Tuesday, December 19, 2006

ဗုဒ္ဓဘာသာ အခြေခံ (planet.com ဖိုရမ်မှ)

တနေ့က မန္တလေးက ဓမ္မမိတ်ဆွေ၊ ဆရာသမား တစ်ဦး ဖြစ်သော ကိုရဲထံမှ အီးမေး တစ်စောင်ရောက်လာခဲ့သည်။ "ဗုဒ္ဓဘုရားရှင်အကြောင်းက စပါမယ်" ဆိုတဲ့ Subject ဖြစ်နေတော့ ဘာပါလိမ့် ဆိုပြီး ဖတ်ကြည့်အုံးမှပဲလို့တွေးမိတယ်။ အဲဒီနေ့က အလုပ်များနေတာနဲ့ ခပ်ကြမ်းကြမ်း ပဲဖတ်လိုက်ရတယ်။ ဒီနေ့မှ နဲနဲ စိမ်ပြေနပြေ ထပ်ဖတ်ကြည့်တော့ ကောင်းလိုက်တာ။ အားလုံးကို ထပ်ပြီး မျှဝေအုံးမှပဲ ဆိုတဲ့ စိတ်ကူးမျိုးဖြစ်လာတာနဲ့  ကူးရေးပေးလိုက်ပါတယ်။

ဗုဒ္ဓဘုရားရှင် အကြောင်းက စပါ့မယ်။ ကပိလ၀တ် ထီးနန်းကို ဆက်ခံစိုးစံသော သုဒ္ဓေါဓနမင်းကြီး နှင့် ဒေ၀ဒဟ မင်းသမီး သီရိမဟာ မာယာဒေ၀ီ တို့ စုံဖက်တော်မူသောအခါ မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့် ကြာသာပတေးနေ့ တွင် ဘုရားအလောင်းအလျာ သိဒ္ဓတ္ထမင်းသားအား ပဋိသန္ဓေတည်ပါသည်။ ဆယ်လပြည့်သောအခါတွင် မယ်တော်မာယာသည် ခမည်းတော်စံရာ ဒေ၀ဒဟပြည်သို့ သွားလိုသော စိတ်ဆန္ဒရှိသဖြင့် သွားရာ ကပိလ၀တ်ပြည် နှင့် ဒေ၀ဒဟပြည်ကြား အင်ကြင်းတော၌ သိဒ္ဓတ္ထမင်းသားအား ဖွားမြင်ခဲ့ပါသည်။ ထိုနေ့က မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ ဖြစ်ပါသည်။ (ဘီစီ ၅၆၇ ) သိဒ္ဓတ္ထမင်းသားဖွားမြင်ပြီး (၇)ရက်မြောက်တွင် မယ်တော်မာယာသည် သေဆုံးသွားရာ မိထွေးတော် ဂေါတမီကနို့တိုက်မွေးမြူခဲ့ရသည်။
အရွယ်ရောက်လာသောအခါ သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ဘဒ္ဒကဉ္စနာနှင့် လက်ဆက်တော်မူသည်။ ထို့နောက် ဘဒ္ဒကဉ္စနာအား ယသော်ဓရာ ဗိမ္မာဒေ၀ီအမည်ဖြင့် အဂ္ဂမဟေသီအရာ ထားတော်မူသည်။ သက်တော်(၂၈) အရွယ်ရောက်သောအခါ ဥယျာဉ်တော်သို့ ထွက်စံတော်မူချိန်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း တည်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်ရာမှ သတိသံဝေဂရခဲ့သည်။ ထိုအချိန်တွင် ယသော်ဓရာဒေ၀ီမှ သားတော် ရာဟုလာကို ဖွားမြင်ခဲ့သည်။ သက်တော်(၂၉)နှစ်အရွယ် သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၉၇ ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့တွင် ကာမဂုဏ်ကို ငြီးငွေ့တော် မူလာသဖြင့် တောထွက်ခဲ့သည်။ အနော်မာမြစ်ကမ်းတွင် ရဟန်းပြုပြီးနောက် အာဠာရ ရသေ့ထံ ချဉ်းကပ်၍ ဈာန်သမာပတ်ကို အားထုတ်သောအခါ လောကီဈာန် ခုနှစ်ဆင့် ကို ရရှိခဲ့သည်။ ထို့နောက် ဥဒက ရသေ့ထံတွင် ဆက်လက်၍ အထက်ဈာန်ကို အားထုတ်ရာ သမာပတ် ရှစ်ဆင့်ကို ရရှိခဲ့သည်။ သို့ရာတွင် ဤဈာန်သမာပတ်တို့သည် ဆင်းရဲခြင်းမှ လွတ်မြောက်ရာအမှန်ဟု ယုံကြည်တော်မမူသည့်အတွက် တရားအစစ်အမှန်အားရှာဖွေရန် ဥရုဝေလတောအုပ်သို့ သွားလေသည်။ ထိုတောအုပ်တွင် ခြောက်နှစ်တာမျှ အလွန်ပင်ပန်းဆင်းရဲလှစွာသော ဒုက္ခရစရိယာအကျင့်ကို ကျင့်တော်မူသည်။
သို့သော်လည်း ထိုအကျင့်သည် ဘုရားအဖြစ်သို့ မရောက်နိုင်ဟု ဆင်ခြင်မိ၍ အာဟာရကို ပြန်လည်မျှတစေပြီး ဗောဓိညောင်ပင်တစ်ပင်အောက်သို့ ကြွချီကာ ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူပြီး အာနာပနဈာန်ကို ၀င်စားတော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လဆန်း ၁၄ ရက် အင်္ဂါနေ့ ညဥ့်ဦးယံတွင် သတ္တ၀ါတို့၏ သန္တာန်တွင် ဖြစ်ဖူးသော ခန္ဓာအစဉ် အကြောင်းအကျိုးကို သိမြင်နိုင်သော ပုဗ္ဗေနိဝါသဥာဏ်တော်ကို ရရှိခဲ့သည်။ သန်းခေါင်ယံတွင် သတ္တ၀ါတို့၏ ရုပ်ခန္ဓာကို ကုန်စင် အောင်သိနိုင်သော ဒိဗ္ဗစက္ခုဥာဏ်ကို ရရှိခဲ့သည်။ မဟယသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အာရုဏ်တက်တွင် ကိလေသာကို ချုပ်ငြိမ်းစေပြီး အလုံးစုံသောတရားကို သိမြင်စေသော သဗ္ဗညုတဥာဏ်ကို ရရှိတော်မူရာ လောကသုံးပါး၏ ထွတ်အထိပ်ဖြစ်သော မြတ်စွာဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။ဘုရားရှင်အဖြစ် ရောက်ရှိတော်မူပြီးနောက် မိဂဒါဝုန်တောသို့ ကြွချီတော်မူပြီး ရှေးကကျေးဇူးရှိခဲ့ဘူးသော ပဉ္စ၀ဂ္ဂီငါးဦးအား မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ၀ါဆိုလပြည့် စနေနေ့တွင် တရားဦးဟောကြားတော်မူသည်။ ဟောကြားသော်မူသောတရားက ဓမ္မစက္ကပ၀တ္တသုတ်ခေါ် ဓမ္မစကြာတရားတော်ဖြစ်သည်။ ထိုအချိန်မှစ၍ မြတ်စွာဘုရားရှင်သည် (၄၅)၀ါပတ်လုံး လှည့်လည်၍ တရားဓမ္မများဟောကြားတော်မူခဲ့သည်။ မရေမတွက်နိုင်သော သတ္တ၀ါများတို့သည် တရားတော်ကို နာကြားရပြီးနောက် သံသရာမှ လွတ်မြောက်သွားခဲ့သည်။ မဟာသက္ကရာဇ် ၁၄၀ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် သက်တော်(၈၀)ရှိတော်မူပြီဖြစ်သော် မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ (ဘီစီ ၄၈၇ ) မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃)လအကြာတွင် ဘုရားရှင်ဟောကြားတော်မူခဲ့သော သုတ်၊ ၀ိနည်း၊ အဘိဓမ္မာများ မကွယ်ပျောက်စေရေးအတွက် အရှင်မဟာကဿပမှ ကြီးမှူးပြီး မဟာသက္ကရာဇ် ၁၄၈ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့ တွင် ပိဋကတ်သုံးပုံတို့ကို ရွတ်ဖတ်၍ ပထမအကြိမ် သင်္ဂါယနာတင်လေသည်။ မဟာသက္ကရာဇ် ၂၅၀ ( သာသနာသက္ကရာဇ် ၁၀၀ ) တွင် ဒုတိယအကြိမ် သင်္ဂါယနာတင်ပွဲကို အရှင်မဟာယသ မှ ဝေသာလီပြည် တွင် ကြီးမှူးကျင်းပခဲ့သည်။ ( ဘီစီ ၄၄၃ ) သာသနာသက္ကရာဇ် ၂၃၅ တွင် ပါဋလီပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် အရှင် မောဂ္ဂလိပုတ္တတိဿ မှ ကြီးမှူး၍ တတိယအကြိမ် သင်္ဂါယနာတင်ခဲ့သည်။သီဟိုကျွန်း ၀ဂ္ဂဂါမဏိမင်းလက်ထက် သာသနာသက္ကရာဇ် ၄၅၀ တွင် စတုတ္ထအကြိမ် သင်္ဂါယနာကို တင်နိုင်ခဲ့သည်။ ( ဘီစီ ၉၄ ) ပဉ္စမမြောက် သင်္ဂါယနာတင်ပွဲကို မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် မန္တလေးနေပြည်တော်တွင် သာသနာသက္ကရာဇ် ၂၄၁၅ တွင် ကျင်းပနိုင်ခဲ့သည်။ ( အေဒီ ၁၈၄၁ ) ဆဌမအကြိမ် သင်္ဂါယနာတင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် သာသနာသက္ကရာဇ် ၂၄၉၈ တွင် ကမ္ဘာအေးစေတီ၌ ကျင်းပ ခဲ့သည်။ ( အေဒီ ၁၉၅၄ ) ဗုဒ္ဓဘုရားရှင်ဟာ ဘာဖြစ်လို့ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးရဲ့ ကိုးကွယ်ရာ ဖြစ်နေရပါသလဲ။ ဗုဒ္ဓဘုရားရှင်ဟာ အောက်ဖော်ပြပါ ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသောကြောင့် ဖြစ်ပါတယ်။

၁။ အရဟံ ... ဗုဒ္ဓဘုရားရှင်သည် ကိလေသာကင်းစင်တော်မူသဖြင့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူခြင်း။
၂။ သမ္မာသမ္ဗုဒ္ဓေါ ... သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူခြင်း။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော ... အသိဥာဏ်ရော၊ အကျင့်ပါ ပြည့်စုံတော်မူခြင်း။
၎။ သုဂတော ... မှန်ကန်၍အကျိုးရှိသော စကားကိုသာ ဆိုတော်မူတတ်ခြင်း။
၅။ လောက၀ိဒူ ... သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကတည်းဟူသော လောကသုံးပါးကို အမှန်အတိုင်းသိတော်မူခြင်း။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ ... ဆုံးမထိုက်သောသတ္တ၀ါအပေါင်းအား ဆင်းရဲဒုက္ခမှလွတ်ကင်းအောင် ဆုံးမတော်မူခြင်း
ရ။ သတ္တာဒေ၀ မနုဿာနံ ... လူ၊ နတ် တို့အား ကောင်းရာကောင်းကြောင်းကိုသာ ညွှန်ပြပေးတော်မူခြင်း။
၈။ ဗုဒ္ဓေါ ... သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိပြီး တစ်ပါးသူကိုလည်း သိအောင် ဟောကြားဆုံးမတော်မူခြင်း။
၉။ ဘဂ၀ါ ... မိမိစိတ်နှင့်တကွ တစ်လောကလုံးကို အစိုးရတော်မူသော ဘုန်းတော်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊
များပြားသောအခြွေအရံ၊ ကျော်စောမူနှင့် ပြည့်စုံတော်မူသော ဘုန်းတော်၊ အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော
ဘုန်းတော်၊ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝတော်မူသော ဘုန်းတော် နှင့် အတုမရှိသော လုံ့လ၀ီရိယ နှင့် ပြည့်စုံတော်မူသော ဘုန်းတော်
တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်း။


သစ္စာလေးပါး သည် ဗုဒ္ဓဘုရားရှင်၏ ပထမဦးဆုံးဟောသော တရားပင်ဖြစ်သည်။
၎င်းတို့မှာ -
(၁) ဒုက္ခသစ္စာ ( ဆင်းရဲခြင်းအမှန် )
(၂) သမုဒယသစ္စာ ( ဆင်းရဲရခြင်းအကြောင်းတရားအမှန် )
(၃) နိရောဓသစ္စာ ( ဆင်းရဲခြင်းမှ လွတ်မြောက်ခြင်းအမှန် )
(၄) မဂ္ဂသစ္စာ ( ဆင်းရဲခြင်းမှ လွတ်မြောက်ရာအကြောင်းတရားအမှန် )


လောကတွင် သတ္တ၀ါအဖြစ်ပဋိသန္ဓေဖြစ်ခြင်း၊ မွေးဖွားလာရခြင်း၊ အသက်ရှင်ရန် လုံးပန်းနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေဆုံးရခြင်း၊ တို့သည် သံသရာတွင် ကျင်လည်နေသော သတ္တ၀ါတိုင်း မလွဲမသွေ ကြုံတွေ့ခံစားရမည်ဖြစ်သဖြင့် သတ္တ၀ါဖြစ်ရခြင်းသည်ပင် ဆင်းရဲခြင်းအမှန်ဖြစ်သည်ဟု ဗုဒ္ဓဘုရားရှင်က ရှုမြင်သည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရခြင်းအကြောင်းသည် ရုပ်၊နာမ်အစုတို့ဖြစ်ပေါ်ရန် ပြင်းပြသော ဘ၀ကိုစွဲမက်သော တဏှာကြောင့်ပင်ဖြစ်သည်။ ထိုသို့စွဲမက်ရခြင်းအကြောင်းသည်ပင် အ၀ိဇ္ဇာတည်းဟူသော အသိပညာကင်းမဲ့မူကြောင့်ဖြစ်သည်။ ဆင်းရဲခြင်းကိုသိလျင် ဆင်းရဲခြင်းမှလွတ်ကင်းရာကိုလည်း သိနိုင်သည်။ ဆင်းရဲရခြင်းမှာ ရုပ်နှင့် နာမ်ကြောင့် ဖြစ်သဖြင့် ရုပ်နှင့် နာမ်တို့ ချုပ်ငြိမ်းရာသည် ဆင်းရဲခြင်းမှ လွတ်မြောက်ခြင်းအမှန်ဖြစ်သည်။ သို့ရာတွင် နောက်ထပ်တဖန် ရုပ် နှင့် နာမ်တို့ ပြန်မဖြစ်စေရ။ ဆင်းရဲခြင်းမှ လွတ်မြောက်အောင်လုပ်နည်းအမှန်သည်ရှိသည်။ ဤသည်မှာ မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျင့်စဉ်ပင်ဖြစ်သည်။

အလယ်အလတ်ကျင့်စဉ်ဆိုတာ ဘာလဲ။ အလယ်အလတ်ကျင့်စဉ် ဆိုတာ လျော့လွန်းခြင်း၊ တင်းလွန်းခြင်း ဟူသော အစွန်းနှစ်ပါးမှ ရှောင်ရှားထားခြင်းဖြစ်သည်။
ထိုကျင့်စဉ်သည် (၈)မျိုးရှိသည်။ ၄င်းတို့မှာ -
(၁) သမ္မာဒိဌိ ... ကောင်းသောအယူ
(၂) သမ္မာသင်္ကပ္ပ... ကောင်းသောအကြံအစည်
(၃) သမ္မာဝါစာ ... ကောင်းသောပြောဆိုဆက်ဆံမှု
(၄) သမ္မာကမ္မန္တ ... ကောင်းသောအလုပ်
(၅) သမ္မာအာဇီဝ ... ကောင်းသောအသက်မွေးမှု
(၆) သမ္မာဝါယမ ... ကောင်းသောလုံ့လထုတ်မှု
(ရ) သမ္မာသတိ ... ကောင်းသောသတိ
(၈) သမ္မာသမာဓိ ... ကောင်းသောတည်ကြည်မှု


ရှစ်ပါးသော ဤတရားကို ကျင့်နိုင်ပါလျင် ဆင်းရဲခြင်းဒုက္ခတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံးရည်မှန်းချက်သည် နိဗ္ဗာန်ပင်ဖြစ်သည်။ နိဗ္ဗာန်ဆိုသည်မှာ ဖြစ်တုံ့ပျက်ပြန် သံသရာတွင် ကျင်လည်နေရာမှ လွတ်မြောက်သွားခြင်းဖြစ်သည်။
တစ်နည်းဆိုရသော် နောက်ဘ၀သစ်တစ်ခု ထပ်ဖြစ်မလာတော့ဘဲ အပြီးတိုင် ချုပ်ငြိမ်းသွားခြင်းပင်ဖြစ်သည်။

ဗုဒ္ဓဘာသာတွေဟာ ကံ နှင့် ကံ၏အကျိုးလို့ ပြောပြောနေကြတယ်။ ကံဆိုတာဘာလဲ။ ပါဠိလို ကမ္မဟုခေါ်သော ကံဆိုသည်မှာ မိမိပြုလုပ်သော အလုပ်ကိုခေါ်သည်။
ကံကို (၃)မျိုးခွဲခြားနိုင်သည်။ ၄င်းတို့မှာ -
(၁) ကာယကံ ... ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(၂) ၀စီကံ ... နှုတ်ဖြင့်ပြုလုပ်ခြင်း။
(၃) မနောကံ ... စိတ်ဖြင့်ပြုလုပ်ခြင်း။


ကံတွင် ကောင်းသောကံ နှင့် မကောင်းသောကံ ဟူ၍ရှိသည်။ ကောင်းသောကံသည် ကောင်းကျိုးပေးနိုင်ပြီး မကောင်းသောကံသည် မကောင်းကျိုးပေးနိုင်သည်။ သို့ရာတွင် အကျိုးပေးမည့် နေရာဌာန အချိန်ကာလ၊ အကျိုးမပေးမည့် နေရာဌာန အချိန်ကာလများ လည်းရှိသေးသည်။

ဗုဒ္ဓဘာသာဝင်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ ပြောပြောနေကြတယ်။ အဲဒါတွေက ဘာတွေလဲ။

(၁) အနိစ္စံ ခယဌေန ... အမြဲတည်ရှိနိုင်သော သဘောရားမှ ကုန်ခမ်းတတ်သော အနက်သဘောကြောင့် ( မမြဲပါ )
(၂) ဒုက္ခံ ဘယဌေန ... ကြောက်မက်ဖွယ်ကောင်းသော အနက်သဘောကြောင့် ( ဆင်းရဲတယ် )
(၃) အနတ္တာ အသာရကဌေန ... အနှစ်ဟူ၍ မြူမျှလောက်ပင် မရှိသော အနက်သဘောကြောင့် ( အနှစ်သာရမရှိဘူး )



ဗုဒ္ဓဘုရားရှင် (၄၅)၀ါပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားတွေကို အောက်ပါအတိုင်း (၃)ပုံ ပုံထားပါတယ်။
(၁) သုတ်
(၂) ၀ိနည်း
(၃) အဘိဓမ္မာ


သုတ္တန် ဆိုတဲ့ သုတ် (၃)ကျမ်း ရှိပါတယ်။
(၁) သုတ်မဟာဝါ
(၂) သုတ်ပါထေယျ
(၃) သုတ်သီလက္ခန်


ဝိနည်း (၅)ကျမ်း ရှိပါတယ်။
(၁) ပါရာဇိက
(၂) ပါစိထေယျ
(၃) မဟာဝဂ္ဂ
(၄) စူဠ၀ဂ္ဂ
(၅) ပရိ၀ါယ်


အဘိဓမ္မာ (၇)ကျမ်း ရှိပါတယ်။
(၁) ဓမ္မသင်္ဂီဏီ
(၂) ၀ိဘင်း
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ်
(၅) ကထာဝတ္ထု
(၆) ယမိုက်
(ရ) ပဌာန်း



အဘိဓမ္မာ
အဘိ (မြင့်မားသော) ဓမ္မ (တရား) = မြင့်မားသောတရားဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်၏ အဆီအနှစ်များကို စနစ်တကျ စုစည်းထားခြင်းဖြစ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာထားတဲ့ ဆန်းစစ်ပုံနည်းလမ်း နှင့် အလွန်ကျယ်ပြန့်လှတဲ့ အနက်သဘော တို့ဟာ အဘိဓမ္မာတရားတော်ရဲ့
ထူးခြားချက် ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေအားလုံးဟာ ဆင်းရဲခြင်းမှလွတ်မြောက်ရာဆိုတဲ့ နိဗ္ဗာန်ကိုပဲ ဦးတည်ပါတယ်။ သုတ္တန်ဒေသနာတော်တွေမှာ မြတ်စွာဘုရားဟာ တရားနာပရိတ်သတ်ရဲ့ ပါရမီ အနုအရင့်ကိုလိုက်ပြီး တရားတော်များကို သမရိုးကျအသုံးအနှုံးမျိုးသုံးနှုံးဟောကြားတော်မူပါတယ်။ အဘိဓမ္မာတရားတော်များကိုဟောကြားရာမှာတော့ ပရမတ္ထသစ္စာ သက်သက်ကိုသာ အသုံးပြုပါတော့တယ်။ အလုံးစုံသော သဘာဝတရားတို့ကို အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးများ အဖြစ်ခွဲခြမ်းစိတ်ဖြာ လိုက်ပါတယ်။ အလုံးစုံသော သဘာဝတရားတို့ကို အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးများအဖြစ် သရုပ်ခွဲဆန်းစစ်ပြီးတဲ့အခါမှာ ၄င်းတို့ အချင်းချင်း ပေါင်းစည်းအကျိုးပြုကြပုံတွေကို ဆက်လက်ရှင်းပြပါတယ်။ ထို့ကြောင့် အဘိဓမ္မာတရားတော်ကို နားလည် သဘောပေါက်စေရန်အတွက် အလွန်ကြီးမားတဲ့ အသိဥာဏ်ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုမျိုး လိုအပ်ရခြင်း ဖြစ်ပါတယ်။ ကထာဝတ္ထုသည် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ခြင်း မဟုတ်ပါ။ တတိယသင်္ဂါယနာတွင် အရှင်မောဂ္ဂလိပုတ္တတိဿက ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များအပေါ် ဗုဒ္ဓဘာသာဂိုဏ်းခွဲများက အမျိုးမျိုး ယူဆအဓိပ္ပါယ်ကောက်ကာ အငြင်းပွားမှုကို အမေးအဖြေပုံစံဖြင့် ဟောကြားချေပကာ စံသတ်မှတ်ထားသည့် အဓိပ္ပါယ်များအား မှတ်တမ်းတင်ထားသော ကျမ်းဖြစ်သည်။

ယာမက ခေါ် ယမိုက်ကျမ်းသည် အသုံးချယုတ္တိဗေဒကျမ်းဖြစ်ပြီး အထက်ပါ သဘာဝတရားများကို အတွဲလိုက်ယှဉ်တွဲ၍ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ပြထားသည်။ ပဌာန ခေါ် ပဌာန်းကျမ်းသည် ၄င်း သဘာဝတရားတို့ အချင်းချင်း ဆက်နှယ်မှီခိုကာ အပြန်အလှန် အကျိုးပြုနေပုံကို ဆက်နွယ်မှုပုံစံ (၂၄)ခု ဖြင့် တစ်ခုချင်း အသေးစိတ် ရှင်းလင်းပြဆိုထားသည်။ ဓမ္မာသင်္ဂီဏီကျမ်းတွင် ရုပ်၊ စိတ်၊ စေတသိတ် စသည့်အလုံးစုံသော သဘာဝတရားများကို တစ်ခုချင်း အသေးစိတ် ရေတွက် ပြထားသည်။ ထိုသို့ ရေတွက်ရာတွင် ၄င်းတို့၏ သဘောသဘာဝ၊ လုပ်ငန်းတာဝန်နှင့် အချင်းချင်း အပြန်အလှန် ဆက်နွယ် ကျေးဇူးပြုပုံများအလိုက် ပေါ်လွင်စေရန် အမျိုးအစားများခွဲခြား၍ ရှင်းပြထားသည်။ ၀ိဘင်္ဂ ခေါ် ၀ိဘင်းကျမ်းတွင် ၄င်းတို့ကို အလွန့်အလွန်သေးငယ်သော အစိတ်အပိုင်းများအဖြစ် ပိုင်းခြားစိတ်ဖြာကာ လေ့လာဆန်းစစ်ချက်များကို အခန်း(၁၈)ခန်းခွဲ၍ ရှင်းပြထားသည်။ ဓာတုကထာတွင် အထက်ပါ သဘာဝတရားများကို ခန္ဓာ၊ အာယတန၊ ဓာတု ဟူ၍ အမျိုးအစားသုံးခုနှင့် ဆက်စက်၍ အမေးအဖြေပုံစံဖြင့် ရှင်းပြထားသည်။ ပုဂ္ဂလပညာတိ ခေါ် ပုဂ္ဂလပညတ်ကျမ်းတွင် နိဗ္ဗာန်လမ်းသို့ အောင်မြင်စွာ လျှောက်လှမ်းသွားသော လူ၊နတ် တို့၏ ကြိုးစားအားထုတ် အောင်မြင်မှုပုံစံ အမျိုးမျိုးကို နမူမာပြ၍ အထက်ပါတရားများကို ဆက်စပ်ရှင်းလင်းထားသည်။

ဤလောကတွင်

ဆရာသည်လည်း
အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာသိသူ မဟုတ်။
တရားသည်လည်း မကောင်းသဖြင့် ဟောအပ်သော တရားဖြစ်သည်။
မကောင်းသဖြင့် သိစေအပ်သောတရား ဖြစ်သည်။
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရား မဟုတ်။
ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား မဟုတ်။

တပည့်သည်လည်း
ထိုသာသနာ၌ ထိုဆရာဟောအပ်သည့်အကျင့်ကို ရိုသေစွာကျင့်၏။
ထိုဆရာဟောအပ်သော တရားနှင့်အညီလည်း ဆောက်တည်၍နေ၏။

ထိုတပည့်မျိုးကို ဤသို့ဆိုအပ်သည်။
အသင်သည် အရမတော်စွတကား။

ဤဆိုခဲ့သည့်အတိုင်း ထိုသာသနာ၌ ဆရာကိုလည်း ကဲ့ရဲ့အပ်၏။
တရားကိုလည်း ကဲ့ရဲ့အပ်၏။
တပည့်ကိုလည်း ကဲ့ရဲ့အပ်၏။


(ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ ပါသာဒိကသုတ်)

သေပြီးနောက်၌ ဖြစ်၏။
သေပြီးနောက်၌ မဖြစ်။
သေပြီးနောက်၌ ဖြစ်လည်းဖြစ်၊ မဖြစ်လည်းမဖြစ်။
သေပြီးနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်။

ဤအယူတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။
အဘယ်ကြောင့်ဆိုသော်...
၎င်းတို့သည် ပစ္စုပ္ပန်အကျိုး နှင့် မစပ်။
လောကုတ္တရာတရားနှင့်လည်း မဆိုင်။
သာသနာတော်အကျင့်မြတ်၏ အစအဦးမဟုတ်။
သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့စေရန်မဖြစ်။
စွဲမက်ခြင်းကင်းရန်မဖြစ်။
ဆင်းရဲခြင်းချုပ်ငြိမ်းရန်မဖြစ်။
သစ္စာလေးပါးကို ထိုးထွင်းသိမြင်ရန်မဖြစ်။
နိဗ္ဗာန်ရကြောင်းမမြင်။
ထို့ကြောင့် ထိုတရားတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မမူ။


(ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ ပါသာဒိကသုတ်)

ဤတရားသည် ဆင်းရဲခြင်းတည်း။
ဤတရားသည် ဆင်းရဲခြင်းဖြစ်ကြောင်းတည်း။
ဤတရားသည် ဆင်းရဲခြင်းချုပ်ငြိမ်းရာ နိဗ္ဗာန်တည်း။
ဤတရားသည် ဆင်းရဲခြင်းချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ရာ အကျင့်တည်း။

ဤတရားများကိုသာ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသည်။


(ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ ပါသာဒိကသုတ်)

ဗုဒ္ဓဘာသာဝင်တွေဟာ သီလစောင့်တယ် လို့ ပြောနေတာကြားဖူးတယ်။
သီလဆိုတာဘာလဲ။

သီလဆိုတာ စောင့်ထိန်းခြင်းဖြစ်ပါသည်။
စောင့်ထိန်းသော သီလ အရေအတွက်ပေါ်မူတည်ပြီး အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားပါသည်။
(၁) (၅)ပါးသီလ
(၂) (၈)ပါးသီလ
(၃) (၉)ပါးသီလ
(၄) (၁၀)ပါးသီလ


အခြေခံဖြစ်သော (၅)ပါးသီလကို ပြောပြပါ့မယ်။
(၁) သူ့တစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကျဉ်ခြင်း။
(၂) သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကျဉ်ခြင်း။
(၃) သူတစ်ပါးသားမယားကို ပစ်မှားခြင်းမှ ရှောင်ကျဉ်ခြင်း။
(၄) မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကျဉ်ခြင်း။
(၅) သေရည်သေရက်သောက်စားမူးယစ်ခြင်းမှ ရှောင်ကျဉ်ခြင်း။


ပါရာဇိက မှာပါတဲ့အချက်ကလေးတွေကိုလည်း ပြောပြချင်ပါတယ်။
(၁) မေထုန်မှုပြုခြင်း။
(၂) ခိုးခြင်း။
(၃) လူသတ်ခြင်း။
(၄) မြင့်မားတဲ့အဆင့်အတန်းတစ်ခုခုမရဘဲ ရတယ်လို့လိမ်ညာပြောခြင်း။
အဓိကကျတဲ့ ပါရာဇိက(၄)ချက် ဖြစ်ပါတယ်။ ဖောက်ဖျက်မိရင် ရဟန်းအဖြစ်က လုံးဝဆုံးရှုံးရမှာပါ။


နောက်တစ်ခါ သံဃဒိသိသ် (၁၃)ချက် ဆိုတာရှိပါသေးတယ်။ နောက်ထပ် အနိယတ (၂)ချက် ရှိပါတယ်။ နောက်ထပ် နိဿဂ္ဂိယ (၃၀)ချက် ရှိပါတယ်။ ပါစိတ္ထိယ (၉၂)ချက် ရှိပါတယ်။ ပါတိဒိသာနိယ (၄)ချက် ရှိပါတယ်။ စက္ခိယ (၇၅)ချက် ရှိပါတယ်။ အဓိကရနသာမသ (၇)ချက် ရှိပါတယ်။ အဲဒီဟာတွေဟာ ဘိက္ခုတွေအတွက် အကျဉ်းအားဖြင့် (၂၂၇) သွယ်သော သိက္ခာပုဒ်များဖြစ်ပါတယ်။ ဘိက္ခုနီတွေအတွက်တော့ စောင့်ထိန်းရမယ့် သိက္ခာပုဒ် အကျဉ်းအားဖြင့် (၃၁၁)ပုဒ် ရှိပါတယ်။ မဟာဝဂ္ဂ မှာတော့ခန္ဓာက လို့ခေါ်တဲ့ အခန်း(၁၀)ခန်း ခွဲပြီးပြထားပါတယ်။ ဗုဒ္ဓဘုရားရှင်အကြောင်း တစ်စိတ်တစ်ဒေသ၊ ရဟန်းဘောင်သို့ ၀င်ခါနီးတွင် မေးမြန်းရမည့် အမေးများ၊ ၀ါတွင်း၊၀ါပ နှင့် သက်ဆိုင်ဆက်နွယ်သော လုပ်ဆောင်ဖွယ်ရာများ၊ နေထိုင်မကောင်းသော ရဟန်းတော် နှင့် သက်ဆိုင်သော အစားအသောက် နှင့် ဆေးဝါးများ၊ ကထိန်ကျင်းပပုံများ ပါဝင်ပါသည်။ စူဠ၀ဂ္ဂ တွင် အခန်း(၁၂)ခန်းပါဝင်ပြီး အခြားသော အခြေအနေအလိုက် လိုက်နာ ကျင့်ဆောင်ရမည့် အချက်များ၊ မိထွေးတော်ဂေါတမီ အား ဘိက္ခုနီသာသနာတော် ခွင့်ပြုပေးငည့် အကြောင်းများ နှင့် ပထမ၊ ဒုတိယအကြိမ် သံင်္ဂါယနာတင်ပွဲများ အကြောင်းတို့ ပါရှိသည်။ ပရိဝါရသည် အမေးအဖြေပုံစံဖြစ်ပြီး ၀ိနည်းကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ၍ နားလည်တတ်စေရန် ရည်ရွယ်ထားသည်။ ထို့ပြင် ၀ိနည်းတော်နှင့် ပတ်သက်၍ အငြင်းပွားစရာများ ဖြစ်လာပါက ဖြေရှင်းနိုင်ရန်အတွက် အခြေခံမူဝါဒများ ပါရှိသည်။

ရဟန်းတို့
သူတစ်ပါးတို့သည် ငါဘုရား၏အပြစ်ကိုဖြစ်စေ၊ တရားတော်၏အပြစ်ကိုဖြစ်စေ၊ သံဃာတော်၏အပြစ်ကိုဖြစ်စေ၊ ပြောကြားရာတွင် သင်တို့သည် ရန်ငြိုးထားခြင်း၊ အမျက်ထွက်ခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း၊ မဖြစ်ကြစေနှင့်။ ဤသို့ဖြစ်ခြင်းသည် အသင်တို့အားသာလျှင် အန္တရာယ်ဖြစ်စေသည်။ ဤသို့ အမျက်ထွက်လျှင် အသင်တို့သည် သူတစ်ပါးတို့၏ စကားအကောင်းအဆိုးကို မသိနိုင်ကြပေ။ ထို့အတွက် ဤစကားတို့သည် ဤအကြောင်းကြောင့်လည်းမဟုတ်၊ ထိုအကြောင်းကြောင့်လည်းမမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ထင်ရှားမရှိ ဟုပင် မဟုတ်သည်ကို မဟုတ်သည့်အတိုင်း အသင်တို့ ဖြေရှင်းရမည်။

(ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်)

ရဟန်းတို့
သူတစ်ပါးတို့သည် ငါဘုရား၏ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော်၏ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏ဂုဏ်တော်ကိုဖြစ်စေ၊ ပြောကြားရာတွင် သင်တို့သည် နှစ်သက်ခြင်း၊ ၀မ်းသာခြင်း၊ စိတ်အားတက်ကြွခြင်းတို့ မဖြစ်ကြစေနှင့်။ ဤသို့ဖြစ်ခြင်းသည် အသင်တို့အားသာလျှင် အန္တရာယ်ဖြစ်စေသည်။ ထို့အတွက် ဤစကားတို့သည် ဤအကြောင်းကြောင့်လည်းဟုတ်မှန်၏၊ ထိုအကြောင်းကြောင့်လည်းဟုတ်မှန်၏၊၊ စင်စစ်အားဖြင့် ဤဂုဏ်တော်သည် ထင်ရှားရှိသည် ဟုပင် ဟုတ်သည်ကို ဟုတ်သည့်အတိုင်း အသင်တို့ ဖြေကြားရမည်။

(ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်)

No comments: