Thursday, November 23, 2006

မှားချင်မှားပါစေ၊ ကိုယ့်ဦးနှောက်နဲ့ကိုယ်လုပ်

နေ့ခင်းကြောင်တောင်ကြီး မီးအိမ်ဆွဲလာတဲ့ လူတစ်ယောက်ကို တွေ့တယ်။ ပထမတော့ ဒိုင်အိုဂျီးနီးစ်လို့ထင်လိုက်တာ။ နောက်မှ မဟုတ်မှန်းသိတယ်။ အဲဒီလူဟာ.. ကျွန်တော်နဲ့ အသက် သိပ်မကွာလှဘူး။ ကကြီး၊ ခကွေးတွေ ပေနေတုန်း ရှိသေးတယ်။

“ဘယ်လိုလဲ၊ ခင်ဗျားက ဒိုင်အိုဂျီးနီးစ်ကို အတော်သဘောကျလို့လား”

ကျွန်တော်က အော်မေးတော့ သူက ခေါင်းယမ်းပြတယ်။

“ဟင့်အင်း၊ ကျုပ်က 'လက်ဆင်း'ကို သဘောကျတယ်”

“အော်.. ဟုတ်ပြီ။ သူ့စကားတစ်ခွန်းက အတော် ကမ္ဘာကျော်ခဲ့တာပဲနော်”

“ဟုတ်တယ် .. မှားချင်မှားပါစေ၊ ကိုယ့်ဦးနှောက်နဲ့ကိုယ်လုပ် ဆိုတဲ့ စကားလေ။ သိပ်မှန်တဲ့စကားပေါ့။ ကျွန်တော့်လက်သုံးစကားပဲ”

ကျွန်တော်တို့နှစ်ယောက်လုံး ရယ်မောလိုက်ကြတယ်။ ကျွန်တော်နဲ့သူဟာ အသွင်တူမယ့်ပုံ ရှိတယ်လို့ ထင်စရာပဲ။ ကျွန်တော်က မှိတ်တုတ်မှိတ်တုတ် မေးလိုက်တယ်။

“ဒါနဲ့ နေပါဦး။ နေ့ခင်းကြောင်တောင်ကြီး မီးအိမ်ကြီးနဲ့ ခင်ဗျားက ဘာရှာနေတာတုန်း”

“အေးဗျာ။ ၀မ်းနည်းစရာပဲ။ ဦးနှောက် ကျပျောက်သွားလို့ ရှာနေရတာ…”

တာရာမင်းဝေ ၏ ကျွန်တော်နှင့် အသံခုနစ်ထပ် မှ

1 comment:

Younggun said...

ကောင်းတယ် ဆက်လုပ်...