Saturday, June 16, 2007

လှေငယ်



တောင်လေလာ ရေကျတော့

လှိုင်းကြက်ဖ ခြေမပါ

ခေါင်းဖြူနဲ့သာ။

ခွပ်လို့ငယ်လာ၊ ဘယ်ညာနှံ့ဖွေး။

ရေလယ်မှာ လှေငယ်လူးတယ်

ရူးရချည့်လေး။



လတာပြင် သောင်ထိုးတော့

တပေါင်ကျိုးခြေတံရှည်

ဗျိုင်းဝေသာလီ။

ဘုတ်မကအီ၊ ဒီရေကျတေး။

ရေလယ်မှာ လှေငယ်မျောတယ်

မောရချည့်လေး။



ရေစုန်မှာ အဆင်သင့်လို့

ဗေဒါပွင့် ပြည်တော်ပြန်

ခွန်းဆက်ကြဟန်။

ရေစီးကသန်၊ ဆန်နိုင်ဖို့အရေး။

လှေငယ်ငယ် ရေလယ်လမ်းမှာ

နွမ်းရချည့်လေး။



ရေဆိုင်မှာ တင့်မရဲနဲ့

ဝဲကတော့ ချာချာလယ်

မူးတတ်ပါတယ်။

လှေတက်က ငယ်၊ သယ်နိုင်ဖို့ အရေး။

ရေပြင်မှာ လှေရှင်ကြိုးလိုက်ပါ့

မိုးချုပ်မယ်လေး။



ဇော်ဂျီ



Ref: http://www.myanmarisp.com/Poems/poem0035/

No comments: