ဆရာကြီးရွှေဥဒေါင်း၏ တသက်တာမှတ်တမ်းတွင် ဆရာကြီးသည် ၀န်ကြီးချုပ်ဦးနုက အင်္ဂလိပ်စာပေကို ပုတ်ခတ်ပြောဆိုသဖြင့် လက်တုန့်ပြန်ရေးခဲ့ဘူးသည်။ ထိုစာတွင် အနောက်တိုင်းမှ လူကြီးလူကောင်းပီသသူများ (ဂျင်တဲလ်မဲန်း) ၏ စိတ်နေသဘောထားကို ငါးပါးသီလ သက်သက်ကို သာ စောင့်ထိန်းသူတဦး၏ အမူအကျင့်နှင့် နှိုင်းယှဉ်ပြထားပေသည်။ သို့သော် ငါးပါးသီလသမားတိုင်း ဆိုးသည်ဟု မမှတ်ယူကြရန် ကြိုတင်စကားခံလိုပါသည်။ သုစရိုက်တရားများကို ကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်တို့ အဖို့လည်း ထိုဂျင်းတဲလ်မဲန်း တို့အလားတူစွာ စိတ်နေသဘောထားကြီးကြမည်ဟု စာရးသူယုံကြည်ပါသည်။ ဆရာကြီးက မြန်မာ လူ့ပတ်ဝန်းကျင်တွင် ယေဘူယျ တွေ့ရသည့် အခြေအနေပေါ် ခြုံ၍ရေးထားသည့်သဘော ဖြစ်နိုင်ပါသည်။ ဆရာကြီး စာမှာ...
"... ငါးပါးသီလသမားတစ်ယောက်သည် ကြွေးပူသဖြင့် မရောင်းပဲ မနေနိုင်သည့် မုဆိုးမ တယောက်ထံမှ ပစ္စည်း တစ်ခုကို တန်ဘိုးထက် ဖိနှိပ်ပြီး ဆစ်၍ ၀ယ်ချင်ဝယ်နိုင်သည်။ သီလပျက်သည်ဟု မဆိုနိုင်ချေ။ ဂျန်တဲလ်မဲန်း တစ်ယောက်မူကား ထိုသို့သော အမှုမျိုးကို ပြုရန် စိတ်ထဲမှ အလွန် ၀န်လေးတတ်သည်။ ခွန်အားနည်းသူ တစ်ယောက်အား ခွန်အားကြီးသူက နိုင်ထက်ကလူပြုမူခြင်းကို မြင်ရသည့်အခါ ငါးပါးသီလသမားက မျက်နှာ လွဲ၍ နေနိုင်သည်။ ဂျန်တဲလ်မန်း တစ်ယောက်မူကား မိမိကိုယ်တိုင် ခွန်အားနည်း၍ မကူညီနိုင်လျှင် အနည်းဆုံးနှုတ်ဖြင့်ဖြစ်စေ ခုခံ၍ ပြောပေးပေလိမ့်မည်။ မိမိ အကျိုးအတွက် အခြားလူတယောက်က မတရားသဖြင့် ဆောင်ရွက်ပေးသည်ဆိုလျှင် ငါးပါးသီလသမားက မှိန်းပြီးကြည့်နေလိုက နေနိုင်သည်။ ဂျန်တဲလ်မဲန်း တယောက်မူကား ထိုကဲ့သို့နေ၍ မဖြစ်၊ သူ့အတွက် မတရားမလုပ်ပေးပါနှင့် ဟု ပြောလိမ့်မည်။ ငါးပါးသီလ သမား တယောက်သည် ကြုံကြိုက်ခဲ့လျှင် ထိုက်သင့်သည်ထက် ပို၍ အခွင့်အရေးယူလိမ့်မည်။ အခွင့်အရေးယူခြင်းသည် ခိုးခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဂျင်းတဲလ်မဲန်း တယောက်မူကား ထိုက်သင့်သည်ထက် ပိုပြီး အခွင့်အရေးယူရမည်ကို ရှက်တတ်သည်။ ငါးပါးသီလသမား တယောက်သည် ဖော်လံဖားနိုင်သည်။ ကပ်ပါးရပ်ပါး အလုပ်မျိုးနှင့် ကြီးပွားအောင်လုပ်နိုင်သည်။ ဂုဏ်ကြီးသူများ ပိုက်ဆံရှိသူများကို ကြို့၍ ချူနိုင် မြှိုက်နိုင်သည်။ ဂျန်တဲလ်မဲန်း တစ်ယောက်မူကား ကိုယ့်သိက္ခာကို ကိုယ်စောင့်ထိန်းသည်ဖြစ်၍ မည်သူ့ဆီကမျှ ချူခြင်းမြှိုက်ခြင်းမပြု၊ ဘာကိုမျှ အလကား မလိုချင်၊ ထိုက်တန်အောင် အလုပ်လုပ်၍ ယူချင်သည်။ မည်သူ့ရှေ ဍ္ဍ်မျှ မျက်နှာ အောက်မချ။ အမြဲ ဦးခေါင်းထောင်ချင်သည်။ ဆင်းရဲသည်ကို မရှက်၊ ညစ်ပတ်ရမည်ကို ရှက်သည်။ အမျိုးမြတ်သည် ဆို၍ ဂုဏ်မတက်၊ ရိုးဖြောင့်သည့် အတွက် ဂုဏ်ယူသည်။ လိုရင်းအချုပ်ဍ္ဍ် ဂျင်တဲလ်မဲန်း တယောက်သည် (Sense of Justice and Fair Play) မိမိနှင့် ဆက်ဆံသမျှသော ကိစ္စအ၀၀တွင် သာမက မိမိ၏ ပတ်ဝန်းကျင် ဍ္ဍ်လည်း မတရားသဖြင့် အနိုင်ကျင့်ခြင်းကို မမြင်လို၊ မျှမျှတတ ဖြစ်စေလိုသော စိတ်သဘောထားမျိုး အမြဲကိန်းအောင်းသူ တယောက်ဖြစ်လေသည်။ ... "
Ref: http://burmatoday.net/article2005/061204_kopaw.swf
Ref: http://burmatoday.net/article2005/061204_kopaw.swf
No comments:
Post a Comment