာရုံပြုမိနေခဲ့တာပါလား။ ကျန်တာတွေကို မကြည့်မိလောက်အောင် အမြင်ကန်းနေခဲ့တာ။ ဒါကြောင့်လည်း ဒီနံရံကို ကိုယ်ကိုယ်တိုင်လဲ မကြည့်ချင်၊ သူများတွေကိုလည်း မပြချင်လောက်အောင်ဖြစ်ခဲ့ရတာပါလား။ အခုတော့လည်း တခြားကောင်းတဲ့အုတ်တွေကို မြင်နိုင်ပါပြီ၊ နံရံကလည်း  ကြည့်ရမဆိုးပါလား။ ခုနက ဒကာပြောသလိုပဲ ကောင်းတဲ့ နံရံတစ်ခုပါပဲလေ။ အဲဒီအချိန်ကစလို့ အခုအချိန် နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့အထိ၊ အဲဒီ မှားနေတဲ့အုတ်၂ချပ်ကို မကြည့်တော့ပါ၊ မမြင်နိုင်တော့ပါဘူး။

ဘုန်းကြီးစဉ်းစားမိတယ်လေ။ အိမ်ထောင်ရေးအဆင်မပြေကြတဲ့သူတွေ သူတို့ရဲ့ အိမ်ထောင်ဖက်တွေ အပေါ်မှာအဲဒီ စောင်းနေတဲ့အုတ်၂ချပ်ကိုသာ မြင်မိတဲ့အတွက် ကွဲကြကွာကြတာ ဘယ်နှစ်ယောက်လောက်များရှိပါသလဲ။ မိမိကိုယ်ကို စောင်းနေတဲ့အုတ်နှစ်ချပ်ကိုသာ မြင်မိခဲ့တဲ့အတွက် စိတ်ကျရောဂါ ဖြစ်နေကြတာ၊ စိတ်ဓါတ်ကျလို့ ကိုယ့်ကိုယ်ကို သတ်သေကြတာ ဘယ်နှစ်ယောက်လောက်များရှိပါသလဲ။

တကယ်တော့ ကောင်းတဲ့အုတ်တွေအများကြီးပါ။ ချွတ်ယွင်းချက် အားနည်းချက် ဖြစ်နေတဲ့ အုတ်၂ချပ်ရဲ့ ဘေးမှာ၊ အပေါ်ဖက်တွေမှာ၊ အောက်ဖက်တွေမှာ ကောင်းတဲ့ အုတ်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ်ကမမြင်နိုင်ခဲ့တာပါ။ ကောင်းတဲ့အုတ်တွေကို မြင်ရမယ့်အစား အားနည်းချက် ချွတ်ယွင်းချက်ကိုပဲ သွားပြီး ဂရုပြုမိနေတတ်တယ်။ အဲဒီချွတ်ယွင်းချက်ကို မမြင်ချင်ဘူး၊ ဖျက်ပစ်ချင်တယ်။ ဒါကြောင့်လည်းတခါတလေမှာ တဒင်္ဂအတွင်း အလွန်ကောင်းတဲ့ အုတ်နံရံအကောင်းကြီးတစ်ခုလုံး ဖျက်မိပြီးသားဖြစ်သွားတတ်တယ်။

ဘုန်းကြီးတို့အပါအ၀င် လူတိုင်း လူတိုင်းမှာ အုတ်ရွဲ့၂ချပ်ကလေးတွေ ရှိကြတယ်။ ဒါပေမယ့် ကျန်တဲ့ကောင်းတဲ့အုတ်တွေက အများကြီးမှ အများကြီးပါ။ ဒီအချက်ကို မြင်နိုင်ပြီ ဆိုရင်၊ ကိစ္စတိုင်း ကိစ္စတိုင်း အရာရာတိုင်း အရာရာတိုင်းဟာ အဆိုးကြီးရယ်လို့ မရှိဘူး။ အခုချိန်ကစလို့ အမှားတွေ၊ ချွတ်ယွင်းချက်တွေ၊ မပြည့်စုံမှုတွေနဲ့ အတူတကွ မိမိကိုယ်တိုင် အေးအေးချမ်းချမ်း နေနိုင်သလို၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက် နဲ့လဲ အေးအေးချမ်းချမ်းနေနိုင်ပါပြီ။ ဒါဟာ သတင်းကောင်းပါ၊ ဒါပေမယ့် အိမ်ထောင်ကွဲတဲ့အမှုတွေနဲ့အလုပ်ဖြစ်နေတဲ့ ရှေ့နေတွေအတွက်တော့ သတင်းဆိုးပေါ့။

ဘုန်းကြီးလဲ ဒီတရားကို တရားဟောတဲ့ထဲမှာ မကြာမကြာဟောတဲ့ထဲမှာထည့်ဟောတယ်။ တရက်တော့ ဆောက်လုပ်ရေးသမား တယောက်ရောက်လာပြီး သူ့တို့ရဲ့လျို့ဝှက်ချက်ကိုပြောပြတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေးသမားတွေလဲ အမြဲလိုလို အမှားလုပ်မိတတ်ကြတယ်ဘုရား၊ ဒါပေမယ့် ကိုယ့်ရဲ့ အလုပ်အပ်နှံသူကိုတော့ ဒီဟာက "Original Feature" ပါ၊ တခြားဘယ်အိမ်မှာမှ ဒါမျိုးဆင်တူတာရှိမှာမဟုတ်ဘူး လို့ဆိုပြီး ၁ထောင် ၂ထောင် တောင်ပိုရအောင်တောင်းလို့ရသေးတယ်ဘုရား လို့ဆိုပါတယ်။

စာရေးသူ ဆရာတော် Ajan Brahm ကို ၁၉၅၁ ခုနှစ်တွင် လန်ဒန်မြို့တွင် ဖွားမြင်သည်။ ငယ်စဉ်က ဗုဒ္ဓဘာသာဆိုင်ရာစာပေများစွာကို လေ့လာဖတ်ရှုပြီး အသက် ၁၆ နှစ်ခန့်တွင်  ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ခဲ့သည်။ Cambridge တက္ကသိုလ်တွင် Theoretical Physics သင်ယူလေ့လာနေစဉ် တရားရှုမှတ်ခြင်းကို စတင်ခဲ့သည်။ ဘွဲ့ရပြီးနောက် အထက်တန်းပြဆရာအဖြစ် ၁ နှစ်ခန့်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ယိုးဒယားနိုင်ငံသို့သွားရောက်ကာ ရဟန်းပြုခဲ့သည်။ ရဟန်းပြုချိန်တွင် အသက် ၂၃ နှစ် သာရှိသေးသည်။ ဥပေဇ္ဈည်ဆရာတော်မှာ Wat Sacket ဆရာတော်ကြီးဖြစ်သည်။ ရဟန်းပြုပြီး ၉ နှစ်တိတိ ဆရာတော် Ajahn Chah ၏ ညွှန်ကြားပြသမှုဖြင့် တောထွက်တရားအားခဲ့သည်၊ ဗုဒ္ဓစာပေများကိုလည်း လေ့လာသင်ကြားခြင်းခဲ့သည်။ ၁၉၈၃တွင် Western Australia, Perth မြို့ အနီးတွင် တောရကျောင်းတည်ထောင်ရန် ညွှန်ကြားသဖြင့် ထိုအချိန်မှစ၍ သြစတေးလျသို့ ကြွရောက်သီတင်းသုံးခဲ့သည်။ ယခု ဆရာတော်၏ "Opening the Door of your Heart" မှ "Two bad bricks" ကို  မြန်မာဘာသာသို့ ဆီလျှော်အောင်ပြန်ဆိုထားပါသည်။