Thursday, May 31, 2007

သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်း ခေါ် ခောတ်သစ်သချာင်္ဘာသာ၏ ဇစ်မြစ်


တစ်ခါတုံးက မြန်မာ ထန်းဖူးဇာတာ ဗေဒင်ဆောဖ့်ဝဲတစ်ခုကို C++ မှ C# သို့ပြန်ဆိုရေးသားပေးရဖူးသည်။ မူရင်းရေးသားသူသည် ကိုဝဏ္ဏကိုဖြစ်သည်။ တစ်ကြိမ် အင်တာနက်ဂျာနယ်မှာ သူနှင့်သူ၏ ကွန်ပျူတာနက္ခတ် ပညာရပ် အကြောင်းကို ဆောင်းပါးတစ်ခုရေးပေးခဲ့ရဖူးသည်။ အဲဒီတုံးက သူ့ souce code များကို လေ့လာလိုပါက ဖတ်ရှုရန်ပေးခဲ့သည်။ မဖတ်ဖြစ်ခဲ့ပါ။ နောက်နှစ်အနည်းငယ်အကြာမှ အမှတ်မဲ့ ဖတ်ရှုမိခဲ့ ပြီး ၄င်း source code ထဲတွင်လွန်စွာစိတ်ဝင်စားဖွယ် ကောင်းသောလျှို့ဝှက်နက်နဲသည့် ရှေးဟောင်းနည်းပညာရပ် တစ်ခုမြုပ်နှံရေးသားထားသည် ကိုတဖြည်းဖြည်းသိရှိလာခဲ့သည်။ ၄င်းမှာ ရှေးဟောင်းအိန္ဒိယမှ ဘုရားမပွင့်မီကတည်းက ပေါ်ထွန်းခဲ့သည့် သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်းမှ Algorithm များဖြစ်ကြောင်းသိရှိလာခဲ့ရသည်။ ထို DOS Mode C++ program များကို နားလည်အောင်ဖတ်ရှုကာ Web-based ဆောဖ့်ဝဲသို့ အသွင်ပြောင်းပေးခဲ့သည်။ အဲဒီ program ပြီးတော့ မန္တလေးမှ အကိုကြီး ကိုရဲမြတ်သူက hosting အတွက် sponsor လုပ်ပေးခဲ့သည်။ ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော်တို့ သုံးယောက်လုံးသည်၊ တာဝန်အရ သော်လည်းကောင်း ငွေကြေးအကျိုးအမြတ်တွက်သော်လည်းကောင်း၊ နာမည်ကြီးချင်လို့သော်လည်းကောင်း လုပ်ခဲ့တာမဟုတ်ပါ။ စိတ်ဝင်စားလွန်းလို့ လုပ်ခဲ့တာဖြစ်သည်။ အကျိုးအမြတ်တစ်ခုကတော့ ရာသီ၊နက္ခတ်၊ပြက္ခဒိန် များအကြောင်း နဲနဲလောက် ပိုမိုသိရှိလာခဲ့ရတာပဲဖြစ်ပါသည်။

ယခု အဲဒီ သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်းအကြောင်း နည်းနည်း ပြောပြချင်သည်။ ကျွန်တော် သိထားသလောက် အသိသည် တောင်ဇလပ်ပန်းကို ထုပ်သော ဖက်မျှသာ မွှေးပျံ့မည်ကို ဦးစွာဝန်ခံပါသည်။ အဲဒီ သိထားသလောက်ကလေးကိုပဲ ပြောပြချင်ပါသည်။

နက္ခတ္တဗေဒတွင် နှစ်ပိုင်းရှိပါသည်။ အတွက်ပိုင်း နှင့် အဟောပိုင်း ဖြစ်ပါသည်။ ယခုပြောပြချင်သည်မှာ အတွက်ပိုင်းကိုပြောပြချင်တာဖြစ်သည်။ မိတ်ဆွေ ဖတ်ရှုခဲ့ပြီးသည့်အတိုင်း ၄င်းဆောဖ့်ဝဲ အတွင်းဘက် မှ Algorithm များသည် ရှေးဟောင်း အိန္ဒိယ နက္ခတ်ကျမ်းတစ်ခုဖြစ်သည့် သူရိယသိဒ္ဓန္တကျမ်းလာ နည်းနိသျှ ကို အခြေပြုထားသည် ကို အကျမ်းအားဖြင့် သိရှိခဲ့ပြီးဖြစ်ပေလိမ့်မည်။

သူရိယသိဒ္ဓန္တကျမ်း သည် အိန္ဒိယမှ ခေတ်ဦး နက္ခတ္တဗေဒ(Astronomy) ပညာဆိုင်ရာ ကျမ်းတစ်ခုဖြစ်ပါသည်။ နောက် ၄-ရာစုလောက် မှ extant version စထွက်သည်။ နောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် အာရဗီဘာသာစကားသို့လည်းကောင်း၊ အနောက်တိုင်း တွင် လက်တင်ဘာသာ စကားသို့လည်းကောင်း ပြန်ဆိုရေးသားခဲ့ကြသည်။ အနောက်တိုင်း ပညာရပ်များတွင် ၄င်း၏ အငွေ့အသက်များ လွှမ်းမိုးဆဲဖြစ်သည်။(ရေးသူမသိပါ၊ တချို့စာအုပ်များတွင်လည်း ဈန်အဘိဥာဉ်ရ ရသေ့ တပသီများက အဘိဥာဉ်ဖြင့် စကြ၀ဠာတခွင် ကို ရှုစား၍ စီရင်ထားသည်ဟုလည်း ရေးထားကြသည်။ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အံ့ဖွယ်ကောင်းအောင် တိကျလှ၍ဖြစ်သည်။)

ရှေးရှေးတုံးက အင်္ဂလိပ် စက်နာရီ မရှိ။ အချိန်ကို သူတို့နည်းသူတို့ဟန်ဖြင့် ဒီလိုတွက်ကြသည်။

၁။ အသက်ရှုသွင်းရှုထုတ်တချက် (one respiration) မှစတင်ရေတွက်သည်။ ၄င်းကို ၁ ပရနာ (prana)။

၂။ အသက်ခြောက်ကြိမ်ရှုသွင်းရှုထုတ်ကို ၁ ၀ိနဒီ(vinadi)။

၃။ ၆၀ ၀ိနဒီ(vinadi)ကို ၁ နဒီ(nadi)။

၎။ ၆၀ နဒီ လျှင် ၁ ရက် (နေ့+ည) ၊ ၄င်းရက်အမျိုးအစားကို "သာဝန"(savana)(civil) ရက် ဟုခေါ်သည်။

၅။ ၄င်း "သာဝန(savana)" ၃၀ ရက် လျှင် ၁ "သာဝန(savana)" လ၊

၆။ နောက်တနည်း လပေါ်မှာရှိတဲ့ အရေးအကြောင်း ကို တိထီ(tithi)၊ တိထီ(tithi) ၁၅ ခါပေါ်ပြီး ၁၅ခါ ငုပ်လျှင် တလ၊ အင်္ဂလိပ်လို ဒီလိုနည်းဖြင့်ရေတွက်တဲ့လကို Lunar Month ဟုခေါ်သည်။

၇။ ၄င်း ၁၂ လ လျှင် လူတို့သက်တမ်းအားဖြင့် တနှစ်။

၈။ လူတစ်နှစ်သည် နတ်တို့၏ သက်တမ်း အားဖြင့် ၁ ရက်

၉။ နက်သက် ၃၆၀ ရက် သည် နတ်နှစ် ၁ နှစ်

၁၀။ နတ်သက် ၁၂၀၀၀ နှစ် ကို "ကတယုဂ်(caturyuga)" တစ်ခု ဟုခေါ်သည်။ "ယုဂ်(yuga)" ဆိုသည်မှာ ယုဂ(yuga)-အပိုင်းအခြား။ (လူတို့ ၏ နှစ် အားဖြင့် ပြန်လည်ရေတွက်လျှင် ၄၃၂၀၀၀၀ နှစ်)။ ၄င်း "ယုဂ်" ၁၀ ပုံပုံပြီး ၄ပုံ၊ ၃ပုံ၊ ၂ပုံ၊ ၁ပုံ ခွဲသည်။ အဲဒီအပိုင်း အခြားကို "ကပ်(krta)" ဟုခေါ်သည်။ တက်ကပ် နှင့် ဆုပ်ကပ် ဆိုတာလူကြီးသူမတွေ ပြောတာကြားဖူးကြမည်ထင်သည်။(ယခုလက်ရှိရောက်နေတဲ့ "ကပ်(krta)" သည် "ဆုပ်ကပ်" ဖြစ်သည်။ "ကလိယုဂ် ဆုပ်ကပ်မှာ လုပ်ရတ်နှင့်ပျော်ရတယ်~ ဆရာကြီး သခင်ကိုယ်တော်မှိုင်း")

၁၁။ ၄င်း "ကတယုဂ်(caturyuga)" ပေါင်း ၁၀၀၀ "ယုဂ်(yuga)" ကို ၁ "ကမ္ဘာ(kalpa)"

၁၂။ ၄င်း "၁ ကမ္ဘာ(kalpa)" သည် ဗြဟ္မာတို့ ၏ "တစ် နေ့လည်ခင်း"၊ ဗြဟ္မာတို့ ၏ ညကား နောက်ထပ်တကမ္ဘာ(kalpa)။



အမှတ်မဲ့ကြည့်လျှင် ပေါက်ကရတွေပါလားဟုထင်မြင်စရာရှိသည်။ ဒီလိုပေါက်ကရ တွေတွက် တော့ ပေါက်ကရတွေထွက် မှာပေါ့ဟုပြောစရာရှိသည်။ တိကျသလော မတိကျသလော ဥပမာ အားဖြင့် ပြောပြပါမည်။ သူရိယသိဒ္နန္တ ကျမ်းလာ Algorithm ဖြင့် တွက်လျှင် သာဝန(savana) တစ်နှစ် ကို 365.2563627 ရက်ဖြစ်သည်။ ယခု သိပ္ပံနည်းကျနည်းဖြင့် တွက်လျှင် သာဝန(savana)တစ်နှစ်ကို 365.25636305 ရက် ဖြစ်သည်။ ရှေးရှေးတည်းက ဘုရားမပွင့်ခင်ကတည်းက သချာင်္ပညာက ဒီလောက်ထိ တိကျဆဲ ခောတ်မှီဆဲဖြစ်ပါသည်။

ကျွန်တော်တို့ဆောဖ့်ဝဲမှာက ဒီ ရှေးဟောင်း Algorithm တွေကို အခြေပြုပြီး ခောတ်သစ်သချာင်္အသွင်ပြောင်းကာ ကမ္ဘာစဖြစ်တဲ့ရက်ကို အခြေပြုကိန်းအဖြစ် တွက်ထားပါတယ်။ ကျွန်တော်တို့ Web site ထဲမှာ မိတ်ဆွေရဲ့ မွေးသက္ကရာဇ်ကို ထည့်ပြီး တွက်လိုက်တာနဲ့ Program Code ထဲမှာ ကမ္ဘာစတည်တဲ့ ရက်ကနေ စပြီးတော့ မိတ်ဆွေမွေးတဲ့ အထိ ရက်စုစုပေါင်းကို အရင်တွက်စေပါတယ်။ နောက်မှ အဲဒီကိန်းကို ဂြိုဟ်အသီးသီးရဲ Position တွေတွက်တဲ့ Methods တွေထဲကို Parameter Passing လုပ်ပေးလိုက်ပါတယ်။ ဂြိုဟ် အသီးသီးရဲ့ အမြန်နှုံး၊ ကမ္ဘာလည်အား၊ ကမ္ဘာကြီး၏ ကြန္တီ ခေါ် စောင်းနှုံးစတာတွေ ရော Parameter တွေအဖြစ့်ထည့်တွက်ထားရသည်။ (ကမ္ဘာကြီးသည် 23.5 ဒီဂရီ စောင်းနေသည်။ သူရိယသိဒ္နန္တမှာ အဲဒါကို ကြန္နီလို့ခေါ်သည်၊ ကိန်းသေ၂၃ အံသာ ၃၀လိတ္တာဟု ညွှန်းထားသည်။) ဂြိုဟ်များ အားလုံးသည် ဘဲဥပုံ လည်ပါတ်နေသဖြင့် Position များကို တွက်ရာတွင် SINE, COSINE, TANGENT, SECANT တို့ဖြင့်တွက်ထားရသည်။ ဒီလိုနဲ့ပဲ Places, Motion, Direction, Moon and Eclipses, Projection of Eclipses, Planetary Conjuctions, Stars Rising and Settings, Moon Rising and Settings, Malignant Aspects of the Sun and Moon, Gnomon စတာတွေ ကို C# Planet Class ထဲမှာ Method တွေခွဲပြီး တွက်ထုတ်ထားသည်။

ဘုရားမပွင့်ခင်တည်းက ပေါ်တဲ့ ကျမ်းမှာ SIN တွေ COS တွေ ဘယ်ပါမလဲ လို့ပြောစရာ ရှိသည်။ ရှင်းဦးအံ့... သူရိယသိဒ္နန္တတွင် SINE ကို "(jya)" ဟုခေါ်သည်၊ COSINE ကို ""(kojya)"" ဟုခေါ်လေသည်။ INVERSE SINE ကို "(otkramjya)" ဟုခေါ်သည်။ ဘုရားမပွင့်ခင်တည်းက ကမ္ဘာကြီးလုံးတယ်ဆိုတာ၊ ကမ္ဘာကြီးစောင်းနေတယ်ဆိုတာ၊ နေတွေလတွေ ဂြိုဟ်တွေ ဟာ ဘဲဥပုံလမ်းကြောင်းနဲ့ သွားနေတယ်ဆိုတာတွေ က ရှေးလူတွေ သိပြီးသားဖြစ်ပုံရလေသည်။ Ref: http://en.wikipedia.org/wiki/Surya_Siddhanta

ဒါတွေကို အနောက်နိုင်ငံသားတွေ အရင်သိတာလား၊ အရှေ့တိုင်းသားတွေ အရင်သိတာလား ဆိုတာ ကွဲပြားသွားခဲ့ရလေသည်။

ငယ်ငယ်က ဖတ်ရှုဖူးသော ဦးဘဂျမ်း ၏ ကာတွန်းတပုဒ်ကို အမှတ်ရပါသည်။



လူငယ်။ "အဘရေ... အနောက်နိုင်ငံတွေမှာ လေယာဉ်ပျံတွေပေါ်နေပြီတဲ့"

အဘိုးအို။ "သူတို့က ခုမှပါကွာ... ဒသဂီရိတို့များ မယ်သီတာကို ခိုးတုံးက ရထားပျံနဲ့တဲ့"



မယုံမရှိပါနှင့်။ အဲဒါ တကယ်ဖြစ်နိုင်ပါသည်။ ရှေးဟောင်း ပညာရပ်များတွင်မြုပ်ကွက်များ အမှန်တကယ်ပင် များစွာရှိပါသည်။ ကိုယ်တိုင်လေ့လာဖူးမှ အံ့သြဘနန်းဖြစ်ခဲ့ရဘူးသည်။ ဂျပန်တွင် စက်ရုပ်များ ကို တွင်တွင်ကြီး အသုံးပြုနေကြသည်။ ငယ်ငယ်က သင်ကြားခဲ့ရသည့် Computer Science တွင်လည်း Artifical Intelligence ဟုခေါ်သည့်ဘာသာရပ်များရှိပါသည်။ တကယ်တမ်းကတော့ သူတို့ကခုမှဖြစ်ပါသည်။ ရှေးရှေးတုံးက စက္ကောမ ဟူသည့် အတတ်သည် အမှန်စင်စစ် Artifical Intelligence ထည့်သွင်းထားသည့် စက်ရုပ်များ ပင် မဟုတ်ပေလော။ အရှေ့တိုင်းထုံးစံ အတိုင်း ဆရာစားချန်ခြင်း၊ Documentation မကောင်းခြင်း၊ Opensource မဖြစ်ခြင်းတို့ကြောင့် တိမ်မြုပ် ပျောက်ကွယ်သွား ၍ လွန်စွာနှမြောစရာကောင်းသည်။



မြန်မာ ထန်းဖူးဇာတာ ဗေဒင်ဆောဖ့်ဝဲ မူရင်း version သည် online မှာ ယခုတိုင်အောင်ရှိပါသေးသည်။ http://horo.mandalayalpha.com/bchart.aspx မြန်မာစာ မြင်ရအောင် မြန်မာစာ font ကို download လုပ်ပါ။ http://horo.mandalayalpha.com/Download/Natas___.ttf

အဲဒီနေရာတွင်သင့်ရဲ့ဇာတာသင်တွက်ကြည့်ပါ။ မိတ်ဆွေမှာ ထန်းဖူးဇာတာ လက်ဝယ်

ရှိလျှင်လည်း အခုအွန်လိုင်းက တွက်တဲ့အဖြေနဲ့ မှန်မမှန် တိုက်စစ်ကြည့်ပါ။

အဟောလုံးဝ မပါပါ။ အတွက် သက်သက်ဖြစ်သည်။

Wednesday, May 30, 2007

ယောင်္ကျားအချစ်၊ မိန်းမအချစ်

ယောင်္ကျားလေးတွေဟာ မိန်းကလေးတစ်ယောက် ကိုဒီမိန်းကလေးဟာ ဘယ်လိုလူစားမျိုးပါလိမ့်လို့ မသိသေး တာတောင်မှပဲ ချစ်သွားမိတတ်ကြတယ်။ နှလုံးသားမှာ ပြင်းပြင်းထန်ထန်ခံစား လို့လဲ ရနိုင်တတ်ကြတယ်။ သူနဲ့တတွဲတွဲ နေလိုစိတ်လဲ ရှိတတ်ကြတယ်။ နောက်တော့၊ တချိန်ချိန်ကျတော့၊ သူမနဲ့ကောင်းကောင်း သိသွားရော၊ သူမကို တကယ်တမ်း ကြိုက်တောင်မကြိုက်ပါလား၊ တကယ်တမ်း စိတ်မ၀င်စားပါလား ဆိုတာ သူ့ဘာသာ ရှာဖွေတွေ့ရှိသွားတတ်ကြပြန်တယ်။ သူမကို ပြင်းထန်စွာ စွဲလမ်းနေသယောင် ဖြစ်နေတုံးကတော့ သူမနားမှာ အတူတူရှိဘို့ ၊ သူမအထင်ကြီးအောင်၊ သူမပျော်ရွှင်ဖို့ ဘာမဆိုလုပ်မယ် ဆိုတဲ့စိတ်မျိုး ဖြစ်နေလေ့ရှိကြတယ်။ နောက်ကြာတော့ အကြောင်းတွေသိသွားတော့ သူ့ရဲ့ စိတ်ဝင်စားမှုဆိုတဲ့ဟာတွေ၊ ဖီလင်ဆိုတဲ့ဟာတွေဟာ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားတတ်တယ်။ ဒါမျိုးကို အင်္ဂလိပ်လို "morning-after syndrome" လို့ခေါ်တယ်၊ မြန်မာလိုတော့ နိုးအိပ်မက် လို့ ဘာသာပြန်ရင် သင့်လိမ့်မယ်။ မနက် မိုးလင်းတဲ့ အခါ အိပ်ရာက မထခင် နိုးတစ်ဝက် အိပ်တစ်ဝက် စိတ်ကူးလေးယဉ်သလိုလို၊ အိပ်မက်လိုလိုကနေ တကယ်နိုးလာတဲ့ အခါ ခံစားရတဲ့ ခံစားမှုမျိုးကို ဆိုလိုချင်ပုံရတယ်။ ယောကျာင်္းတွေရဲ့အမြင်မှာ တရက်ရက်မှာ သူမဟာ အလွန်လှလိုက်တာ၊ ဘယ်လိုကြည့်ကြည့် တောက်ပနေတယ်လို့ထင်နေပြန်ရော။ နောက်တရက်ရက်ကျပြန်တော့ အမှတ်မဲ့ ကြည့်ပြန်တော့ သူမရဲ့ ခြေချောင်းများဟာ အလွန်ကြီးနေပါလား လို့ထင်နေပြန်ရော။ ဒါနဲ့ပဲ သူ့ရဲ့ အချစ်ဆိုတာတွေ ပျောက်ကွယ်သွားလိုက်ပြန်ရော၊ သူမဟာ သူ့အတွက် မဟုတ်ဘူးလို့ထင်ပြန်ရော၊ လက်ထပ်လိုစိတ် ဆိုတာတွေ ပျောက်ကွယ်သွားတတ်ပြန်ရော။ ယောင်္ကျားဆိုတာက ဒီလိုမျိုး နိမ့်ချည် မြင့်ချည် စိတ်ရှိတတ်တဲ့ အတွက် အဲဒီအခါမျိုမှာ မိန်းကလေးတွေက ဒီလိုစိတ်ကို အထင်လွဲတတ်ပြန်တယ်။ သူ့ရဲ့ အချစ်ကို သံသယ၀င်တတ်တယ်။ ဘယ်လိုလူပါလိမ့်၊ အရင်တုံးကတော့ ချစ်လှချည်ရဲ့ဆို၊ ဟုတ်လဲ မဟုတ်ပဲနဲ့ ကတိတွေပေးထားတာပါလား လို့ တလွဲထင်တတ်ပြန်တယ်။

မိန်းကလေးတွေကျတော့ ဒီလိုမဟုတ်ပါ။ တမျိုးတဖုံဖြစ်ပါတယ်။ မိန်းကလေးတွေဟာ ယောင်္ကျားတစ်ယောက်ကို ပထမဆုံး စိတ်ဝင်စားမိတဲ့ အချိန်ဟာ သူရဲ့ physical ကစတာ မဟုတ်ပါ။ ယောင်္ကျားတစ်ယောက်ကို စိတ်ဝင်စားမိပြီဆိုရင် emotion ကစပါတယ်။ mentally နဲ့ကစပါတယ်။ physically စိတ်ဝင်စားတာက နောက်မှ မရှေးမနှောင်းမှ စတင် ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်တတ်တဲ့အတွက် သူမဟာ ယောင်္ကျား တစ်ယောက်ဟာ သူမအတွက် physically ဆွဲဆောင်မှု စတင် ရှိနေရင်တောင် emotionally ဆွဲဆောင်မှုရှိနေတယ်လို့ မှားယွင်းစွာ ကောက်ချက်ချလိုက်မိတတ်ပါတယ်။ ယောင်္ကျားလေးကလဲ သူမလိုခံစားရမယ်လို့ သူမထင်နေတတ်တယ်။ ကွဲပြားမှုကို သူမနားမလည်နိုင်ဘူး။ တကယ်တော့ ယောင်္ကျားတွေက physical ကစတယ်။ ယောင်္ကျားတွေမှာကတော့ physically attracted ဖြစ်လေ၊ စဉ်းစားဥာဏ်တွေ မြော်မြင်တတ်တာတွေ နည်းပါးလာတတ်တယ်။ အဲဒီအခါမျိုးတွေမှာ သူမဟာ သူ့အတွက် ကမ္ဘာပေါ်မှာ the most special woman ပါလား လို့ ပြုမူ ဆက်ဆံတတ်ပါလိမ့်မယ်။ ဒါကလဲ အခိုက်အတန့်တစ်ခုပါ။ တသက်လုံးဒီလိုပြုမူလိမ့်မယ်လို့ မထင်မိစေပါနဲ့။ ယောင်္ကျားလေးတွေမှာ ဒီလိုမျိုး စိတ်အခြေအနေ၊ ခံစားမှု အတိုးအလျော့ အမျိုးမျိုးရှိတတ်တဲ့ အတွက် ကလည်း မိန်းကလေးတွေက ယောင်္ကျားတွေရဲ့ အချစ်ဆိုတာ တကယ်မဟုတ်ပါလား၊ အပေါ်ယံပါလား လို့ အထင်ရောက်သွားကြပြန်တယ်။ ဒါတွေကို နားလည်ဖို့လိုတယ်။ ယောင်္ကျားလေးတွေရော မိန်းကလေးတွေရော ဒီကွဲပြားတဲ့သဘောလေးကို သိနေတာ ကို understanding လို့ခေါ်ရမလားပဲ။



Dr. John Grey (PH.D) ၏ Mars and Venus မှ Man's Passion vs Woman's Passion ကို ဆီလျှော်အောင်ပြန်ဆိုထားပါသည်။

Sunday, May 27, 2007

ကျွန်တော်တို့ငယ်ငယ်တုံးက... (၄)

ရန်ကုန်မှာ ကျောင်းစတက်တော့ အဆောင်က ချက်ခြင်းမရသေးပါ။ ရေကျော်အိမ် မှာ ခတ္တနေရသည်။ ကွန်ပျူတာတက္ကသိုလ် က လှိုင်နယ်မြေ မှာ ဆိုတော့ ၅၀ ကား စီးပြီး သွားရသည်။ တစ်နာရီ ကျော်ကျော်လောက်ကြာသည်။ တစ်ပါတ်လောက်ကြာတော့ အဆောင်ရသည်။ ကျွန်တော်တို့နှစ်က ကွန်ပျူတာကျောင်းသားတွေ က တဆောင်တည်းတွင်မနေကြရ။ ဒါပေမယ့်အားလုံးတော့ ရန်ကုန်တက္ကသိုလ် Main ထဲမှာ အဆောင်ရသည်။ တစ်ချို့က ဒဂုံဆောင် တွင်၊ တစ်ချို့ က အင်းဝဆောင် တွင်နေခွင့်ရသည်။ ကျွန်တော်က ဒဂုံဆောင်မှာ နေခွင့်ရသည်။ ရောက်ကာစက နှစ်ယောက်တစ်ခန်း မြေညီထပ်မှာ နေရသည်။ ဒုတိယနှစ်ကျတော့ ပထမထပ်မှာနေရသည်။ အဆောင် မှာ နေရသည့်ရက်များသည် ကျွန်တော့်ဘ၀တွင် အပျော်ရွှင်ဆုံး အချိန်များ ဖြစ်ပါသည်။

အဆောင်မှာ က ထုံးစံအတိုင်း ထမင်းဟင်းကတော့ မကောင်း။ ၀က်သားချက်လျှင် အဆီတုံး ၉၀ ရာနှုံး ခန့်ပါသည်။ ရေပေါလောဖြစ်သည်။ ပဲဟင်းဆိုလျှင် ပဲကတခြား ရေကတခြားဖြစ်သည်။ ကန်ဇွန်းရွက်ကြော်ဆိုလျှင် မသင်ပဲ နုတ်နုတ်စဉ်းပြီးကြော်ထားသည်။ ဒါပဲရှိတာဆိုတော့ ဒါပဲ စားကြရသည်။ အပြင်မှာဝယ်စားလျှင် ဈေးကြီးသည်။ အိမ်ကထည့်ပေးလိုက်တဲ့ ငပိကျော် ငါးခြောက်ကြော် ဖြင့် ရောနှောပြီး လွေးကြရသည်။ စားလို့တော့ကောင်းသွားတာပဲဖြစ်သည်။ တစ်ခါတလေတော့ ပိုက်ဆံနဲနဲရှိလျှင် ထမင်းစားဆောင် ဘေးလေးမှာ ရောင်းသည့် လက်ဖက်သုတ်လေးတွေ၊ အမဲကြော်လေးတွေ၊ ငါးမွှေချက် လေးတွေ နဲ့ စားကြသည်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စားရလို့လားမသိ။ စားလို့တော့ တော်တော် မြိန်သည်။

အဆောင် ရောက်ကာ စက တစ်ယောက်နဲ့တစ်ယောက် သိပ်မခင်သေး။ တစ်ယောက်နှင့် တစ်ယောက် လည်း အလွန်လေးလေးစားစား ဆက်ဆံကြသည်။ "အကို" ဟုသုံးနှုံးကြသည်။ "အကို က ကွန်ပျူတာကလားခင်ဗျ" စသည်ဖြင့် မိတ်ဆက်ရသည်။ နောက်တော့လည်း ခင်မင်လိုက်ကြသည်မှာ တစ်ယောက်နှင့်တစ်ယောက်တွေ့လျှင် ငါနှင့် ကိုင်တုတ်ကြသည်အထိ ပြောမနာ ဆိုမနာ တွေ ဖြစ်သွားကြသည်။ ရောက်ခါစက ဆက်ဆံပုံတွေ ပြောပြော ပြီးရယ်ကြရသည်။

အဆောင်မှာတုံးက ကိုယ့် အခန်းကို မနေ။ သူများအခန်းတွေ သွားသွားလည်သည်။ အိပ်ခါနီးမှ ကိုယ့်အခန်းကိုယ် ပြန်အိပ်သည်။ သူငယ်ချင်း တစ်ယောက် ၏ အခန်းဆိုလျှင် လူအလွန်စည်သည်။ စည်မှာ ပေါ့၊ ဖဲဝိုင်းရှိတာကိုး။ စာမေးပွဲ ဝေးတဲ့ ရက်တွေဆိုလျှင် နေ့ရောညရော ဖဲရိုက်ကြသည်။ လူသာလဲသွားသည်။ ဖဲဝိုင်းကမရပ်။ ဖဲထုပ်တွေဆို သုံးရက်လောက်ပဲခံသည်။ ကလဖန်ထိုးပါများပြီး စုတ်စုတ်သွားလို့ဖြစ်သည်။

အဆောင်မှာ ဂစ်တာအတီးကောင်းသည့် သူငယ်ချင်းတွေ ရှိသည်။ ညည ကြလျှင် ကွန်ပျူတာက ကောင်မလေးတွေရှိသည့် ငုဝါဆောင်ကို သွားသွားပြီး သီချင်းဆိုကြသည်။ Main ထဲက နေ သမိုင်းဝင်း ထဲမှာရှိသည့် ငုဝါဆောင်အထိ လမ်းလျှောက်သွားကြသည်။ သီချင်းဖြင့် ရင်ဖွင့်ကြသည်။ မူးကြသည်။ အော်ကြသည်။ ပျော်စရာကြီးဖြစ်သည်။ ငုဝါဆောင်က Hall ပုံစံ ရှည်ရှည်ကြီးဖြစ်သည်။ Container ကြီးနှင့်တူသည်။ ပြူတင်းပေါက်များက ဘေးဘက်မှာရှိသည်။ အဲဒီတုံးက ငုဝါဆောင်ရဲ့ ဘေးဘက်မှာ မြေကြီးပုံကြီးတစ်ပုံရှိသည်။ ပြူတင်းပေါက်များရှိတဲ့ဘက် တဲ့တဲ့ လောက်မှာဖြစ်သည်။ အဲဒီပေါ်က တက်တက်ပြီး အသကုန်အော်ကြ ဆိုကြသည်။ သူငယ်ချင်း ကောင်မလေးတွေကလည်း တော်တော်အားပေးသည်။ သီချင်းစဆိုသည်နှင့်ပြူတင်းပေါက်တွေ တစ်ဝုန်းဝုန်းပိတ်ကြသည်။ အဲဒီလောက် တောင် အားပေးကြသည်။ ကျွန်တော်တို့ကား ဇွဲမလျှော့။ လုံးဝမမှု။ ဆိုမြဲပင်ဖြစ်သည်။ အမူးလည်းပြေ၊ အသံတွေလည်းဝင်၊ မောလောက်မှ ပြန်ကြသည်။ သူငယ်ချင်းတစ်ယောက်က creative အတော်ဖြစ်သည်။ ကျောင်းသားရေးရာ ကိုသွားပြီး ကောင်မလေးတွေရဲ့ အဖေနာမည်တွေ ကြည့်ပြီးမှတ်လာခဲ့သည်။ ဒီအကြံမဆိုး။ အဆောင်ရောက်လျှင် ရည်ရွယ်သူ ကောင်မလေး နာမည်တိုက်ရိုက်မပြော။ အဖေနာမည် ဖြင့် ဘယ်သူ့အတွက် ဆိုတာ အော်ပြောသည်။

တစ်ခါတရံ ငယ်ငယ်တုံးက အဆောင်မှာနေတုံးကအဖြစ်အပျက်များကို တော်တော်လွမ်းမိသည်။



ဆက်ပါဦးမည်...

Saturday, May 26, 2007

Black Google Would Save 750 Megawatt-hours a Year

Customized Google search တစ်ခုဖြစ်တဲ့ Blackle ကို သုံးစွဲကြပါလျှင် Energy save ဖြစ်သောကြောင့် ကမ္ဘာတ၀ှမ်း တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အား ၇၅၀ မီဂါဝပ် သက်သာ နိုင်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့  screen က အနက်ရောင်လေ။ Google မှ Google အစစ်ပါ၊ Result တွေက အနက်ရောင်နောက်ခံပေါ်မှာ အဖြူရောင်စာလုံးများနဲ့ ပေါ်တာကလွဲလို့ပေါ့။ ဒီလို အနက်နောက်ခံ အသုံးပြုထားလို့ သိသာလောက်အောင် power-saving ဖြစ်ပါတယ်တဲ့။

Friday, May 25, 2007

Friendship, Relationship, and Loving-kindness

Love is not enough for two people to live together; deep understanding of each other is necessary. Love is not enough in a relationship; deep understanding and appreciation is also necessary. See if you can accept all the bad things about him without wanting to change him and see if you can also respect him as he is now. Dependent relationships don’t work well.

အချစ်တစ်ခုတည်းနဲ့ အတူနေဖို့ မလုံလောက်သေးပါဘူး၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိဖို့ ကမရှိမဖြစ် လိုအပ်ပါတယ်။ သူ့ရဲ့ ဆိုးတဲ့အချက်တွေ အားလုံးကို လက်ခံနိုင်မယ်၊ အဲဒါတွေကို ပြင်ခိုင်းဖို့ ဆန္ဒ မရှိဘူး။ လက်ရှိအနေအထား နဲ့ ပဲ သူ့ကို စိတ်ထဲက လေးလေးစားစား ရှိမယ်။ မှီခိုမှုတစ်ခုခု ရှိနေတဲ့ Relationship တွေကလဲ တကယ်တမ်းကျတော့ မကောင်းပါဘူး။



Relationships shouldn’t be used as a means; it should end in love, understanding, respect and appreciation. Nobody is perfect. Sometimes relationships become entanglement if they are not grounded on right attitude.

တစ်ဦးနဲ့တစ်ဦး ချစ်ခြင်း၊ နားလည်ခြင်း၊ လေးစားခြင်း နှင့် အသိအမှတ်ပြုခြင်း တို့နဲ့ အဆုံးသတ်တဲ့ Relationship ဖြစ်ဖို့လိုတယ်။ အမုန်းတရားတွေနဲ့ အဆုံးသတ်တဲ့ Relationship မဖြစ်သင့်ဘူး။ လောကမှာ ဘယ်သူမှ perfect ဖြစ်တဲ့ ပြည့်စုံတဲ့သူမရှိဘူး။ တခါတရံ မှန်ကန်တဲ့ စိတ်ရင်းပေါ်မှာ အခြေပြုမထားတဲ့ Relationship တစ်ခုဟာ တဖြည်းဖြည်း ရှုပ်ထွေးလာစေနိုင်တယ်။



Do not use marriage or any relationship as a means to solving a problem. People should relate to each other just because they love, respect and appreciate (admire) each other as the way they are. Otherwise there is no genuine relationship.

လက်ထပ်ခြင်းကို ပြသနာတစ်ခုဖြေရှင်းဖို့ သက်သက် အသုံးမပြုမိစေပါနှင့်။ ချစ်ခြင်း၊ နားလည်ခြင်း၊ လေးစားအသိအမှတ်ပြုခြင်းတို့ နဲ့သာ တစ်ဦးနဲ့တစ်ဦး ပါတ်သက် နေသင့်တယ်။ ဒီလိုမှ မဟုတ်ရင် တကယ့် စစ်မှန်တဲ့ Relationship မဟုတ်ဘူး။



It’s OK to fall in love but don’t be in a hurry to get married. People change once they’re in an intimate relationship.

ချစ်မိတယ်ဆိုတာ အချိန်မရွေး  ဖြစ်လို့ရတယ်။ လက်ထပ်ဖို့ လောစရာမလိုပါ။ လူတွေက သမီးရည်းစား ဘ၀မှာတင် ပြောင်းလဲတတ်ပါတယ်။



It takes a lifetime to make sure that you really love somebody. The hay stack burns with a big flame and lasts for a short time, but the husk fire burns imperceptibly and lasts for a long, long time.

တကယ်ချစ်မချစ် ဆိုတာ သေချာဖို့ ဆိုရင် တဘ၀လုံးကြာချင်ကြာနိုင်တယ်။ ကောက်ရိုးမီး တွေက ကြီးတယ်၊ မြန်မြန်ကုန်တယ်။ ဖွဲမီး တွေဟာ တငွေ့ငွေ့နဲ့ ကြာရှည်ခံ တတ်တယ်။



Marriage is not a bad thing. I’ve seen many couples living in harmony, supporting each other in dhamma practice. It is very rare though.

လက်ထပ်တယ်ဆိုတာက ကြောက်စရာကောင်းတဲ့ အရာမဟုတ်ပါ။ တစ်ဦးနဲ့တစ်ဦး အပေးအယူမျှ အဆင်ပြေပြီး လိုက်ဖက်ညီတဲ့စုံတွဲတွေ အများအပြား တွေ့ဖူးကြမှာပါ။ တစ်ချို့ဆိုဓမ္မမိတ်ဆွေ တွေအဖြစ်တောင်ဖြစ်နေကြတယ်။ အင်မတန်တော့ ရှားတယ်။



It is so rare to find somebody who cares for you. Love without hoping for the relationship to last. Look at the glorious sunset while it is there, but you can’t hold on to it.

ကိုယ့်ကို တကယ်ဂရုစိုက်တဲ့လူကို တွေ့ဖို့ဆိုတာက အင်မတန် ရှားတယ်။ ဖြစ်တောင့်ဖြစ်ခဲပါ။ အချစ်သက်သက် နဲ့ကတော့ ခိုင်မြဲတဲ့ Relationship ဖြစ်ဖို့ မျှော်လင့်လို့မရဘူး။ နေ၀င်ချိန်တွေကို ကြည့်ဖူးကြမှာပါ။ နေ၀င်ချိန်ကိုကြည့်ပြီး ကြည်နူးလို့ရတယ်။ နေ၀င်ချိန် လေးကို ဖမ်းဆုပ်ထားလို့တော့ မရဘူးနော်။



We never have too much metta; usually we have too little. Real metta never makes you unhappy. It is attachments and expectations which make you unhappy. You can’t expect metta as a return for your metta; metta can’t be traded. If there’s an expectation, then that means there’s self-interest. If we love somebody because we want to be loved, then we get hurt when we don’t get metta in return.

လူသာမန် ပုထုဇဉ် တွေမှာ ဘုရားရဟန္တာတွေမှာလို အင်မတန်ကြီးမားတဲ့ အနန္တမေတ္တာ ဆိုတာမျိုး တော့မရှိပါဘူး။ သာမန်မေတ္တာဓါတ် တော့ရှိပါတယ်။ တကယ့် မေတ္တာ သက်သက် ဆိုရင် သိပ် အေးချမ်းတယ်။ မေတ္တာ သက်သက်ကြောင့် ဘယ်တော့မှ စိတ်မချမ်းမသာဖြစ်ရတယ် ဆိုတာမရှိဘူး။ စိတ်ညစ်ရတယ်ဆိုတာ က နောက်မှာ ချိတ်ကလေးပါ ပါနေလို့။ တစ်ခုခုကို မျှော်လင့်နေလို့။ မေတ္တာဆိုတာက မျှော်လင့်ချက်လုံးလုံးမပါဘူး။ မေတ္တာမှာ အပေးအယူ မရှိဘူး။ တစ်ယောက်ယောက်ကို ချစ်မိပြီး  ခံစားရတယ် နာကျင်ရတယ်ဆိုတာ က တုံ့ပြန်မှုကို မျှော်လင့်နေလို့ပါ။



Feelings come and go and desires come and go - let them come and go. Don’t take them so seriously. Just watch them. If you don’t try to control them and don’t wish them to be otherwise you won’t get so upset. Our desire to be in control makes us burn out. We don’t suffer because we have a heart; we suffer because we have desires and take them so seriously.

ခံစားမှုတွေဆိုက ဖြစ်လိုက်ပျက်လိုက်၊ လိုအင်ဆန္ဒတွေကလည်း ဖြစ်လိုက်ပျက်လိုက်။ သူသဘောအတိုင်းသူရှိပါစေ။ ထားလိုက်ပါ။ အဲဒါတွေကို serious ဖြစ်ဖို့မလိုပါ။ စောင့်ကြည့်ယုံသက်သက်လေးပဲ။ စိတ်ပျက်ရခြင်း၊ စိတ်ညစ်ရခြင်းရဲ့ အကြောင်းရင်းက အဲဒါတွေကို control လုပ်ချင်နေလို့။ ခံစားမှုအတွက် နာကျင်မှုရှိနေတော့ ဒါကို မလွန်နိုင်ဘူး ဖြစ်နေတာ။ နာကျင်မှုကလည်း အဲဒါကို ဇွတ်အတင်း ဆုပ်ကိုင်ထားလို့ဖြစ်နေတာ။





Friendship, Relationship, and Loving-kindness

Snow In he Summer (U Jotika)

http://www.buddhanet.net/friend.htm





Powered by ScribeFire.

KhunMyaHlaing ၏ "အမှန်တကယ်ကြီးပြင်းလာအောင်ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်မလဲ"

ကျွန်မ မြန်မာပြည်မှာ ကလေးဘ၀နေခဲ့စဉ်က မိမိကိုပျိုးထောင်ခံရပုံနဲ့ သူတပါးတွေပျိုးထောင်ခံခဲ့ရပုံ တွေကို ခုထိမှတ်မိနေပါသေးတယ်။ အမြင့်မတက်နဲ့၊ ပြုတ်ကျမယ်၊ ညနေဆိုအပြင်မထွက်နဲ့၊ သူရဲကိုက်လိမ့်မယ်။ ကြောင်ကြီးလာပြီ၊ စလောင်းဖုံး၂ချပ်ကိုရိုက်ရင်ကျားကိုက်မယ်။ ညဘက်အိမ်ထဲမှာ ခြေသည်းလက်သည်း မညှပ်ကောင်းဘူး၊ ဟဲ့ဆော့လှချည့်လား..ငါရိုက်လိုက်ရ။ ဟိုကလေးကိုကြည့်စမ်း.. ငြိမ်နေတာပဲ.. ဘယ်လောက်လိမာလဲ.. နင်တို့ကတော့ တုတ်စာနဲ့မှငြိမ်မယ့်ဟာတွေ.. အစရှိသဖြင့်။ သည်လိုဆုံးမမှုမျိုးအောင်မြင်သလားဆိုတော့... ဟုတ်ကဲ့။ သရဲကိုမြင်ဖူးချင်လို့ သင်္ချိုင်းကုန်းကို မနက်စောစောသွားပြီး ချောင်းပါတယ်။ ဥစ္စာစောင့်ကိုမြင်ဖူးချင်လို့ ညနေစောင်းမှာ ပြာထုပ်တွေကိုင်ပြီး ခြောက်သည်လို့နာမည်ကြီးသောနေရာကို အစ်ကိုဝမ်းကွဲတွေနဲ့ အတူ သွားချောင်းပါသည်။ ကြောင်ကိုအလွန်ချစ်ပါသည်။ ဘုရားပေါ်ကို ကုတ်ကပ်တက်တာ ခေါင်းလောင်းမှောက်ထိ ရောက်ပါသည်။ ဘုရားရှေ့က ခြင်္သေ့ကြီးကို ဂုတ်ခွစီးပါသည်။ မလုပ်နဲ့ပြောလေ၊ လုပ်ချင်လေဆိုသည်မှာ ကလေးတိုင်းတို့ရဲ့ ဖြူစင်သောဗီဇစိတ်ပါ။ စူးစမ်းသောစိတ်သည် တော်လှန်သောစိတ်မဟုတ်ပါ။ ကလေးတိုင်း၊ လူငယ်တိုင်း စူးစမ်းလိုသောစိတ်ရှိကြပါသည်။ မည်သူ့ဘိန်းစားကမှ ဘိန်းစားဖြစ်ချင်လို့ ဘိန်းစားသည်မဟုတ်၊ စမ်းကြည့်ရင်းစွဲလို့ ဘိန်းစားဖြစ်တာချည့်ဖြစ်ပါသည်။ လူကြီးများက ကိုင်တွယ်တတ်ဖို့သာလိုပါသည်။ ကလေးမို့လို့ လူကြီးပြောသမျှယုံမယ်ထင်ရင် လူကြီးမှားပါသည်။ လူကြီးပြောတာ ဟုတ်လားမဟုတ်လားသိချင်လို့စူးစမ်းသောကလေး ပိုများပါသည်။

ကမ္ဘာ့အရှေ့ခြမ်းက အနောက်နိုင်ငံ (အရှေ့ခြမ်းမှာရှိပြီး အနောက်နိုင်ငံကစနစ်ကိုကျင့်သုံးပြီး အနောက် နိုင်ငံသားများတဲ့နိုင်ငံ ) တစ်ခုမှာတိုက်ခန်းအရောင်းပြခန်းတစ်ခုကို ရောက်သွားဖူးပါတယ်။ တိုက်ဝယ်ဖို့ လာကြသူတွေအများကြီးပေါ့။ ထူးခြားတာက မြန်မာနိုင်ငံလို လူကြီးတွေချည့်လာကြည့်ကြတာ မဟုတ်ပါ ဘူး။ ကလေးတွေရော၊ အဘိုးကြီးအဘွားကြီးတွေနဲ့ လက်တွန်းလှည်းသုံး ဒုက္ခိတတွေလည်းပါပါတယ်။ အဘိုးကြီးအဘွားကြီးများနဲ့ လက်တွန်းလှည်းသမားတွေပါ ကိုယ့်အားကိုယ်ကိုးပြီး နေလို့ရမယ့်အိမ် ပုံစံ များကိုလည်း စနစ်တကျ သုတေသနလုပ်ပြီးဆောက်ထားတဲ့အိမ်များကိုတွေ့ရပါတယ်။ လူတိုင်းကိုယ့် အား ကိုယ်ကိုးနေလို့ရမယ့်နည်းတွေကိုချည့် စိတ်ဝင်စားကြတာကို အားတက်ဖွယ်တွေ့လိုက်ရပါတယ်။ နည်းနည်းစပ်စုလိုက်ကြည့်လိုက်တော့မှ မထင်မှတ်တာကိုတွေ့မိပါတော့တယ်။

စောင်းငန်းစောင်းငန်းလေး လမ်းလျှောက်တတ်ကာစ ကလေးကိုအမေဖြစ်သူက တိုက်ရွေးခိုင်းနေတာပါ။ ကလေးကိုတိုက်ထဲမှာလမ်းလျှောက်ခိုင်းတယ်၊ လျှောက်ကိုင်ကြည့်ခိုင်းတယ်။ ကလေးက တိုက်နံရံက ဇောင်းကလေးတစ်ခုကိုပွတ်သပ်လိုက်ပြီး အမေကိုကြည့်နေတော့ အမေက အင်း.. တော်လိုက်တဲ့သား.. နောက်တိုက်တလုံး သွားကြည့်ကြစို့လို့ ပြောပြီး ကလေးကိုလက်ဆွဲပြီး ထွက်သွားတော့တာပါပဲ... ပြောချင်တာက အနောက်နိုင်ငံသားတွေဟာ သူတို့သားသမီးကို ၁၈နှစ်ပြည့်ရင် အိမ်ကထွက်သွားခိုင်း တယ် ဆိုတာ ထွက်သွားခိုင်းနိုင်လောက်တဲ့ အသိပညာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ကိုးစားစိတ်တွေကို သည်လိုအရွယ်လေးကတည်းက မွေးထည့်ပေးထားပြီးသားဖြစ်ပြီး လူကြီးဖြစ်စအရွယ်မှာ ကိုယ့်အား ကိုယ်ကိုးတတ်အောင် တမင်အိမ်ကထွက်ခိုင်းလိုက်တာဖြစ်လို့ပါပဲ။ အခုလိုတစ်နှစ်သားလေးကို တိုက် တစ်လုံးကို လိုက်ကြည့်ခိုင်းသလို ကလေးကလည်း သူလမ်းလျှောက်ရင်း လဲကျလို့ ဆောင့်မိနိုင်တဲ့ နေရာလေးကိုပြနိုင်ခဲ့ပါတယ်။ စိတ်ဝင်စားလွန်းလို့ သူတို့နောက်ကလိုက်ကြည့်တော့ နံရံ အနားစောင်း တွေကို ချွန်မနေစေဘဲဇောင်းလုံးထားတဲ့၊ လှေကားကိုလည်း ကလေးအတွက်အဆင်ပြေအောင် တပ် ဆင်ထားတဲ့ နောက်ဆုံးအိမ်တလုံးကို သူတို့ဝယ်လိုက်ကြပါတယ်။ သူတို့က သူတို့ရဲ့ တစ်နှစ်သား ကလေးကို အိမ်တစ်လုံးရွေးချယ်ခွင့်ပေးလိုက်ကြပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာ ဘယ်အရွယ်သားသမီးက အိမ်တလုံးကိုစိတ်ကြိုက် ရွေးချယ်ခွင့်ရကြပါသလဲ။ ကိုယ့်အ၀တ်အစားကိုတောင် ကိုယ်တိုင်စိတ်ကြိုက်ဝယ်ဝတ်ခွင့် ရကြသလား။ အမေအဖေခိုင်းသမျှလုပ်ပြီး ထားတဲ့အတိုင်းနေတဲ့ကလေးကို လူလိမ်မာလို့ ထင်ကြချီးမွမ်းခန်းဖွင့်နေကြချိန်မှာ သည်ကလေးဘယ်လောက် စိတ်ဓာတ်ရေးရာ အညွန့်ကျိုးနေမလဲဆိုတာ သိကြရဲ့လား။ ကိုယ့်မသိစိတ်ထဲမှာ အာဏာရှင်စိတ်ဝင်နေပြီး သူများရဲ့ ရွေးချယ်ခွင့်တွေကို ပိတ်ပင်နေမိပါပကောဆိုတာကို ကိုယ့်သားသမီးကိုယ်ချစ်လို့ အစစအရာရာ စီစဉ်ပေးနေတာပါဆိုတဲ့ ဆင်ခြေလေးနဲ့ ကာတတ်ကြပါတယ်။ သားသမီးကိုချစ်ရာရောက်ရဲ့လား၊ စိတ်ရောလူပါ ကြီးပြင်းခွင့်ပေးရာရောက်ရဲ့လား လို့ မိဘများတွေးမိကြပါသလား။ ကလေးရဲ့ စိတ်ထဲမှာ ရွေးချယ်ချင်စိတ် ပျင်းသွားရင်း၊ မိမိရဲ့ရွေးချယ်မှုအတွက်တာဝန်ယူရကောင်းမှန်းသိတဲ့စိတ် ပျင်းသွားရင်း တဖြည်းဖြည်းအသက်တွေကြီးလာတဲ့ ကြီးပျင်းသူများကို မွေးထုတ်သင့်သလား။ မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်ရင်း မိမိရဲ့ရွေးချယ်မှုအတွက် ဖြစ်ပေါ်လာတဲ့အကြောင်းကိစ္စအရာရာကို မှန်မှန်ကန်ကန် ရင်ဆိုင်တတ်၊ ရင်ဆိုင်ရဲတဲ့ ပြင်းထန်တဲ့စိတ်ထားနဲ့ တာဝန်ယူလိုစိတ်၊ တာဝန်ယူလိုမှုတို့နဲ့အတူ ကြီးလာတဲ့ ကြီးပြင်းသူမျိုးကို မွေးထုတ်သင့်သလား။ မင်းတို့ဘာသိလို့လဲ၊ ကလေးတွေ ကလေးနေရာနေစမ်း၊ လူကြီးတွေကြားဝင်မရှုပ်ချင်စမ်းပါနဲ့၊ စတဲ့ စတဲ့စကားတွေကြားမှာ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်စိတ် ပျောက်ဆုံးပျက်သုဉ်း ခဲ့ကြရပါ တယ်။ ရွေးချယ်ခွင့်တွေဆုံးရှုံးခဲ့ကြရာက အကောင်းအဆိုးကို ရွေးချယ်တတ်ခြင်း၊ ရွေးချယ်ရဲခြင်းဆိုတဲ့ လူရည်လူသွေးများပါ ပျောက်ဆုံးခဲ့ကြရပါတယ်။ သူငယ်ချင်းတစ်ယောက်က ၀မ်းပန်းတနည်းပြောဖူး ပါတယ်။

သူ့ရဲ့အဘွားအသက်၇၀ကျော်ပျောက်လို့သူကအိမ်ထဲမှာလိုက်ရှာပါသတဲ့။ နောက်အဘွားရဲ့အမေ အသက်၉၀ကျော်အဘေးရဲ့အခန်းထဲမှာ နွေနေ့လည်ကြီးခြင်ထောင်ချလို့ ခြင်ထောင်လှုပ်နေလို့ မြစ်ဖြစ်သူကသွားချောင်းပါတယ်တဲ့။ သည်တော့မှ အဘေးဖြစ်သူကအဘွားကို သူ့စကားနားမထောင်ဘဲ (သူ့ရဲ့အတည်ပြုချက်ကိုမတောင်းဘဲ) သူ့မြေးမြစ်တွေကို သင်တန်းတက်ခိုင်းလို့ ခြင်ထောင်ထဲခေါ်ပြီး ပေါင်တွင်းကြောဆွဲလိမ်ကာ အပြစ်ပေးနေခြင်းဖြစ်ကြောင်းသိရပါသတဲ့။ သည်တော့မှ သူငယ်ချင်းလဲ သူ့အခြေအနေက ဥထဲမှာပဲရှိသေးပါလား၊ အကောင်တောင်မဖြစ်သေးတဲ့ အခြေအနေလောက်ပဲ ရှိပါလားလို့ စိတ်ဓာတ်ကျပြီး ပြန်ထွက်ခဲ့တာအသံတောင်မထွက်ရဲခဲ့ပါဘူးတဲ့။ လက်ရှိမြန်မာပြည်က အဖြစ်မှန် အခြေအနေတစ်ရပ်ပါ။ မြန်မာလူငယ်တိုင်း သည်လိုအဖြစ်အပျက်မျိုး ကြုံခဲ့တယ်လို့မဆိုလိုပါ။ လူတစ်ယောက်ဇာတ်လမ်းတစ်ပုဒ်စီဖြစ်ပေမယ့် အများစုအနေနဲ့ ကိုယ့်ဖြစ်ရပ်နဲ့ကိုယ် ပြန်လည်နှိုင်းယှဉ် စဉ်းစားမိစေဖို့သာ ရည်ရွယ်ပါတယ်။

ဒါ့အပြင် တိုင်းတပါးမှာ ပွေလီတဲ့ကလေး မျက်နှာကောင်းရပါတယ်။ creative mind ရှိတယ်ဆိုပြီး မြေတောင်မြှောက်ခံရပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ "ဟဲ့မျောက်လောင်းလေး.. ပွေလီပါ့တော်.. အငြိမ်ကိုမနေနိုင်ဘူး.. သည်နေ့ဈေးကပြန်လာမှ ထားဝယ်ကြိမ်နဲ့တွေ့မယ်"လို့ ချီးမြှောက်တတ်ကြ ပါတယ်။

သည်တော့ သူများနိုင်ငံက အသက်၁၈နှစ်အရွယ်လူတစ်ယောက်က လူကြီးတစ်ယောက်လို ရွေးချယ် တတ်၊ ရွေးချယ်ရဲနေပြီး အလုပ်များကိုလုပ်ကိုင်ဆောင်ရွက်ရင်း တိုင်းပြည်တာဝန်ထမ်းဆောင်နေချိန်မှာ မြန်မာပြည်ထဲက အသက် ၂၅နှစ်ကျော်တဲ့ သူငယ်ချင်းလိုလူတွေက အဘေးထံမှာ အမိန့်တောင်းရင်း ခွင့်ပြုချက်ယူနေရမှတော့ သက်တူရွယ်တူချင်း ဘယ်လိုလူရည်လူသွေးချင်းပြိုင်နိုင်ကြပါ့မလား။ သူငယ်ချင်းကို နှိမ်တာမဟုတ်သလို မြန်မာပြည်ထဲက လူငယ်တွေကို နှိမ်တာလဲမဟုတ်ရပါ။ ကိုယ့်မြန်မာလူငယ်တွေကို နိုင်ငံတကာက ရွယ်တူလူငယ်တွေထက် ပိုမိုထက်မြက်တော်တတ်နေစေ ချင်တဲ့ စိတ်နဲ့ သူတို့တွေနှိုင်းယှဉ်တတ်လာအောင်၊ ကြိုးစားတတ်လာအောင် မြင်ဖူးတာလေးကို ပြန်ဝေမျှခြင်းသာဖြစ်ပါတယ်။ စာရေးသူကလည်း ကိုယ့်ကိုယ်ကို ပြန်သတိပေးတဲ့အနေနဲ့ ရေးဖြစ်တာလဲ ပါတာပေါ့လေ။ အိပ်မက်ပရိသတ်နဲ့ မြန်မာလူငယ်တွေလည်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတကာက လူငယ်တွေထက် ဉာဏ်ရည်လူရည် ခေါင်းတစ်လုံးသာသူတွေဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။



KhunMyaHlaing ၏ "အမှန်တကယ်ကြီးပြင်းလာအောင်ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်မလဲ" ကိုမျှဝေ ဖတ်ရှုစေလိုသော စေတနာဖြင့် ထပ်ဆင့်ကူးယူဖော်ပြထားပါသည်။



Source: http://www.ainmat.com/index.php?/archives/785-unknown.html#extended



Powered by ScribeFire.

Tuesday, May 22, 2007

OSK (On Screen Keyboard)

An alternative keyboard in Windows. In case your keyboard or some keys stop working Microsoft provides you with an alternative way to type in using the mouse

To work this tool, go to > Start menu > Select Run > Type “OSK” > Press OK







Powered by ScribeFire.

Tuesday, May 15, 2007

mmglite သို့ မြန်မာ GMail



အားရင် http://mmglite.awardspace.com လေးကို ၀င်စမ်းသုံးကြည့်ပါ့လား။ gmail ရဲ့ lite version လေးပါ။ မြန်မာလို အီးမေးရေးတတ်တဲ့ သူတွေဆိုရင် သုံးလို့အကောင်းသားလားဗျ။ UserName မှာ သင့်ရဲ Gmail username ရိုက်ထည့်၊ Password မှာလည်းသင့်ရဲ့ Gmail Password ကိုရိုက်ထည့် ပြီးသုံးလို့ရပါတယ်။



mmglite သည် Zawgyi-One Font ကို အသုံးပြုထားကာ glite ကို မြန်မာ GUI ဖြစ်အောင် open source ဖြစ်သော glite ကိုပြုပြင်ထားခြင်းဖြစ်သည်။ Attachment ကို ယခု version မှာရရှိနေပါပြီ ။ 2MB attachment ကိုတော့ ပေးပို့နိုင်ပါတယ်။ ပြသနာများ ၊ အကြံများ ကို saturngod AT gmail.com သို့ပေးပို့နိုင်ပါတယ်။ လိုအပ်သည်များကို Download Page ( Click Here ) မှရယူနိုင်သည်။ MMGLITE အကြောင်းဆွေးနွေးလိုလျှင် MMGLite Forum ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်..



Smile Icon စုစုပေါင်း ၅၉၉ခု ထည့်သွင်းထားသည်....

Text Editor Help( Click Here )



Total Visitor : 71927 Visitors

Today Visitor : 115 Visitors

 

mmglite ၏ နောက်ဆုံးသတင်းများ :

May 5 2007 မြန်မာစာ keymap ထည့်သွင်းထားသည်..

Api 12 2007 ပုံများကို Text Editor တွင် တိုက်ရိုက် upload လုပ်လို့ရပါပြီ

Mar 01 2007 Smile Icon များ e-mail တွင်ပေးပို့နိုင်ပါပြီ...

Feb 11 2007 Image File များကို Mail တွင် ကြည့်ရှု ပေးပို့နိုင်ပါပြီ..

Jan 31 2007 Text Editor တွင် Alt+n ဖြင့် လက်ကွက်ပြောင်းနိုင်ပြီ..

Dec 10 2006 Attachment လက်ခံနိုင်ပါပြီ...

Dec 02 2006 စာရေးရန် Text Editor ထည့်သွင်းထားပါသည်။ Myanmar Font မရှိသူများသည် Text Edior Toolbar မှကို နှိပ်ကာ မြန်မာစာရိုက်နိုင်ပါသည်...

Nov 13 2006 Keyboard သွင်းစရာ မလိုပဲနှင့်စာရိုက်နိုင်ပြီ (IE only)

Nov 13 2006 Rich Text Box Default Font is Zawgyi-One

Nov 11 2006 Use Web Embed Font

Oct 09 2006 Fix Rich Text Box Error

Oct 02 2006 Main Page ကို အနည်းငယ်ပြုပြင်ထားသည်။

Sep 29 2006 Rich Text Box ကို အသစ်ပြုပြင်ရေးဆွဲထားသည်။




Powered by ScribeFire.

Sunday, May 13, 2007

ကျွန်တော်တို့ ငယ်ငယ်တုံးက... (၃)

စင်္ကာပူမှာက ရန်ကုန်မှာလိုပဲ ရေချိုးလို့ ကောင်းသည်။ တခါတလေဆို ရေချိုးရတာ ကောင်းလွန်းလို့ ချိုးလို့ကို မ၀နိုင်အောင် ပင်ဖြစ်သည်။ ဒါပေမယ့် ကျွန်တော်က ရေချိုးတာမြန်သည်။ အေးအေးဆေးဆေး ချိုးတတ်ချင်သည်။ စင်္ကာပူက ရေက မလေးရှားကနေ ၀ယ်ထားရတာ။ ရေက purified လုပ်ပြီးသားဖြစ်ပုံရသည်။ Tap ကလာတဲ့ရေကို ဒီတိုင်းလဲသောက်လို့ရသည်။ တခါတလေ ရေမှာ ကလိုရင်းနံ့လေး နဲနဲတော့ ရသည်။ ဘာပဲဖြစ်ဖြစ် ရေချိုးလို့တော့ ကောင်းပါသည်။ လူတွေက စင်္ကာပူ ရေတွေချိုးပြီး ရန်ကုန်မှာတုံးကနဲ့ စာလျှင် အသားနည်းနည်းလေးတော့ ပိုဖြူလာ ကြသည်ဟုထင်ရသည်။

ရေချိုးမှား သည် ဆိုသောစကားကို ကြားဖူးကြမည်ဟုထင်ပါသည်။ ပျော်ဘွယ်မှာ နေတုံးကတော့ ရေချိုးမမှား အောင် တကယ်ကို ဆင်ခြင်ရသည်။ နေ့လည် ၁၂ နာရီ လောက်ကစပြီး မိုးမချုပ်ခင်အထိ အချိန်အတွင်း ရေမချိုးရဲကြပေ။ နေ့ခင်းဘက်တွေဆို အပြင်က ပြန်လာလာချင်းကြီး ရေချိုးချင်တယ်ဆိုပြီး ထချိုးလို့မရ။ အဲဒီလို နေပူပူ က ပြန်လာပြီးပြီးချင်း ရေချိုးလျှင် အပူရှပ်ပြီး ဖျားတတ်သည်။ တခါတလေ ရေချိုးမှားပြီး သေတဲ့လူတွေတောင် ရှိသည်။ အထူးသဖြင့် နွေရာသီတွေ မှာ ရေချိုး ဆင်ခြင်ရသည်။

ပျော်ဘွယ်က ရေတော့ ပေါသည်။ ဒါပေမယ့် ရေတွေက ငံသည်။ အထူးသဖြင် ကျွန်တော်တိုနေတဲ့ ရှမ်းပွဲ ဘက် ကရေတွေက အလွန်ငံသည်။ ကျွန်တော်တို့အိမ်နားတစ်ဝိုက် ရေတွင်းတူးလျှင် ၅ပေ မှ ဆယ်ပေလောက်ဆိုလျှင် ရေတွေထွက် လာတတ်သည်။ ဒါပေမယ့် အဲဒီလောက်အနက်ကရေက အလွန်ငံသည်။ အရောင်ကလည်း နီကျင်ကျင် ၀ါကျင်ကျင်ရေတွေဖြစ်သည်။ အဲဒီရေအမျိုးအစားကို ကျွန်တော်တို့အရပ်မှာ ခါးရေဟုခေါ်သည်။ ရေတွင်း၏ ခါးလယ်လောက်က ထွက်တဲ့ရေကိုခေါ်တာဖြစ်ပုံရသည်။ အဲဒီနေရာတ၀ိုက် က အရင်တုံးက ဆပ်ပြာကျင်း(ဆပ်ဗကျင်း ဟုအသံထွက်) လို့ ရှေးလူကြီးတွေပြော တာ ကြားဖူးသည်။ အဲဒါကြောင့် ရေတွင်းတူးလျှင် နက်နက်တူးရသည်။ နက်နက်ရောက်လေ ထွက်တဲ့ရေက အငံပေါ့ပေါ့သွားလေဖြစ်သည်။ ဒါပေမယ့် ငံတော့ ငံသေးသည်။ အိမ်မှာက အဘိုးအဘွားတို့ လက်ထက်က တူးသွားသည့်ရေတွင်း တစ်တွင်းရှိသည်။ ပေတစ်ရာလောက်နက်မည်ထင်သည်။ ကျွန်တော်တို့ငယ်ငယ် က ရေမှုတ်စက် ပျက်လျှင်ဖြစ်ဖြစ် မီးမလာတဲ့အခါ ရေပြတ်ရင်ဖြစ်ဖြစ် အဲဒီရေတွင်းကနေ ရေပုံးကိုကြိုးဖြင့်ချိတ်၍ ရေတွင်းထဲမှ ရေငင်ပြီးချိုးရသည်။ ဒီရေတွင်းရေဖြင့် အရပ်ကိုရေလှူထားသည်။ အရပ်ထဲက တခြားလူတွေက ညနေခင်း ဆိုလျှင် အိမ်ကရေတွင်းကနေ ရေလာဆွဲကြသည်။

သို့သော် သောက်ရေအတွက် ရေချိုကတော့ နဲနဲ ရှားသည်။ အဲဒီတုံးက ရေချို ကို နွားတပ်ရေစည်လှည်းဖြင့် မြို့အရှေ့ဘက် တစ်မိုင်ခွဲလောက်ဝေးသော "အင်ကြင်းကန်" ဘက်က ရေတွင်းတွင်သွားသွား ခပ်ကြရသည်။ အဲဒီတုံးက အိမ်မှာ နွားနှစ်ကောင်ရှိသည်။ အဘိုးက လယ်တွေယာတွေလဲ ရှိသည်။ လယ်တွေက တောင်ကြီးဘက်ကိုအထွက်မှာဖြစ်သည်။ အဲဒီ ပျော်ဘွယ်-ဘုရားငါးဆူလမ်းဖောက်တော့ (အရပ်အခေါ် တောင်ကြီးလမ်း) ဖောက်တော့ လယ်တွေနဲနဲ အသိမ်းခံရသေးသည်။ ၄ဧက-၅ဧက လောက် အသိမ်းခံရသည်။ နောက် အဖေက စီးပွားရေးကို အာရုံစိုက်ရတာနဲ့၊ ဘိုးဘွားလက်ထက်က လယ်တွေ ကို လုံးဝမကြည့်နိုင်တော့ ဦးလေးတစ်ယောက်ကို ဘိုးဘွားအမွေအဖြစ်အကုန်ပေးလိုက်သည်။ အဲဒီတုံးက အိမ်က နွားကြီးတွေက တော်တော် လိမ်မာသည်။ သူတို့ကို ၀ဖီးနေအောင်ကျွေးထားသည်။ တစ်ကောင်က နွားပြာစိမ်းကြီး၊ တစ်ကောင်က နွားဖြူနီ။ နောက်တော့ နွားပြာစိမ်းကြီးက ဖောက်လာသည်။ ထိုကဲ့သို့ နွားတွေက လိမ်မာနေရာမှ ထထဖောက်လျှင် ရှေးလူကြီးတွေက မြေကုန်သည် ဟုပြောသည်။ သူ နဲ့ ကိုယ်နဲ့ ရေစက်ကုန်သွားသည် ကို ဆိုလိုချင်တာဖြစ်ပုံရသည်။ သူ့ကို သွားကြည့်လျှင် ရှုသိုးသိုးပြန်ကြည့်သည်။ နှာတရှုးရှုး မှုတ်သည်။ မြေကို ခွာဖြင့်ရှပ်သည်။ လူတွေကို ဝှေ့ချင်သလိုလို လုပ်သည်။ နောက်ဆုံးတော့ နွားပွဲစားတွေ လက်ထဲ ရောင်းဖို့ အပ်လိုက်ရသည်။

၁၉၈၇-၈၈ လောက်ရောက်တော ပျော်ဘွယ်မှာ ဂျပန်နိုင်ငံက ရေချိုရေသန့်တွေလှူသည်။ ကျွန်တော်တို့အရပ်မှာ အဲဒီရေကို ဂျပန်ရေဟုခေါ်သည်။ဂျပန်တွေက မြို့၏ အမြင့်ဆုံး နေရာဖြစ်သည့် မြို့မကုန်းထိပ်က စံကျောင်းဝင်းကြီးထဲမှာ ရေလှောင်ကန်ကြီးတွေတည် ပေးထားသည်။ "ဗတ်ဒ" ဘက်က ရေချိုကို ပိုက်လုံးကြီးများဖြင့်သွယ်၍ အဲဒီရေလှောင်ကန်ကြီးတွေထဲ ကို High Pressure Pump ကြီးများဖြင့် ရေကို မောင်းတင်သည်။ အဲဒီရေလှောင်ကန်ကြီးတွေထဲက မှ မြို့ အရှေ့ဘက် တစ်ခြမ်းလုံးကိုပိုက်လုံး အလတ်စားများဖြင့် ရေချို ဖြန့်သည်။ မြို့အနောက်ဘက်ခြမ်း မြို့သစ်တို့၊ ရွှေပြည်ရန်လုံတို့ ဘက်တွေ အတွက်ကတော့ အောင်သာ ဘက်က နေရေဖြန့်ပေးသည်။ ကွက်သစ်ဖြစ်သည့် ပြည်သာယာ ဘက်ကြတော့ မြကျိုင်းတောင်က နေရေဖြန့်ပေးသည်။ အဲဒီခောတ်တုံးက ကျွန်တော်တို့အရပ် လိုမိုးခေါင်ရေရှား ရပ်ဝန်းတွေ မှာ ဂျပန်ကတွေက ရေလှူခဲ့သည်။ "ဗတ်ဒ" ဆိုတာက ပျော်ဘွယ်နယ်ဘက်က ရွာကြီးတရွာ ၏အမည် ဖြစ်သည်။ ရမည်းသင်းဘက် အထွက် "ဗတ်ဒ" ဟူသောရွာက ရေမြေကောင်းသည်။ ရေချိုသည်။ ရေပေါသည်။ ရေမြေကောင်းတော့ "ဗတ်ဒ" ရွာက လူတွေက ပန်းတွေစိုက်သည်။ သပြေတွေ၊ ဟော်လန်ပန်းတွေ၊ မေမြို့ပန်းတွေ၊စံပယ်တွေ၊ ဇွန်တွေ အလျှံပယ်ထွက်သည်။ နေ့စဉ် "ဗတ်ဒ" ဘက်က ပန်းသည်တွေ ပျော်ဘွယ် ဘက် ကို ပန်းတက်ရောင်းကြသည်။

အဲဒီတုံးက မှတ်မိသေးသည်။ ၁၉၈၈ လောက် က ပျော်ဘွယ်မှာ ဂျပန်၏ ရေပေးရေး စီမံကိန်းက အင်တိုက်အားတိုက် အကောင်အထည်ဖော်နေသည့်အချိန် ဖြစ်သည်။ မြို့ထဲက လမ်းတိုင်းလမ်းတိုင်း တွင် ရေပိုက်လိုင်းများ ချရန် စီမံထားသည်။ လမ်းဘေးတွေမှာ လုပ်သားကြီးများက ချွေးတွေသံတွေ တရွှဲရွဲဖြင့် သံပိုက်လိုင်းကြီးများချရန် မြောင်းကြီးများ တူးဖော်နေကြသည်။ လမ်းများပေါ်တွင် ရွာအသီးသီး ရပ်ကွက်အသီးသီးက သပိတ်မှောက် သောလူများက စီတန်းလှည့်လည်နေကြသည်။ ပျော်စရာကြီးဖြစ်သည်။ သပိတ်မှောက်တော့ တစ်နိုင်ငံလုံး ကျောင်းတွေလည်း ပိတ်ထားသည်။ ကျွန်တော်ကတော့ စက်ဘီးလေးဖြင့် ဆရာမ တစ်ယောက်ဆီမှာ အင်္ဂလိပ်စာကျူရှင်တော့ သွားသွားတက်သေးသည်။



ဆက်ပါဦးမည်...

ဆရာတော်ဦးဇောတိက ၏ တရားတော်များမှကောက်နှုတ်ချက်များ





1) နေ့စဉ်ပဲ စာမေးပွဲ အစစ်ခံနေရတယ်၊ သင်ခန်းစာတိုင်းဟာ စာမေးပွဲ၊ အတွေ့အကြုံတိုင်းဟာ သင်ခန်းစာပဲ။



2) ဘ၀ကို ရှင်းရှင်းလင်းလင်း နေသွားချင်တယ် ဆိုရင် သတိလေးနဲ့ နေလိုက်ပါ။ ဘ၀ဟာ ရှင်းလာပါလိမ့်မယ်။ စိတ်ရှင်းရင် ဘ၀ ရှင်းတယ်၊ စိတ်ရိုးရင် ဘ၀ ရိုးတယ်၊ စိတ်ရှုပ်ရင် ဘ၀လည်း ရှုပ်လာမယ်၊ စိတ်ဆန်းပြားရင် ဘ၀လည်း ဆန်းပြားလာမယ်။



3) စိတ်ရှင်းရင် ဘ၀လည်း ရှင်းပါတယ်၊ အသိညဏ်လည်း ရှင်းပါတယ်၊ စိတ်မရှင်းရင် ဘ၀လည်း မရှင်းဘူး၊ အသိညဏ်လည်း မရှင်းဘူး။



4) စာမေးပွဲမှာ ကိုယ်တကယ်တတ်တာကို ဖြေဖို့ထက် အမှတ်ရဖို့ အဓိက ထားပြီး ခိုးဖြေတာတွေ ဖြစ်လာသလို အပြင်လောကမှာလည်း လူအထင်ကြီး ခံရဖို့ အဓိကထားရင် ဟန်လုပ်ပြီးနေပြရတယ်။ အဲ့ဒါ ဘ၀ စာမေးပွဲကို ခိုးဖြေနေတာပဲ။



5) ဘ၀ကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင် လောကကြီးကို အထိရောက်ဆုံးနဲ့ အကျိုးပြုချင်ရင် ၊ အေးချမ်း တည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် ၊ ကိုယ့်အချိန်တွေကို အထိရောက်ဆုံး အသုံးချချင်ရင် အချိန်တိုင်း အချိန်တိုင်း ၊ တစ်ခဏတိုင်း တစ်ခဏတိုင်း သတိလေးနဲ့ နေလိုက်ပါ။



6) ကိုယ့်ဘ၀ကို စည်းကမ်းရှိရှိ ဖြောင့်ဖြောင့်သွားချင်ရင် ကိုယ့်စိတ်ကို ကိုယ်သိအောင် လုပ်ရမယ်။ ၀မ်းနည်းဝမ်းသာ အဖြစ်နည်းပြီး ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ဆုံးဖြတ်ရမယ်။



7) လူတိုင်းလူတိုင်း ဘ၀တစ်ခုလုံးမှာ နေ့စဉ်နဲ့ အမျှရွေးချယ်မှု့တွေ လုပ်နေရပါတယ်။ ရွေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို့ လိုပါတယ်။



8) အလုပ်ဟာ လူ့ဘ၀မှာ အင်မတန်အရေးကြီးတယ်။ “ ဒါကို လုပ်ဖို့ ငါ လူဖြစ်လာတာပါ ” လို့ပြောနိုင်လောက်တဲ့ အလုပ်က ဘယ်အလုပ်လဲ။ ကိုယ့်ဘ၀မှာ တကယ်အရေးပါတဲ့ ကိစ္စတွေကို စိတ်မပါပဲ လုပ်နေရတယ် ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု့မရှိတဲ့လူ ကိုယ့်ကိုယ်ကို သစ္စာမရှိတဲ့သူ ဖြစ်နေတယ်။



9) ဘ၀ဆိုတာ စိတ်နဲ့တန်သလို ဖြစ်တာပါ။



10) ကိုယ့်ရဲ့ အကောင်းဆုံး အမြင့်ဆုံး အရည်အသွေးတွေကို အများဆုံးထွက်ပေါ်လာအောင် လုပ်နေရတာ ကြိုးစာနေရတာဟာ ဘ၀မှာ ပျော်စရာအကောင်းဆုံးပါပဲ။



11) ဘ၀ကို အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေချင်တယ်ဆိုရင် သက်သက်စာစာ မနေပါနဲ့၊ ကြိုးစားပါ ၊ အရည်အချင်းများများထုတ်ပါ။ အရည်အချင်းများများထွက်လေ ကျေနပ်မှု့ ရလေလေပဲ။



12) လူမှာ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေ အများကြီးရှိပါတယ်။ အဲ့ဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိအများကြီးရှိပါတယ်။ အဲ့ဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးရမှ အဲ့ဒီလူဟာ ဘ၀ကို ကျေနပ်မှု့ရမယ်။



13) စိတ်ရဲ့ အရည်အသွေးမြင့်မားလာရင် ဘ၀ရဲ့ အရည်အသွေးမြင့်မားလာတယ် ၊ ဘ၀ဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မှု့ပဲ။



14) ဘ၀ရဲ့ အရည်အသွေးကို မြင့်မားစေချင်ရင် စိတ်ရဲ့ အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှ ဖြစ်မယ် ၊ ဘ၀ရဲ့ အဆင့်အတန်းကို စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်။



15) အလေးနက်ဆုံး အသိညဏ်က ဘ၀နဲ့ ပတ်သတ်တဲ့ အသိညဏ်ပဲ။



16) ဘ၀ကို နောက်ဆုံးအချိန်ထိ အဓိပ္ပါယ် ရှိရှိဘယ်လိုနေရမယ်ဆိုတာ သိဖို့လိုတယ်။ အဲ့ဒီလို မသိလို့ရှိရင် အသက်ကြီးသွားတဲ့ အခါကြာလေ အသုံးမကျလေ ဖြစ်လာတယ်။ ကြာလေ အဓိပ္ပါယ် မရှိလေ ဖြစ်လာတယ်။



17) သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်မှာသာ လူ့ဘ၀ကို အောင်အောင်မြင်မြင် နေသွားတဲ့သူလို့ ဆိုနိုင်မယ်။



18) စက္ကန့်တိုင်း စက္ကန့်တိုင်း တစ်ခဏတိုင်း တစ်ခဏတိုင်း ကို တန်ဖိုးထားနိုင်မှ ဘ၀ဟာ တန်ဖိုးရှိတဲ့ ဘ၀ ဖြစ်မှာပါ။



19) ဘ၀ဖြစ်လာတာဟာ အသိညဏ်ရဖို့ ၊ အသိညဏ်ရဖို့ဆိုရင် စိတ်ဓါတ်မြင့်မားမှု့ ၊ စိတ်ဓါတ် မြင့်မြတ်မှု့ရှိမှ ဖြစ်နိုင်မယ်။



20) ဘ၀ တစ်ခုလုံးဟာ ကျောင်းပဲ။ မွေးတဲ့ အချိန်က စပြီး သေတဲ့ အချိန်အထိ ကျောင်းနေနေတာပါ။ ဒီဘ၀မှာ တွေ့ကြုံ ရသမျှ ကိစ္စတွေနဲ့ မြင်သမျှ ၊ ကြားသမျှ ကောင်းတာရော ၊ ဆိုးတာရော ၊ တစ်ခု မကျန် အားလုံးဟာ သင်ခန်းစာချည်းပဲ။ ယူတတ်ရင် ပညာနဲ့ အသိညဏ် ရတယ်။ ယူတတ်ဖို့ ဆိုတာလည်း အသိရှိမှ ဖြစ်မယ်။ မေ့တိမေ့လျော့နေရင်တော့ ပညာမရဘူး။ အသိညဏ်မရဘူး။



21) စစ်မှန်တဲ့ ဘ၀ ၊ မှန်ကန်တဲ့ဘ၀ ၊ အတုအယောင်မဟုတ်တဲ့ ဘ၀ကို နေသွားဖို့နဲ့၊ သေတဲ့အခါမှာလည်း ဘာမှ ဟန်လုပ်တာ၊ ဖုံးကွယ်တာ မရှိ၊ အမှန်အတိုင်း အရှိအတိုင်း သိပြီး သေဖို့က တကယ်ခက်ခဲ နက်နဲ့တဲ့ ဘ၀ပေးတာဝန်ဖြစ်ပါတယ်။



22) လေးနက်တဲ့ မြင့်မြတ်တဲ့ တန်ဖိုးရှိတဲ့ စိတ်ဓါတ်နဲ့ အသိညဏ်ပိုင်း ဆိုင်ရာအလုပ်ကို မလုပ်နိုင်လို့ရှိရင် ဘ၀ကို တကယ်ကျေနပ်မှု့ မရနိုင်ဘူး။



23) ကိုယ့်အမှားတွေကို ကိုယ်ကြည့်ပြီးတော့ သိပြီးတော့ ပြင်ပြီး နေသွားရတာ ဘ၀မှာ ကျေနပ်စရာ အကောင်းဆုံးအလုပ်ပါ၊ အားရစရာ အကောင်းဆုံး အလုပ်ပါ။



24) လူဟာ အများအကျိုး ဆောင်ရွက်မှလည်းပဲ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်မှု့ ရနိုင်မယ်။



25) ဘ၀ရဲ့ အရည်အသွေးကို ကောင်းစေတာ အသိညဏ်ပဲ၊ ဘ၀ရဲ့ အရည်အသွေးကို ပျက်စီးသွားစေတာ အအသိညဏ် မရှိခြင်းပဲ၊ အသိညဏ်ဖြစ်ဖို့ဆိုတာ သတိရှိမှ ဖြစ်မယ်။ သတိမပါ ညဏ်မပါ  ပေါ့ပေါ့တန်တန်လုပ်ပြီဆိုရင် ဘာမှ မရနိုင်တော့ဘူး၊ ဘ၀ရဲ့ အရည်အသွေးတစ်ခုလုံး ကျသွားသည်အထိ ဖြစ်နိုင်တယ်။



26) နေရာတကာမှာ ငွေနဲ့တိုင်းတာတတ်သူရဲ့ဘ၀ဟာ ကြာလေ တန်ဖိုးကျဆင်းလေ ဖြစ်လာမှာပဲ။



27) သေချာတဲ့ဘ၀ဟာ သေနေတဲ့ဘ၀ပဲ။



28) ကိုယ့်မှာ စိတ်နေစိတ်ထား၊ အသိညဏ်အတွေးအခေါ် မှန်ကန်သွားပြီဆိုရင် ဘ၀ဟာ တစ်မျိုးအဆင်ပြေပြီး နေရတာ ပျော်လာတယ်၊ ကိုယ့်လောကကြီး တစ်ခုလုံးဟာ ပြောင်းသွားတာ့၊ ကိုယ့်လောကကြီးကို ပြောင်း ပစ်ချင်တယ်ဆိုရင် ကိုယ့်စိတ်ကိုကြည့်ပြီးတော့ ကိုယ့်စိတ်ထဲမှာ ရှိတဲ့ လွဲနေတဲ့ မှားနေတဲ့ မသင့်တော်တဲ့သဘောထားတွေကို သတိနဲ့ သိနေပါ။



29) ဘ၀ကို ညံ့ဖျင်းသွားစေတဲ့ အရာတွေထဲမှာ သတိမပါ၊ ညဏ်မပါ ဖြစ်သလို နေတတ်လုပ်တတ်တာဟာ ထိပ်ဆုံးကပါနေတယ်။



30) ဘ၀အတွက် ပြင်ဆင်နေရင်းနဲ့ပဲ ဘ၀ဆိုတာ ကုန်သွားတယ်။



31) ဘ၀ဟာ အင်မတန်တိုတောင်း၊ သူများတွေ မကောင်းကြောင်း ထိုင်တွေးနေဖို့ အချိန်မရှိပါဘူး။



Reference: http://www.planet.com.mm/forums/?linkpage=topic&forum_id=50&Topic_Id=83126&page=2



Powered by ScribeFire.

Saturday, May 05, 2007

ကျွန်တော်တို့ ငယ်ငယ်တုံးက... (၂)

မန်းကျည်းရွက်နုနုလေးများ မြင်လျှင် ပျော်ဘွယ်အိမ်ကို သတိရသည်။ ကျွန်တော်တို့ခြံဝင်းထဲမှာက ဂိုဒေါင်သုံးလုံးရှိသည်။ ဂိုဒေါင်ကြီးတွေ ဘေးမှာ မန်ကျည်းပင်ကြီးတွေ ရှိသည်။ မန်ကျည်းပင် ခုနှစ်ပင် လောက်ရှိမည်။ အငယ် နှစ်ပင်က ကျွန်တော်မွေးပြီးမှ စိုက်ထားတာ။ ငယ်ငယ်တုံးက မန်ကြီးပင်ကြီးတစ်ပင်မှာ ကိုယ့်ဘာသာကိုယ် တက်ပြီး တူတွေ၊ လွှတွေ၊ သံမှိုတွေ၊ သစ်တွေသယ်ပြီး လင့်စင် ဆောက်ခဲ့ဘူးသည်။ ခွဆုံက Triangle ပုံဆိုတော့ ဆောက်လို့လွယ်တယ်လေ။ အဲဒီလင့်စင်က အခုထိတောင် ရှိသေးမလားမသိပါ။ ပျော်ဘွယ် က တော့ တော်တော် ပူပြင်းခြောက်သွေ့သည်။ နွေရောက်လျှင် ပူလိုက်တာမှ ဟပ်နေအောင် ပူသည်။ ဒီမှာ စင်္ကာပူလူမျိုး သူငယ်ချင်းတွေက မေးလို့ရှိရင် ငါတို့မြို့က Texas ကလိုမျိုး ရာသီဥတုရှိတယ် လို့ ပြောပြရတယ်။ အဲဒါမှ သူတို့ကမြင်မှာလေဗျာ။

နွေနှောင်းရက်များ ဆိုလျှင် မန်းကျည်းပင်ကြီးများ တွင် ရွက်ဟောင်းများ ကြွေပြီး ရွက်သစ်များ ဝေလာတတ်သည်။ သင်္ကြန်နားနီးလာ လျှင် ကြက်တူရွေးနှုတ်သီးနှင့် တူသော မန်ကျည်းဖူး နုနုလေးများက ဦးစွာထွက်ပေါ်လာတတ်သည်။ မိုးလေး တစ်ပြောက် နှစ်ပြောက်လောက် ကျလာလျှင် စီစီရီရီ ထွက်နေတဲ့ မန်းကျည်းရွက် နုနုလေးတွေ ကို အိမ်က အလုပ်သမားတွေ ကို တက်ခူးခိုင်းရသည်။ မန်ကျည်းရွက်ဟင်းချို၊ မန်ကျည်းရွက်သုတ်၊ မန်ကျည်းရွက်ငပိ အစပ်ထောင်း၊ မန်ကျည်းရွက်နှင့်ငါးခူချက်၊ မန်ကျည်းရွက်သနပ်၊ စသည်ဖြင့် စုံနေအောင်လုပ်စားကြသည်။ လတ်ဆတ်လို့လားမသိ တော်တော် စားလို့ကောင်းသည်။

အိမ်က ပစောက်ပုံ ပတ်ပတ်လည်အုတ်တံတိုင်း ကာရံထားသည်။ မျက်နှာစာဘက်မှာ ကပျဉ်ကတိုး တိုင်များဖြင့် ခြံစည်းရိုးခတ်ထားသည်။ အဲဒီမျက်နှာစာဘက်ကခြံစည်းရိုးမှာ ဂွေးတောက်ပင် တစ်ပင်ရှိသည်။ ဂွေးတောက်ဆိုတာက နွယ်ပင်မျိုး။ ခြံစည်းရိုးတစ်ခုလုံးမှာ နွယ်တက်နေတတ်သည်။ တခါတရံ ညနေဘက်တွေမှာ ဂွေးတောက်ရွက်နုနုလေးတွေ အိမ်ကလူတွေနဲ့ ၀ိုင်းခူးကြသည်။ ကြက်သား ကို အရည်စပ်စပ် ကာလသားချက်ကလေး ချက်ပြီး ဂွေးတောက်ရွက် နုနုလေးတွေ ခတ်စားရတာ အလွန်အရသာ ရှိပါသည်။

အိမ်က ပွဲရုံလုပ်ငန်းလုပ်သည်။ မိုးလင်းလျှင် ကုန်လာရောင်းသောသူများ၊ ကုန်လာဝယ်သောသူများ ဖြင့် စည်ကား ဆူညံနေတတ်သည်။ ကျနော်တို့အိမ်မှာ Holiday ဆိုတာမရှိ၊ သင်္ကြန်တွင်းကလွဲလို့ နေ့တိုင်း ပွဲရုံဖွင့်ပေးရသည်။ ကျနော်ငယ်ငယ်က ကုန်ချိန်၊ ဈေးဖြတ်၊ ကားတင်၊ ငရုပ်ရွေး၊ ပဲရွေး၊ ကြက်သွန်ရွေး စုံနေအောင် လုပ်ခဲ့ရဘူးသည်။ စာရင်းတွေ လုပ်ကိုင်ကူပေးရသည်။ စာရင်းမှတ်ရသည်။ စာရင်းချုပ်ရသည်။ နေ့စဉ်ငွေစာရင်းချုပ်၊ ဂျာနယ်သွင်း၊ လချုပ်ချုပ် စတာတွေလုပ်ခဲ့ရဘူးသည်။ အလုပ်သမားတွေမရှိလျှင် နှမ်းအိတ် ပဲအိတ်များ ထမ်းခဲ့ရဘူးသည်။ အိမ်က ဆီစက်မှာ ဆီကိုယ်တိုင် ကြိတ်ခဲ့ရဘူးသည်။

ဆီကြိတ်ရာတွင် နေကြာကြိတ်ရတာ အမြန်ဆုံး အလွယ်ဆုံးဖြစ်သည်။ နှမ်းက နဲနဲ ပိုခက်သည်။ ရေကို အချိန်အဆဖြင့် လိုက်ပေးရသည်။ ဒါမှ နှမ်းတွေက လုံးသွားပြီး ဆီသတ်သတ် နှမ်းဘတ်သတ်သတ်ထွက်မှာ လေ။ ရေမထည့်လျှင် ဆီမထွက်ဘူးလေ။ ရေလုံးဝမ ထည့်လျှင် အမှုန်တွေ တဖွားဖွားနဲ့ ဆီမထွက်ပဲ အမှုန့်ကြိတ်စက်ကြီးလိုဖြစ်သွားတတ်သည်။ မြေပဲ ကအခက်ဆုံး ဖြစ်သည်။ ရေမလိုက်တတ်လျှင် ဆုံထဲတင် ဗွက်ပေါက်နေတတ်သည်။ မြေပဲဆီ ကြိတ်လျှင်အလွန်စိတ်ရှည်ရသည်။

ဆီစက်က အပေါ်မှာ နှမ်းတွေ ပဲတွေ ထည့်တဲ့ ဇလားကြီးရှိသည်။ ဇလားထဲမှာ ဒလက်ကြီးတစ်ခုရှိသည်။ ဇလားထဲက နှမ်းတွေ ပဲတွေက အောက်က လွန်သွားရှိတဲ့ အတွင်းဘက်ထဲကို တရွေ့ရွေ့ ကျသွားသည်။ အတွင်းဘက်ထဲမှာ သံမဏိ လွန်သွား ကြီး၊ အပြင်က သံဘားချောင်းများဖြင့် သံဘာဂျာ သဖွယ် ငုံထားသည်။ လွန်သွားက နှမ်းတွေ ပဲတွေကို Pressure ပေးရင်း ရှေ့သို့တွန်းပို့သွားသည်။ သံဘာဂျာပေါက်တွေ ကြားထဲက ဆီယို ကျလာသည်။ ဆီညှစ်ပြီးသား အဖတ်တွေကို ဆီမကုန်မချင်း ထပ်ကာ ထပ်ကာ ပြန်ကြိတ်ရသည်။ နောက်ဆုံး မာကြော တောက်ပြောင်သော နဘတ်များ ထွက်လာမှ ဆုံချလိုက်ရသည်။

ငရုတ်အကြောင်း ကြက်သွန်အကြောင်း ပြောရအုံးမည်။ ကျနော်တို့ ပျော်ဘွယ်နယ်က ငရုတ် နှင့်ကြက်သွန် အဓိက ထွက်တဲ့ နယ်ဖြစ်သည်။ ဒီနယ်မှာ မိုးလေ၀သ ကောင်းလျှင် ကောင်းသလို ငရုတ်က တနှစ်တနှစ်ကို ပိသာချိန် ဆယ်သန်း၊ သန်းနှစ်ဆယ် လောက်ထွက်သည်ဟု ကြားသည်။ ကျွန်တော်တို့လည်း ငရုတ်ခြောက်ကို အဓိက ရောင်းဝယ် သည်။ ငရုတ်ဈေးဖြတ်ရတာ အမြင်လွယ်သလောက် တကယ်တမ်းကျတော့ လက်ဝင်သည်။ အစိုအခြောက် အရင် ကြည့်ရသည်။ ဘောက် ဟုခေါ်သည့် အစိုတောင့်များ ရာခိုင်နှုံး မည်မျှပါသလဲ ဆိုတာ ကြည့်ရသည်။ ဖလံ ဟုခေါ်သော အဖြူတောင့် လေးများ ပါသလား စစ်ရသည်။ ငရုတ်မှည့်ကို ရေနွေးလေးဖျောပြီး ခြောက်နေအောင် လှန်းထားကြသည်။ သို့သော် ရောင်းတမ်း အဆင့်တွင် အစိုဓါတ် ကတော့ အနည်းနှင့် အများ ပါတတ်သေးသည်။ တစ်နေကုန် ငရုတ်သီးတွေ ကိုင်ရတာ ဆိုတော့ ညနေဆိုလျှင် လက်တွေ ပူနေတတ်သည်။ လက်ကို ဆားရည်လေး စိမ်ပြီး အပူသက်သာအောင် လုပ်ရသည်။

ဆက်ပါဦးမည်...

Tuesday, May 01, 2007

ကျွန်တော်တို့ငယ်ငယ်က... (၁)

ကျွန်တော်ငယ်ငယ်က... အဲဒီတုံးက 1995-96 လောက် ဖြစ်မည်ထင်ပါသည်။ ကျွန်တောသည် 1994 လောက်က နယ်မြို့လေး တစ်မြို့မှာ ဆယ်တန်းအောင် လာပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကြီးမှာ တက်ခဲ့ရသည်။ မိန်း ထဲမှာ ဒဂုံဆောင်မှာ အဆောင်နေခဲ့ဘူးသည်။ ကံကော်၊ ရေတမာ၊ စိန်ပန်းပြာ တို့ဖြင့်အတိပြီးသော မြကျွန်းညိုညို မှာ ကွန်းခိုခဲ့ဘူးသည်။

Programming ဆိုလို့ ပြောရအုံးမည်။ ကျွန်တော်တို့ programming စသင်ရတာ GW Basic ဆိုတဲ့ Language ဖြစ်သည်။ c:\ မှ command line ဖြင့် ရေးရသည်။ အဲဒီတုံးက ကျောင်းက ကွန်ပျူတာတွေ အများစု က Monochrome တွေဖြစ်သည်။ Monochrome ဆိုသည်မှာ screen မည်းမည်း ပေါ်မှာ စာလုံးစိမ်းစိမ်းလေးတွေ ပေါ်သောကွန်ပျူတာများ ကို ခေါ်တာပါလားဟု မှတ်ထားခဲ့ဘူးသည်။ နောက် တစ်နှစ်လောက် ကျမှ ကျောင်းက "C" -(စီ) သင်ပေးသည်။ Pascal သင်ပေးသည်။ အဲဒါတွေသင်ပေးပြီးတဲ့ နောက် Object Oriented Language ဆိုတာ သင်ပေးသည်...C (စီ) ကနေ C++ (စီ ဒ-ဘယ် ပလပ်စ်) သင်ရတာပေါ့။ Class တွေ၊ Method တွေ၊ Inheritance တွေ Encapsulation တွေ Polymorphism တွေဖြင့် ချာချာလည်ခဲ့ဘူးသည်။ နောက်တော့လည်း ရသွားတာပေါ့။

မှတ်မိသေးသည်... ကျောင်းမှာ စက်ခန်းဝင်လျှင် အဘ ကိုကြောက်ရသည်။ အဘက Windows ကိုင်တာမြင်ရင်မကြိုက်။ Windows ကိုင်နေတာ မြင်လျှင် စာမလုပ်ပဲ ဆော့နေသည် ဟု အယူရှိပုံ ရလေသည်။ စက်ခန်းထဲမှာ Windows Operating System ရှိသော စက် နှစ်လုံး သုံးလုံးလောက်ရှိမည် ထင်သည်။ c:\ ကနေ Window လို့ ရိုက်မှ Window က တက် တက်လာ တတ်သည်။ အဲဒီတုံး က Windows ရှိသော စက်ကို ဦးရသည်။ Windows version 3.11 ဖြစ်ပါသည်။ တချို့ သူငယ်ချင်းတွေ ဆိုလျှင် စက်ခန်းဝင်လို့ Windows ရှိတဲ့ စက်ကိုင်ရလျှင် မိမိကိုယ်ကို အလွန်ဂုဏ်ယူ ကြသည်။

အိမ်ကို ကွန်ပျူတာ ၀ယ်ပေးဘို့ ပူဆာ ဖူးသည်။ အဲဒီတုံးက ကွန်ပျူတာ "Intel-486" တစ်လုံးဝယ်တာ ၁ သိန်းခြောက်သောင်း လောက် ပေးခဲ့ရသည်။ Intel-486 ဆိုတာက အခု Intel-Pentium မျိုးဆက်ထက် မျိုးဆက် နှစ်ဆက် သုံးဆက်လောက် ရှေ့ရောက်သည်။ အဲဒီခေတ်က ဗင်ကား တစ်စီးကို ၄ သိန်း ငါးသိန်းကျပ် လောက်ပဲရှိသည်။ ဒါပေမယ့် အိမ်က ၀ယ်ပေးပါသည်။ ကျွန်တော်လည်း ကိုယ်စမ်းချင်တာတော့ စမ်းလို့ရပြီ ဆိုပြီး အလွန်ပျော်ပါသည်။ ကျွန်တော် အဲဒီကွန်ပျူတာလေး ကို အလွန်ချစ်ပါသည်။ ကျနော်နှင့် နှစ်အတန်ကြာအတူ အိပ်ခဲ့ရသော ကွန်ပျူတာလေးဖြစ်သည်။ နယ်ကိုပြန်ရင်လည်း သူ့ကို ကျွန်တော်နဲ့ အတူတူ သယ်သွားခဲ့သည်။ သြော် အခုတော့လည်း...

တခုပြောရ အုံးမည်။ အဲဒီတုံးက မီးမပျက်ပါ။ ဆယ်တန်းပြီးကတည်းက ရန်ကုန်မှာ ကျနော်နေခဲ့သည်။ ရန်ကုန်မှာ မီးအရမ်း ပျက်ခဲသည်။ အခု ကလေးတွေ ရန်ကုန်မှာ မီးမပျက်ပါလို့ ပြောလျှင် ညာနေတာ လို့ထင်လိမ့်မည်။

ဒီလိုနဲ့ ရန်ကုန်မှာ နေရင်းနေရင်းနဲ့ နှစ်လေးနည်းနည်းကြာတော့ မီးက နဲနဲ လေး နဲနဲလေး စစပြီး ဖောက်ဖောက်လာသည်။ ကိစ္စ မရှိသေး။ အလုပ်တော့လုပ်လို့ရသေးသည်။ ကွန်ပျူတာလေးတော့ ကိုင်လို့ရသေးသည်။ Program လေး ဘာလေးရေးလို့ ရသေးသည်။

တဖြည်းဖြည်းနဲ့ ကြာလာတော့ နွေရာသီတွေဆိုလျှင် လုံးလုံးအမှောင်ကျသွားသည်။ အမှောင်ကမ္ဘာကြီးထဲမှာ ကျင်လည်ခဲ့ရသည်။ မီးမရှိပေမယ့် မီးစက်လည်း မနှိုးနိုင်ဘူးလေ။ မီးစက်ကိုဝယ်မယ်ဆိုလို့ ရှိရင် ၀ယ်နိုင်ပါတယ်။ နေ့စဉ် ဆီဘိုး ကဈေးကြီးတယ်လေ။ အဲဒါနဲ့ အင်ဗာတာလေး တစ်လုံး ၀ယ်ထားရသည်။ နေ့အိပ်ပြီး ညမှ ထထပြီး အလုပ်တွေ လုပ်ရသည်။ ရေ ထ တင်ရသည်။ ဒါမှ နောက်နေ့ အိမ်သာသုံးဖို့ ရေချိုးဖို့ ရေရှိအောင်လို့။ မီးက လူတွေအိပ်ချိန် ၁၂ နာရီ ကြရင်လာတတ်တယ်လေ။ ၄နာရီလောက်ကြရင် ပြန် ပျက်သွားပြီ။

ကျွန်တော် နဲ့ သူငယ်ချင်းက စင်္ကာပူက ဆရာသမား တစ်ယောက်နှင့် အဆက်အသွယ်ရလို့ မြန်မာပြည်မှာ Program တွေ ရေးရေးပြီး စင်္ကာပူကို ပို့ပို့ပေးရတယ်။ ရက်ဆိုင်းလို့ မရဘူး လေ။ ဒီမှာ က သူ့ Schedule နဲ့ သူကိုး။ ကျွန်တော်တို့မှာက လဲ အမှောင်ကြီးထဲမှာလေ။ နေ့အိပ်ပြီး ညမှ ထထပြီး အလုပ်တွေ လုပ်ရသည်။ ဒီလိုနဲ့ နေ့အိပ် ညလုပ် နဲ့ ကြာတော့ လူတွေက ကြောင်စီစီတွေဖြစ်လာကြသည်။

ဆက်ပါဦးမည်...
အိမ်ချမ်းမြေ့ ၏ ချစ်သူ့အိမ်

ကျောက်စရစ်ခဲလေးတွေ ခင်းတဲ့ လမ်းလေးထဲမှာ ချစ်သူရဲ့အိမ်လေး ရှိတယ်။ အဲဒီ လမ်းလေး တဖက်တချက်မှာတော့ ၀ါးရုံပင်တန်းလေးတွေ၊ ညနေစောင်းပြီဆိုရင် ချစ်သူနေတဲ့ လမ်းလေးထိပ်ကပုဇွန်ကွက်ကျော်သုတ်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ကြံရည်ဆိုင်လေးတွေမှာ လူစည်ကားတတ်တယ် ။ မီးရောင်လဲ့လဲ့ စာအုပ်အငှားဆိုင်လေးတွေ၊ ဆိုက်ကားသံတွေနဲ့လဲ အသက်ဝင်နေတယ်။ ဒါပေမယ့် ချစ်သူနေတဲ့ လမ်းလေးထဲမှာကတော့ လူခြေတိတ်ဆိတ်နေတတ်တယ်။
ချစ်သူရဲ့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေ တန်းစီနေတယ် ။ တခါတရံ သရက်ကင်းလေးတွေက လမ်းလေးပေါ်ကို ကျနေတတ်တယ်၊ ပြူတင်းပေါက် ဖြူဖြူလေးတွေမှာ ကန့်လန့်ကာ အပြာလေးက လေမှာ လွင့်နေတတ်တယ်။ ခြံဝင်းလေးကတော့ သစ်ရွက်တွေ ကင်းစင်လို့ အမြဲတမ်း ပြောင်စင်နေတတ်တယ်။ ခြံလေးရဲ့ထောင့်မှာ အရိပ်ကောင်းတဲ့ ရေတွင်းလေးနဲ့  တွဲရရွဲကျနေတဲ့ သစ်ခွပန်းတွေရှိတယ်၊ညနေစောင်းတွေမှာ ခြံဝင်းလေးထဲမှာ တခါတရံ ချစ်သူ တံမြက်စည်းလှဲနေတာကို ပုဏ္ဍရိတ်ပင်တွေကြားက မြင်ရတတ်တယ်။ ချစ်သူကို ချစ်မိသွားတဲ့ အကြောင်းတွေထဲမှာ အဲဒါတခုလဲပါတယ်။ တခါတရံ တံမြက်စည်း လှဲပြီးသား သစ်ရွက်ခြောက် လေးတွေကို မီးရှို့နေလို့  မီးခိုးငွေ့တွေ ဟိုးဝါးရုံပင်ထိပ်ဖျားကို လွင့်တက် သွားတယ်။ တခါတရံတော့လဲ ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင် ရောက်နေလို့ ချစ်သူမရှိတဲ့ အိမ်လေးကို အဲဒီတော့မှ ရဲရဲဝင့်ဝင့် ကြည့်မိတယ်။ ယောင်္ကျားလေးတွေ အများကြီးရှိတဲ့ လ္ဘက်ရည်ဆိုင် ဆိုတော့ ချစ်သူရှိနေမလားလို့ လှမ်းမကြည့်ရဲလို့ သူငယ်ချင်းတွေကို အကူအညီတောင်းတော့လဲ အားမကိုးရတဲ့ သူငယ်ချင်းတွေက နင်ကြည့်ပေးလိုက်၊ ငါလဲမကြည့်ရဲဘူး။ နင်ကြည့်ပါလား ဆိုပြီး သူကြည့်ငါကြည့်နဲ့ သူတို့ အချင်းချင်း ငြင်းခုံနေခဲ့ကြသေးတယ်။မိုးအုံ့နေတဲ့ ညနေလေး တခုမှာတော့ ချစ်သူခြံဝမှာထွက်ရပ်နေတယ်။ သူငယ်ချင်းမတွေရဲ့ လှပနက်မှောင်တဲ့ ဆံကေသာတွေနောက်မှာ ပုန်းကွယ်ရင်း နောက်ပြန်လှဲ့ကြရင်ကောင်းမလားလို့ ချီတုံခြတုံ ဖြစ်နေခဲ့တယ်။ ကချင် ပုဆိုးကွက်နဲ့ ချစ်သူက ခေါင်းငုံ့ပြီး မြေပေါ်ကတစုံတရာကို(သို့) ဘာမှမရှိတာကို ဖိနပ်ဦးနဲ့ တို့ကစားနေတယ်။ ကိုယ်ချစ်တဲ့လူ တယောက်ရှေ့က ဖြတ်လျှောက်ရတာ တော်တော်ခက်တဲ့ အလုပ်တခုဆိုတာ အဲဒီနေ့က သိခဲ့ရတယ်။ ချစ်သူရဲ့မျက်လုံးက အားလုံးထဲမှာမှ ကိုယ့်ဆီရောက်လာတယ်။ ရိုလ်းနံပါတ် နှစ်မဟုတ်လားတဲ့၊ ကျွှန်တော် “ . . . ” ပါတဲ့၊ တအုပ်လုံးကြီးက ခေါင်းငြိမ့်ကြတယ်။ ဒါ ကျွှန်တော့အိမ်ပါတဲ့၊ တအုပ်လုံးက တခါ ခေါင်းထပ်ငြိမ့်ကြ ပြန်တယ်။ အားတဲ့အခါ လဲလာလည်နိုင်ပါတယ်တဲ့။ အားလုံး ခေါင်းတွေ ငြိမ့်ကြပြန်ရော။ အဲဒီညနေက ခေါင်းငြိမ့်တဲ့ အလုပ်နဲ့ပဲ ပြီးသွားကြတယ်။ချစ်သူအတွက် ကဗျာလေးတွေကို စွယ်တော်ရွက်လေးတွေပေါ်မှာ စပ်ဖူးတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီးတဲ့နောက် သူအတွက် စပ်ထားတဲ့ကဗျာတပုဒ်ကို ချစ်သူကို လက်ဆောင်အဖြစ် ပေးလိုက်ရတယ်။ ချစ်သူ စိတ်ဝင်စားနေတဲ့ အရပ်ပုပု ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို ပေးဖို့အတွက်ပေါ့။ သူငယ်ချင်းမတွေကတော့ နှစ်မျောတသနဲ့ မြည်တွန်တောက်တီး နေခဲ့ကြတယ်။နှစ်တွေအကြာကြီးမှာ ချစ်သူရဲ့အိမ်လေးရှေ့ကို တခါပြန်ရောက်တယ်။ အရင်လိုပဲ သစ်ရွက်တွေ ရှင်းလင်းပြီးစ ခြံဝင်းလေးက သန့်ရှုင်းနေတယ်။ ချစ်သူကို တံမြက်စည်းလေးကိုင်လို့ တွေ့လိုက်ရတယ်။ ချစ်သူဘေးမှာ ဂါဝန်အ၀ါလေးနဲ့ ပါးဖောင်းဖောင်း ကလေးလေးတယောက်က သရက်သီးလေး ကိုင်လို့ ရပ်ကြည့်နေတယ်။ သစ်ရွက်ပုံလေး နားမှာတော့ အရပ်ပုပု ဆံပင်ကိုတပတ်လျှိုတွဲချထားတဲ့ မိန်းကလေးတယောက်။ ချစ်သူတို့  မိသားစု လုပ်လက်စ အလုပ်တွေကို ထားပြီး အိမ်ပေါ်မှာ သစ်သီးမျိုးစုံနဲ့ ဧည့်ခံကြတယ်။ညမီးလေးတွေ လက်လာတော့ ခြံဝအထိ ချစ်သူက လိုက်ပို့တယ်။ နင့်ရဲ့ ကဗျာတပုဒ်အတွက် ကျေးဇူးတင်ပါတယ်လို့ ချစ်သူကပြောတယ်။ ညလေအတိုးမှာ ၀ါးရုံပင်တွေတရှဲရှဲမြည်သွားတယ်။ချစ်သူအိမ်ကို ကျောခိုင်းလျှောက်နေပေမယ့် ချစ်သူကိုယ့်ကို ခြံဝက ရပ်ကြည့်နေဆဲပဲဆိုတာ သိနေခဲ့တယ်။ဒါပေမယ့်လေ...ချစ်သူရှေ့မှာ လမ်းလျှောက်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တခုတော့ မဟုတ်တော့ပါ။

အိမ်ချမ်းမြေ့ ၏ ချစ်သူ့အိမ် ကို ဝေငှခံစားစေလိုသော စေတနာဖြင့် ထပ်ဆင့်ကူးယူတင်ပြပေးပါသည်: http://ainchannmyay.blogspot.com/