Sunday, November 26, 2006

မြန်မာအိုင်တီသမားတွေSingapore မှာအလုပ်ရကြသတဲ့ (အပိုင်း-၁)

အခုတလော မြန်မာပြည်က ပညာရှင်တွေ Singapore ကို ထွက်ထွက်လာကြ၏။ အလုပ်လာရှာကြ၏။ ရတဲ့သူလည်း ရကြ၏။ ရလျှင်ပျော်၍မဆုံးပြီ။ တချို့လည်း အလုပ်ရပြီးကာမှ EP/S-Pass Reject ထိ၍ ပြန်တဲ့သူလည်း ပြန်ရ၏။ ရင်နာ၍မဆုံးပြီ။ ဆဲဆို ၍ အောင်ဖျာလိပ် ပြည်တော်ပြန်ကြသည်။ ပြန်ပြီးကာမှ Approval Letter ကျလာ၍ ၀မ်းသာအားရဖြင့် ပြန်လာကြရတဲ့ သူတွေလည်းရှိသည် ဟုကြားရသည်။

မြန်မာပြည်မှ စတင်ထွက်ခွာလာပြီးနောက် လေယာဉ်ပေါ်ရောက်လျှင် လေယာဉ်မယ်ကလေးတွေက Social Visit Pass အတွက် Embarking/Disembarking Card ခေါ် White Card ဆိုတာ လေးများ တစ်ခုစီပေးလိမ့်မည်။ ဖြည့်ရသည်။ ဒီအတွက် အိတ်ကပ်ထဲမှာ ဘောပင်တစ်ချောင်းဆောင်လာပါ။ အဲဒီကဒ်က အရမ်းအရေးကြီးသည်။ မပျောက်စေ့နှင့်။ အဲဒီကဒ်မှာ နာမည်၊ ပတ်စပို့နံပါတ်၊ စင်္ကာပူမှာ နေမည့် တည်းခိုမည့်လိပ်စာဖြည့်ရမည်။ ရှောရှောရှုရှု ဖြည့်ဖို့ အသိတစ်ယောက် ၏ လိပ်စာကို ကြိုမေးထားရမည်။ လေယာဉ်ပေါ်က ဆင်းပြီး တော်တော်လေး လမ်းလျှောက်ရသည်။ အပေါ်က Sign board တွေ မြှားတွေလဲ ကြည့်ကျက်ပြီးသွား။ Transit ဆိုတာဘက် ၀င်မသွားမိစေနဲ့အုံး။ သွားရင်းသွားရင်းနဲ့ Immigration Counter တွေ အများကြီးကို တွေ့ရမည်။ အဲဒါတွေမှာ ၀င်ရမည်။ ကောင်တာတွေက အများကြီးရှိသည်။ လူရှင်းတဲ့ သဘော ကောင်းမည့် ဥပတိရုပ်ရှိသည့် ကောင်တာကို ၀င်။ ကိုယ့်ကိုယ် ကို Confident အပြည့်ဖြင့် ၀င်။ ကြောက်ကြောက် ကြောက်ကြောက်မလုပ်နှင့်။ ကတုန်ကယင် လုပ်လေ ရစ်ချင်စရာ ကောင်းလေ ဖြစ်တတ်သည်။ ဗမာပြည်ကလာတာ ဆိုလျှင် ဘယ်မှာနေမှာလဲ ပိုက်ဆံဘယ်လောက်ပါလဲ မေးတတ်သည်။ မလေး ကုလား၊ မလေး ကုလားမများ (အုပ်ဆောင်း ဆောင်းထားတတ်သည်) ထိုင်နေသော Check Point ဘက်တွင် ၀င်မိသူများ အရစ်ခံရမည်မှတ်။ (အများအားဖြင့် အရစ်ခံရတတ်သည် ဟုကြားရသည်။)

တတ်နိုင်လျှင် US ဒေါ်လာ တစ်ထောင်လောက် (မြန်မာပြည်က အထွက်မှာတော့ ၄င်းပိုက်ဆံကို ၀ှက်လာ) သယ်လာခဲ့နိုင်လျှင် ပိုကောင်းသည်။ ကိုယ်မှာ အရံသင့် ဆောင်ထား ရမည်။ ပိုက်ဆံဘယ်လောက်ပါလဲ မေးလျှင် ဗုန်းခနဲ ချက်ချင်း ချပြလို့ရသည်။ ဒီက Sponsor လုပ်ပေးတဲ့ သူ ရှိယင်လည်း သူ့ PR/EP/S-Pass ကဒ် စတာတွေကို Copy တစ်စောင်တောင်း ထားရမည်။ ဖုံးနံပါတ်တွေ၊ နေရပ်လိပ်စာတွေ မေးထားရမည်။ " စင်္ကာပူ ကို ဘာလာလုပ်တာလဲ" လို့မေးရင် "အလုပ်လာရှာတာ" လို့ မဖြေသင့်၊ "အလည် လာတာ" လို့် ဖြေရမည်။

ပုံမှန်အားဖြင့် Social Visit Pass အတွက် ဗီဇာသက်တမ်း ကို ပတ်စပို့ပေါ်မှာ တလ ထုပေးလိမ့်မည်။ တခါတလေကြတော့ လည်း ဖြေတဲ့ အနေအထားပေါ်မှာမူတည်ပြီးတော့ ၂ပါတ်ပဲ ထုပေးသည် ဟုကြားရသည်။

Expired မဖြစ်ခင် ဗီဇာ သက်တမ်း တိုးထားရမည်။ သက်တမ်းတိုးဖို့ PR မိတ်ဆွေ တစ်ဦး ရှာထားရမည်။ ထိုသူက အာမခံပေးမှ တိုးပေးသည်။ ဗီဇာ သက်တမ်းတိုးဖို့ ICA ခေါ် Immigration Checkpoint Authority ရုံးကို သွားရမည်။ Lavendar MRT က ထွက်ထွက်ချင်း အဲဒီရုံးကို ရောက်သည်။ အလုပ်ရသွား ပြီး EP လျှောက်ထားတုံး တန်းလန်းကြီး White Card က Expired ဖြစ်သွားလျှင် တော့ MOM က နှစ်ပါတ်တိုးပေးသည်ဟု ကြားသည်။ MOM (Ministry of Manpower)

စင်္ကာပူ၌ အလုပ်ရှာကြသောအခါ Jobstreet.com/JobsDB.com တို့မှာ ရှာကြ၏။ တချို့လည်း မလာခင်ထဲက ကြိုလျှောက်ထား ကြ၏။ ကံကောင်းသူများ ၂ရက် ၃ရက်ဖြင့် အလုပ်ရကြ၏။ ကြိုတင်ပြင်ဆင် ထားတာလဲ ပါမည်ဟု ထင်သည်။ ကံခေသူများ ၃လပြည့်လို့အလုပ်မရ။ ဘာလိုနေလို့လဲတော့ မသိ။

Resume ကောင်းကောင်း ရေးထားရသည်။ Cover Letter ကောင်းကောင်းရေးထားရသည်။ အချိန်ရှိခိုက် လုံ့လစိုက်ရမည်။ အရပ်ကူပါ လူဝိုင်းပါ လုပ်ရမည်။ မီးပွင့်အောင် အသကုန် လျှောက်ရမည်။ Resume မရေးတတ်လျှင် စင်္ကာပူ အထာနပ်သော အသိတစ် ယောက်ယောက် ကို အကူအညီတောင်းရမည်။ တချို့ အလုပ်တစ်ခုရဖို့အတွက် တစ်နှေ့လျှင် အလုပ် ဆယ်ခုနှုံးဖြင့် အလုပ်ပေါင်း ၂၀၀ ခန့် ၃၀၀ ခန့် လျှောက်ကြရသည်။

တချို့က Resume ထဲမှာ ကိုယ်သိသမျှတွေ အသကုန် ထည့်ရေးသည်။ များများပါလျှင် ကောင်းသည်ဟုထင်သည်။ လုံးဝ မဟုတ်ပါ။ တကယ်က အလုပ်ကြော်ငြာမှာပါတဲ့ Requirements တွေနဲ့ ကိုက်ညီအောင် သင့် Resume ကို ကြည့်ကျက်ပြီး ဖြတ်ညှပ်ကပ် ပြန်လုပ်ရမည်။ Highlight လုပ်သင့်တဲ့ စကားလုံးတွေကို Highlight လုပ်၊ Bold လုပ်ပေးတန် Bold လုပ်ပေး၊ Underline လုပ်ပေးတန် Underline လုပ်ပေး ထားရပေမည်။

ကိုယ့်ဓါတ်ပုံ တွေထဲက မျက်နှာလေး ကြည့်လိုက်လျှင် ကြည်လင်နေသော ပုံကောင်းကောင်းလေးတစ်ပုံရှာ ပြီး Resume ထဲမှာ ထည့်ပေး။ မှုံကုပ်ကုပ်ပုံကို ထည့်လိုက်လျှင် Attraction လုံးဝမရှိပါ။ အဲဒါမှ ကိုယ့် Resume ကိုဖတ်မိတဲ့ သူက "အလို… ငါရှာနေတာ ဒီလိုလူပဲ…အင်း… သူ့ကို အင်တာဗျူးချင်လိုက်တာ" ဆိုတဲ့ စိတ်မျိုး တဖွားဖွား ပေါ်အောင် စီမံရမည်။ ရေးရမည်။ ကလေးကစားစရာ မဟုတ်။ သင့်ကိုယ်သင် marketing လုပ်နေရတာ အမြန် ထွက်သွားအောင် ရောင်းချနေတာ ဆိုတာ မမေ့အပ်ပေ။

ဒီလိုနဲ့ အင်တာဗျူး များခေါ်ကြလိမ့်မည်။ အများအားဖြင့် Interview ရပြီးဖြစ်ကြောင်း ဖုံးနဲ့ခေါ် တတ် ပြီး Email မှ Location Address ပို့တတ်သည်။ Email ကလည်း ပို့တတ်သည်။ အင်တာဗျူးလေး တစ်ခု နှစ်ခုရတာနဲ့ အောင်ပြီ အောင်ပြီဆိုပြီး လက်ခမောင်းမခတ်နဲ့ အုံး။ သိပ်ဝမ်းမသာ နှင့် အုံး။ အင်တာဗျူး ရတာနော်။ အလုပ်ရတာ မဟုတ်သေးဘူးနော်။ Job Offer မရမချင်း လက်ကိုင်းသန်သန် သာ အသကုန် ဆက်လျှောက် သင့်သည်။ ဇနက္ကထုံး နှလုံးမူရ၏။ အလုပ်မရမချင်း လုံ့ဝီရိယကို လုံးဝ မလျှော့အပ်ပေ။ Interview သွားလျှင် ကိုယ်က နာရီဝက် ကြိုရောက်နှင့်ရမည်။ ဒီလိုနဲ့ Interview အတွက် Appointment လုပ်ထားသည့် ရုံးခန်းရောက်လျှင် Form ဖြည့်ရမည်။ သင့် Resume တွေ Document တွေ၊ ရှိသမျှ အကုန် သယ်သွားသင့် သည်။ ကိုယ်လုပ်ထားတဲ့ Project တွေ ဘာတွေရှိယင်လဲ ယူသွား၊ မိတ်ဆွေရဲ့ ဖုံးနံပါတ်တွေ ဘာတွေလဲ မှတ်သွားရမည်။ Form ဖြည့်ဖို့က ၁၅ မိနစ် နာရီဝက်ပဲ အချိန်ရတတ်သည်။ အဲဒီလို အကုန်ဆောင်သွားတော့ Form ဖြည့်တော့ အဆင်သင့်ဖြစ်နေ မှာဖြစ်သည်။

အင်တာဗျူးသွားရလျှင် ကောင်းကောင်းမွန်မွန် ၀တ်စားသွားဖို့ မမေ့ အပ်ပါ။ မြန်မာပြည်ကနေ သစ်သစ်လွင်လွင် တစ်စုံကောင်း တော့ ထည့်လာခဲ့ရမည်။ ယောကျာင်္းလေးဆိုရင် ရှပ်အဖြူ လက်ရှည် ဘောင်းဘီအနက်၊ ခြေအိတ်အနက်၊ သန့်ပြန့်စွာ ဖီးလိမ်း ၀တ်ဆင် ပြီးသွား သင့်သည်။ မိန်းကလေးဆိုလျှင်လည်း ကလက်တက်တက်၊ မိပ်ကပ်တဖွေးဖွေး၊ တိုနံ့နံ့ မဖြစ်စေရ။ တိုက်ဂေါလဲ မဖြစ်စေရ။ မျက်နှာ၊ လက်ချောင်း၊ ခြေချောင်း သန့်ပြန့်ပြီး သန့်ရှင်းနေရမည်။ လက်သည်းခွံတွင်း ချေးမရှိရ။ ခံတွင်းနံ့မနံအောင် Menthol လေးဘာလေးငုံသွား ရသည်။ ချွေးနံ့လဲမနံစေရပေ၊ ရေမွှေးတွေ လဲ မွန်းနေအောင်ဆွတ်မသွားအပ် ပေ။ ချွေးနံတွေ မနံရုံ သင့်ရုံပဲ ဆွတ်ရ၏။ ရုပ်ကလဲ သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင်၊ စိတ်ကလဲ ပဲသန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင်။ အခု သင့်မှာ သံလိုက်ဓါတ်တွေ ပြည့်လာပြီ ဖြစ်သည်။ အင်တာဗျူးဖို့ အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။ သင့်ကိုကြည့်လိုက်တာနဲ့ အလုပ်ခန့်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာ အောင် စီမံ သွားရမည်။ သင့်ကို English လိုပဲ ဗျူးမှာဖြစ်သည်။

မိမိစိတ်ကလေးကို Relax လုပ်၍ အင်တာဗျူး မေးသူ ၏ မျက်လုံး နှစ်ခုကြားကို စိတ်အေးအေးလေးနဲ့ စူးစိုက်ကြည့်လိုက်ပြီး "ငါ့အရည်အချင်းတွေ ငါ့ပညာတွေနဲ့ မင်းတို့ကို ကူညီမလို့ လာတာ" လို့ စိတ်ထဲကညွှတ်ပြီး မိမိစိတ် အတွင်းကျကျ ဂလိုင်ထဲကနေ လှိုက်လှိုက်လှဲလှဲကြီး ရွတ်ဆိုလိုက်ပါ။ ဘယ်ကိစ္စဖြစ်ဖြစ် မေတ္တာဓါတ်ကို ကြိုတင်ပို့လွတ် ထားလျှင် ပြောရဆိုရတာ ပို ကောင်းသည်။ မေတ္တာဓါတ် အစွမ်းဖြင့် သင့် မျက်လုံး၊ သင့်အသံ မှာလည်း သံလိုက်ဓါတ်တွေ အားကောင်း လာမည်။ လုံးဝ ကိုယ်တွေ့ ဖြစ်ပါသည်။

စင်္ကာပူမှာတော့ အင်တာဗျူး မေးခွန်းတွေက နှစ်ပိုင်းရှိတတ် ပါသည်။ HR နှင့် Technical ဖြစ်၏။ HR ခေါ် Human Resource မေးခွန်းတွေက သင့်ကို စိတ်စမ်း တာဖြစ်သည်။ Attitude ကောင်းမကောင်း စစ်တာဖြစ်သည်။ Technical အပိုင်း မှာ သင့် နည်းပညာကို စစ်လိမ့်မည်။ သင့် Resume မှာ ပါတဲ့ သူတို့လိုချင်တဲ့ အပိုင်းကို သင် တကယ်ကျွမ်းမကျွမ်း စစ်မည်။ Technical ပိုင်းတွင် လိုအပ်လျှင် တစ်ခါတရံ Written ဖြေရတတ်သည်။ ရံဖန်ရံခါ လက်တွေ့လုပ်ပြရသည်။ ခက်ရာခက်ဆစ်တွေ လဲ လျှောက်မေးတတ်သည်။ ကိုယ်ဖြေနိုင်သလောက် ရိုးသားစွာ၊ အထူးရိုးသားစွာ ဖြေ။ မဖြေနိုင်ရင် ထားခဲ့။ မရမှာ အလွန်ကြီး မကြောက်နဲ့၊ မပူနဲ့။ ရချင်ဇောနဲ့ လဲ မလိမ်နဲ့ မရွီးနဲ့။ ရိုးသားနေတဲ့ စိတ်…အဲဒီ စိတ်မှာ အင်အားတွေရှိတယ်။ သတ္တိတွေရှိတယ်။ Power တစ်မျိုးလဲ ရှိတယ်။

အင်တာဗျူးမေးခွန်းတွေ အတွက် ကြိုတင်ပြီး လေ့လာချင်ယင် www.geekinterview.com မှာ ကိုယ်နဲ့ သက်ဆိုင်ရာ အပိုင်းလေးတွေကို ကြိုဖတ်သွားရင် အလွန် အသုံးတည့်တတ်တယ်။ ကြုံသမျှ အင်တာဗျူးတော့ Technical မေးရင် အဲဒီထဲက လွတ်တယ်ကို မရှိလှပါ။ (ကိုယ့်ပညာ ကလဲ စစ်စစ်မှန်မှန် နဲ့ တကယ် တတ်တာဖြစ်ရမှာပေါ့လေ) ။ ဒီ Geekinterview.com ကို ညွန်းတာကလည်း Cheat လုပ်ဖို့ ညွှန်း တာမဟုတ်ပါ၊ မဆိုင်တာတွေ လျှောက် ပြင်ဆင် မိမှာ စိုး၍ ဖြစ်ပါသည်။ ပမာဆိုရသော်… ကွဲစေလိုသည့်နေရာ မြန်မြန်ကွဲအောင် အက်ကြောင်း ပေးထား ခြင်း ဖြစ်ပါသည်။

Expected Salary နဲ့ပါတ်သက်လို့ကတော့ ကိုယ် ကျေနပ်ဖို့ပဲ ဖြစ်သည်။ ပေါက်ဈေးရယ်လို့ တော့ တိတိကျကျကြီးမရှိပါ။ မြန်မာပြည်ကလာသည့် အိုင်တီပညာရှင်များ ကတော့ ၁၈၀၀ နှင့် ၃၀၀၀ ကြားတော့ ရကြသည်ဟု ကြားသည်။ အချို့လည်း ၁၅၀၀ လောက်နှင့် နားလည်မှုယူပြီး လုပ်နေကြသည်။ တချို့လည်း တကယ်ကို လစာကောင်းကြသည်။ ကံပေါ်မူတည်သည်။

အလုပ်ဆိုတာကလည်း လစာတစ်ခုတည်းနှင့် တိုင်းတာလို့မရ။ လစာကောင်းပြီး နေ့တိုင်း နေ့တိုင်း ညစ်တွန်းတွန်းနေ ရတာတွေလည်းကြားရသည်။

တကယ်တော့ ဘ၀ ဆိုတာကလည်း မလွယ်။ နန္ဒာသိန်းဇံ ၏ ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာတွင် ဖတ်ဖူးသည်။ ရေတွင်းပျက်ထဲရောက် နေသော လူတစ်ယောက်လို ဖြစ်နေသည်။ ရေတွင်းဝမှာ နဂါးကြီးတစ်ကောင် အောက်ခြေမှာ နဂါးကြီးတစ်ကောင်၊ ကိုယ်က ရမိရရာ
ဆုပ်ကိုင်ထားမိသည် က သစ်ကိုင်းငုတ်လေးတစ်ခု၊ ၄င်း သစ်ငုတ်လေး၏ အရင်းကို ကြွက်ဖြူနှင့် ကြွက်မည်းက တချိန်လုံးကိုက်နေ၏။ ထိုအခိုက် ၀ယ် သစ်ကိုင်း တစ်နေရာမှ ပျားလဘို့တစ်ခု မှ ပျားရည်စက်ကလေး က တစ်စက် တစ်စက် ကျနေသည်။ ၄င်းပျားရည်စက် ကလေး များကို ပင် အငမ်းမရ ပါးစပ်ဖြင့် ခံယူယင်း မကုန်နိုင် မခမ်းနိုင် အရသာကြီးဟု ထင်နေမိလေ၏။ (ကြွက်ဖြူနှင့် ကြွက်မည်းဆိုသည်မှာ နေ့နှင့်ည ကို
ဆိုလိုသည်။ ပျားရည်စက်ကလေးများ မှာ အထင်မှားနေသော ရေပွက်ပမာ စည်းစိမ်။ နဂါးကြီးနှစ်ကောင်မှာ သေမင်း။ အထက်တက်တက် ... အောက်ဆင်းဆင်း... သေမင်းက စောင့်နေသည်။)

တချို့လည်း တိုက်ရိုက်အလုပ်ရှင် ဖြင့်ရကြသည်လည်း၏။ တချို့လည်း Agent တွေနှင့်ဆက်သွယ်မိပြီး ရကြသည်လည်း ရှိ၏။ တိုက်ရိုက်အလုပ်ရှင် ဖြင့်ရလျှင် များသောအားဖြင့် ကုမဏ္ဏီသေး တတ်၏။ ကုမဏ္ဏီသေးတော့ Job Secure သိပ်မဖြစ်တတ်။ သူ့စီးပွားကောင်းနေမှ ကိုယ်က မြဲမှာဖြစ်သည်။

Agent တွေဖြင့် ရလျှင် လျှင် ကုမဏ္ဏီကြီးတွေ ဖြစ်နေတတ်၏။ တိုက်ရိုက်တော့ မဟုတ်၊ Agent ရဲ့ လက်အောက်ပေါ့။ တဆင့် ပြန်ငှားတဲ့ သဘောပေါ့။ ကုမဏ္ဏီကြီး တော့ Permanent ရဖို့မလွယ်ပြန်။ Contract ဖြင့် ညားကြရသည်။ Agent Fee ကတစ်လစာ ပေးရတတ်လေ့ရှိသည်။ တချို့ Agent တွေကလည်း လစဉ်ခုတ်သည်။

အကြမ်းဖျင်းအားဖြင့် စင်္ကာပူ ၌ အလုပ်အကိုင်အတွက် Pass သုံးမျိုးရှိ၏။ EP ၊ S-Pass နှင့် WP ဖြစ်၏။ EP ရော S-Pass ရော လစာကိုတိုင်းသည်။ ဘွဲ့တိုင်းသည်။ Background ကြည့်သည်။ အနည်းဆုံး $2500 ကျော်မှ ချပေးသည်။ S-Pass က $1800 ကျော်မှ ချပေးသည်။ S-Pass က အလုပ်ရှင် ကုမဏ္ဏီ ၏ Quota ကိုစစ်သေးသည်။ အချိုးမှာ Local ၅ယောက်ရှိလျှင် နိုင်ငံခြားသား S-Pass တစ်ယောက်နှုံးဖြစ်၏။ မိမိနိုင်ငံသားများ အတွက် အလုပ်လက်မဲ့မှုနှုံး ကို ထိန်းသိမ်းနည်း တစ်မျိုး ဖြစ်လေသလော မသိပါ။


(MOM) http://www.mom.gov.sg
(Immigration Checkpoint Authority) http://app.ica.gov.sg

5 comments:

Anonymous said...

a Good Review, and suggestions but ICA is located at Lavendar MRT Station, one stop before the Kalland MRT Station.


Cheers :)

Yu Me said...

thanks for the info.it's really great.
THANKS !

Anonymous said...

How nice, thz for your sharing.
It is rather useful for us.
Great!

Unknown said...

Lavendar MRT က ထွက်ထွက်ချင်း အဲဒီရုံးကို ရောက်သည်။(that is what the writer write abt)i think u should go to eyes clinic.(just kidding)

Anonymous said...

Thanks for your post ..
This post is very useful for person who come to Singapore and find the job.