Thursday, October 19, 2006

ကုလသမဂ္ဂမှထုတ်လုပ်သောဂိမ်းကို လူသန်းပေါင်းများစွာနှစ်ခြိုက်နေ

ကမ္ဘာကြီးအတွင်းမှ ပြဿနာများကို လူငယ်များအမှန်အတိုင်းမြင်တွေ့နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်

ကုလသမဂ္ဂကထုတ်လုပ်လိုက်သော ကမ္ဘာ့ပထမဆုံးလူသားချင်းစာနာထောက်ထားမှု ဗီဒီယိုဂိမ်းကို ကမ္ဘာအနှံ့အပြားမှ လူသန်းပေါင်းများစွာကနှစ်သက်လျက်ရှိသည်။ အဆိုပါဗီဒီယိုဂိမ်းသည် အခက်အခဲနှင့်ကြုံနေရသောနေရာများသို့ လေကြောင်းမှ စားနပ်ရိက္ခာပို့ပေးခြင်း၊ အငတ်ဘေးနှင့်ကြုံနေရသော သောင်းကျန်းသူများလက် အောက်မှဒေသများသို့ အရေးပေါ်အစားအသောက်များပို့ပေးခြင်း စသည်တို့ကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်သည်။ ယင်းဂိမ်းကို အင်္ဂလိပ်၊ ဂျပန်၊ အီတလီ၊ ပိုလန်နှင့် ပြင်သစ်ဘာသာတို့ဖြင့် ကစားနိုင်ပြီဖြစ်ကာ လာမည့်ရက်သတ္တပတ်တွင် ဟန်ဂေရီနှင့် တရုတ်ဘာသာတို့ဖြင့် ကစားနိုင်တော့မည်ဖြစ်သည်။
ကမ္ဘာကြီးအတွင်းမှ စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာများနှင့် လူသားချင်းစာနာထောက်ထားသောအဖွဲ့အစည်းများ ကြုံတွေ့နေရသော အခက်အခဲများကို လူငယ်များနားလည်စေရန် တီထွင်ပေးထားသည့် အဆိုပါ ဗီဒီယိုဂိမ်းကို www.food-force.com တွင် download ပြုလုပ်နိုင်သည်ဟုသိရသည်။ အင်္ဂလိပ်၊ ဂျပန်၊ အီတလီ၊ ပိုလန်ဘာသာစကားတို့ဖြင့် ပြုလုပ်ပေးထားသောဂိမ်းကို လွန်ခဲ့သည့် ၁၈ လကတည်းကကစားနိုင်ခဲ့ပြီး download ပြုလုပ်သူ ၄.၅ သန်းထိ ရှိပြီဖြစ်သည်။ foodforce ဟု အမည်ပေးထားသော အဆိုပါဂိမ်းသည် အသက် ၈ နှစ်မှ ၁၃ နှစ် အရွယ်ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
'' food-force ဟာ ဒီကနေ့ ကမ္ဘာကြီးမှာရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုး ဆဲနိုင်ငံတွေက စားနပ်ရိက္ခာပြတ်လပ်တဲ့ပြဿနာတွေကို သိရှိနားလည်ပြီး ကူညီတတ်လာအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်'' ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ဆက်သွယ်ရေးဒါရိုက်တာ နီးလ်ဂါလတ်ဂျာကဆိုသည်။
ကမ္ဘာတစ်ဝန်းမှ ကလေးငယ်များ၊ ဆရာများ၊ မိဘများ၊ ဂိမ်းကျွမ်း ကျင်သူများမှာ မျှော်မှန်းထားသည်ထက်ပိုမိုနှစ်ခြိုက်ခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဂိမ်းကစားသူများသည် ကျေးလက်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် စားနပ်ရိက္ခာများပေးပို့ရာတွင် ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းရခြင်းများကို အမှန်အတိုင်း တွေ့မြင်ခံစားရမည်ဖြစ်သည်။

Ref: http://www.planet.com.mm/news/?linkpage=desc&id=8784

1 comment:

boedawgyi said...

ကျနော်ဟိုးအရင်ကအဲဒီဂိမ်းဆော့ဘူးတယ်ဗျ၊ဒုတိယခန်းမှာ
တင်Nutritionစပ်ရတာစိတ်ကုန်ပြီးဆော့တော့ဘူး