Saturday, January 19, 2008

မွေးရပ်မြေသို့ အလည်တခေါက်

မနက် သုံး နာရီခွဲ လောက်ရှိပြီ။ မြတ်မန္တလာထွန်း အမြန်ယာဉ် ကြီးသည် ရမည်းသင်း ကို ကျော်လာပေပြီ။ နောက်ဆယ့်ငါးမိနစ်လောက်နေလျှင် ပျော်ဘွယ် သို့ ရောက်ပေတော့မည်။ မွေးဌာနီသို့ ရောက်ပေတော့မည်။ ပျော်စရာကြီးဖြစ်သည်။

မွေးဌာနီ... အညာအရပ်ဆီသို့...
မျှော်ဆီမျှော်မှန်း စိတ်ဝယ်တမ်းတ...
မှန်းဆပါသည်... တမ်းတပါသည်....
လှည်းလမ်းတလျှောက်... ဖုံလုံးကြီးတွေ...
တလိမ့်လိမ့်တက်ခါမြင်ယောင်သေးတော့သည်...

ဆိုသည့် သီချင်းကိုပင် အမှတ်ရမိသေးသည်။ ကားထဲကနေ အောက်ကိုဆင်းတော့ မြောက်ပြန်လေ တစ်ချက်ဝှေ့သည်။ စိမ့်နေအောင်အေးလှသည်။ ညီလတ်ကို လာကြိုနေတာ တွေ့ရသည်။ အောက်ရောက်ရောက်ခြင်း သူက ခေါင်းစွပ်တစ်ခုထုတ် ပေးသည်။ နားရွက်တွေအေးလာသဖြင့် အမြန်စွပ်လိုက်သည်။ အထုပ်တွေ ဘစ်ကားပေါ်မှချ၊ ကားပေါ်တင် ကာ အိမ်ဘက်သို့ သွားကြသည်။ မြို့ ထဲ က ဖြတ်မောင်း နေရင်း ဘေးဘီကို ကြည့်မိသည်။ အော် တို့ ပျော်ဘွယ်က အရင်လိုလေးပါပဲလား။

ခဏအကြာတွင် အိမ်ရှေ့ရောက်ပေပြီ။ အော်... အိမ်ကလဲ အရင်လိုလေးပါပဲလား။ အိမ်ရောက်တော့ အဖေတို့ အမေတို့ နိုးနေကြသည်။ မတွေ့ရတာအတော် ကြာပေပြီ။ ၀မ်းသာ စရာကောင်းလှသည်။ ရောက်ရောက်ခြင်း နွားနို့ ပူပူ ပြစ်ပြစ်လေး တစ်ခွက် အမေက တိုက်သည်။ အထုတ်အပိုးတွေဘာတွေချ၊ စကားလေး ဘာလေး ပြောကြသည်။ ခဏနေတော့ တညလုံးကားစီးလာရလို့ လူတကိုယ်လုံးလဲ နုံးနေတာသတိပြုမိသည်။ တရေးတမော အိမ်မှဖြစ်မည် ဆိုကာ အိပ်လိုက်ရသည်။ ငယ်ငယ်က အိပ်နေကြ ကျနော့် အခန်းမှာ စောင်ထူထူ နှင့် ကွေးရတာ အရသာရှိလှသည်။

မိုးလင်း တော့ ဂ နာရီခွဲလောက်မှ အိပ်ရာကနိုးသည်။ မျက်နှာသစ် သွားတိုက်ပြီး အဖေ အမေတို့နှင့် စကားပြောရင်း အမေကြော်သော ကြာဇံကြော်ပူပူနွေးနွေး ကို မြိန်ရေယှက်ရေ စားလိုက်သည်။ ခဏနေတော့ အိမ်ဝင်းထဲ လျှောက်ကြည့်သည်။ အပင်လေး တွေ ထပ်စိုက်ထားသည်၊ ပန်းအိုးလေးတွေတိုးလာသည်၊ အုတ်တံတိုင်း အသစ်ပြင်ထားသည်၊ အိမ်ဆေးသုတ်ထားသည် မှ အပ ကျွန်တော် ရှိစဉ်ကအတိုင်းဖြစ်ပါသည်။ အိမ်ဝင်းထဲ တင် ဓါတ်ပုံလေးတွေ လျှောက်ရိုက်နေမိသည်။ အိမ်ရှေ့က မန်ကျည်းပင် လေး တွေတောင် တော်တော်ကြီးလာသည်။

နောက်တော့ ညီငယ်နှင့် အတူ ဆိုင်ကယ်လေးဖြင့် ဘုန်ကြီးကျောင်းဘက် ကို သွားသည်။ ဆရာတော် ထံ သွားသည်။ ဆရာတော် ကလည်း ၀မ်းသာနေသည်။ တရားအနည်းငယ် ချီးမြှင့်သည်။ ရောက်လေရာအရပ်မှာ လိမ်လိမ်မာမာနေဖို့ ဆုံးမ စကားပြောကြားသည်။

ပြီးတော့ ရွှေပြည်သာ ဘုရားပေါ်သို့ တက်ကြသည်။ ဘုရားပေါ်တွင်တိတ်ဆိတ်နေသည်။ ဘုရားက အတော်ပြုပြင်ထားသည်။ တော်တော်ပြောင်းလဲ သွားပေပြီ။ ရွှေသင်္ကန်း ကပ်လှု မွမ်းမံရန် ငြမ်းများ ဆင်ထားသည်။ ပစ္စယံတလျှောက် လက်ယာရစ်ဖူးမျှော်ခဲ့ သည်။

နောက်ပြီးတော့ တောင်ငူ မင်းကြီးညို တည်ထားကိုးကွယ်ခဲ့ သည့် မင်းရာမ စေတီဘက်ရောက်ကြသည်။ ဘုရားရိပ် က အေးမြလှသည်။ မင်းရာမ မှာလည်း ပြုပြင်ထားသည်။ မင်းရာမဘက်သွားတဲ့ လမ်းတွေက ကျနော်ရှိစဉ်ကနှင့်မတူ။ အရင်က ချိုင့်တွေ ကျင်းတွေနှင့် ဖြစ်သည်။ ယခု ပြင်ထားသဖြင့် တော်တော်လေး ချောနေသည်။

ဒီလိုနှင့် နေလည်ရောက်တော့ နေ့လည်စာ အိမ်တွင်စားလိုက်ကြသည်။ မျှစ်ချဉ်နှင့် ၀က်သား၊ ငရုတ်သီးထောင်းဖြင့် စားရသည်မှာ မြိန်လှသည်။ နေ့ခင်းကျတော့ ကျနော်စားချင်နေသော မုန့်လေပွေ၊ ပဲမြစ်၊ စိမ်းစားဥ များကျွေးသည်။ ညရောက်တော့ မိသားတစု ရေမုန့် နှင့် အကြော် စားကြသည်။

နောက်တနေ့ ရောက်တော့ အဒေါ်တို့ အိမ်သွားလည်၊ စကားတွေပြောကြ၊ ပျော်စရာကြီးဖြစ်သည်။ အဒေါ့် အိမ်မှာ မုန်ပျားသလက်နှင့် ခရမ်းချဉ်သီးထောင်း စားကြသည်။ မစားရတာ ကြာလှသဖြင့် စားလို့ ကောင်းလှသည်။ အဘွား လည်း ရောက်နေသည်။

ဒီလိုနှင့် ပျော်ဘွယ်မှာ လေးရက်လောက် ကြာသွားသည်။ အမျိုးတွေ၊ မိတ်ဆွေတွေ အိမ်လျှောက်လည် ကြသည်။ သူငယ်ချင်းမိဘတွေဆီ လူကြုံတွေဘာတွေ သွားပေးသည်။ မတွေ့ရာကြာတော့ သူတို့ လည်း ၀မ်းသာနေကြသည်။ သာကြောင်းမာကြောင်း အလ္လာပ သလ္လာပ တွေ ပြောကြသည်။ ပျော်စရာကောင်းလှသည်။

ပြန်မည့်နေ့ ကိုကြိုပြီး လက်မှတ်ဝယ်ထားရသည်။ အဖေနှင့် အမေ က ရန်ကုန်အထိ လိုက်ပို့ မည်ဟုပြောသည်။ ညီလတ်က သူတို့ အတွက်ပါလက်မှတ်ဝယ် လိုက်သည်။ အခု ရန်ကုန်မန္တလေး အမြန်ယာဉ်ကားတွေကတော့ အရင်နဲ့ စာလျှင် တော်တော်ပေါလာပါသည်။ ကျနော်တို့ မြို့ က ရန်ကုန်မန္တလေး ကားလမ်း ရထားလမ်း ပေါ်မှာရှိတော့ ဘာပဲဖြစ်ဖြစ် သွားရေးလာရေးကတော့ အဆင်ပြေပါသည်။ လွန်ခဲ့တဲ့ သုံးလေးနှစ် ကတော့ ကား နဲနဲ ရှားသည်။ ရွှေမန္တလာ အမြန်ယာဉ် လက်မှတ် သုံးယောက်စာ ၀ယ်လိုက်သည်။ ညရောက်တော့ အထုတ်အပိုး တွေ ကို ညီတွေက ကားဂိတ်ကို လိုက်ပို့ သည်။ ပြန်ကာနီးတော အိမ်က အကြော်အလှော်တွေလုပ်ပြီး အမြောက်အများ ထည့်ပေး လိုက်ကြသည်။

ရွှေမန္တလာ ကားကြီးဆိုက်လာပြီ... ကားပေါ် တက်ကြသည်။ အထုတ်အပိုးတွေ တင်ကြသည်။ သည်လိုနှင့် ကား ကြီး က တရွေ့ရွေ့ ထွက်ခွာ ခဲ့ပေပြီ။ လွမ်းသလိုလိုကြီး ခံစားရသည်။ နေရစ်ခဲ့ပေအုံးတော့ ပျော်ဘွယ် ရေ....


7 comments:

Myo Aung said...

ကျွန်တော့် အဘိုးအိမ်တောင်ပြန်သတိရသွားတယ်
ရွှေပြည်ရန်အောင်ထဲမှာဗျ ... အလည်ပြန်ချင်လိုက်တာ

ထွန်း said...

လွမ်းလိုက်တာ မုန့် ပစ်စလက် (မုန့် ပျားသလက်) အဖြူရောင် ပဲပြုတ်နဲ့ စားတာ ချက်စားလိုက်အုန်းမယ် အခု

ထွန်း said...

ဘယ်လင်တိုင်းနေ့  အမှီသရဖူဆောင်းပေးရအောင် လား

diLo said...

so gald u are enjoying during ur visit!
its sad that we have to leave our motherland..in search of work, study,$!

sigh..

thanks for the pix uploaded!
so glad to see pix of those goodie food!too bad ..it will be long before i can get to taste them..or to step on the land of our golden land!

Anonymous said...

ဘလော့ဆိုတာအစ်ကို့ဆီကနေ စမြင်ဖူးတာပါ။မကြာခဏလည်းဝင်လာဖတ်ဖြစ်တယ်။ သြဂုတ် ၂၀၀၇ လောက်ကစဖတ်တာပါ။ စီဘောက်စ်တင်မထားတော့ ရေးချင်တာအလွယ်တကူမရေးခဲ့၇ဘူး..ကွန်းမန့်ပဲဝင်ထားခဲ့တယ်။ အသစ်တွေရေးပါဦး။

Nay Nay Naing said...

ဒီပိုစ့်က ပုံတွေကြည့်ပြီး မုန့် ပျားသလက် အဖြူ စားချင်သွားတယ်။ အဲ့လို ပဲပြုတ်နဲ့ ဟာကို ဆားနဲ့ ဆီနဲ့  သုတ်ပြီး စားရင် အရမ်းစားလို့ ကောင်းတယ်။ ဒါမျိုး မစားရတာ ၈ နှစ်ကျော်လောက်ရှိပြီ။ ခရမ်းချဉ်သီးထောင်းတော့ မစားဖူးဘူး။ ရေမုန့် ပုံကလည်း စားချင်စရာပဲ။

Anonymous said...

ိဒီစာကိုဖတ်လိုက်ရတော့အိမ်ကိုအရမ်းသတိရသွားတယ်.........