Sunday, November 25, 2007

ဆေးပေါင်းခတဲ့ ည ကို တိတ်ဆိတ်စွာဖြတ်ကျော်ခြင်း

"မြိုင်မြိုင်ဆိုင်ဆိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်၊
ကထိန်ပွဲခင်းပါတဲ့၊ လတန်ဆောင်တိုင်...."

တန်ဆောင်မုန်းလပြည့်ည ရောက်ပြန်လေပြီ။ ဒီည ကို ဆေးပေါင်းခတဲ့ ညဟုလည်း ခေါ်ဆိုကြလေသည်။ ငယ်ငယ်ကဆို ဒီလိုနေ့တွေမှာ ကထိန်သင်္ကန်းကပ်ကြသည်။ မယ်ဇလီဖူးသုတ် ကလေးတွေ စားခဲ့ကြရတာ အမှတ်ရသည်။ နယ်မှာဆိုတော့ ခုလိုအခါတွင်းတွေ၊ သင်္ကြန်တွေ ဘာတွေဆိုလျှင် မုန့်တစ်ခုခုလုပ်တဲ့ပွဲတွေ ဆိုလျှင် အိမ်နီးနားခြင်းတွေက လာပို့ကြသည်။ ကိုယ်အိမ်ကလုပ်တာလဲ သူများအိမ်တွေပို့၊ သူများအိမ်ကလုပ်တာလဲ ကိုယ့်အိမ်လာပို့ ကြသည်။ တကယ်တော့ ချစ်စရာ ဓလေ့တစ်ခုဖြစ်ပါသည်။ ရပ်ထဲရွာထဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုဖြစ်စေပါသည်။ နက္ခတ်စုံလင်သောည ကောင်းကင်ယံကို ကြည့်ခဲ့ကြသည်။ တစ်ခါတရံ ကြယ်ကြွေတာလေးတွေ၊ ကြယ်တံခွန်လေးတွေ၊ ဥက္ကာပျံလေး တွေပင် မြင်တွေ့ ရပါသည်။

ဒီလိုညတွေမှာ လူကြီးတွေဆီက မုန့်ဖိုး တောင်းကြသည်။ လူကြီးတွေက ပိုက်ဆံကြဲ၊ ကလေးတွေက တပျော်တပါး ကောက်ကြသည်။ လူကြီးတွေက ပိုက်ဆံလေးတွေ ထုပ်ပြီးတော့ ပံ့သကူ ပစ်၊ ကလေးတွေက အဲဒါလေး လိုက်ရှာကြသည်။ အင်မတန် ပျော်စရာကောင်းပါသည်။

တန်ဆောင်တိုင် ပွဲ ရောက်ပြီဆိုလျှင် ကျောင်းအလိုက်၊ ရပ်ကွက်အလိုက်၊ စုပေါင်း ပဒေသာပင်များ အပြိုင်အဆိုင်ပြုလုပ်ကြသည်။ ပုံအမျိုးမျိုးဖော်ထားသော ပဒေသာပင်များကို ရွှေပြည်သာ ဘုရားကွင်းကြီးထဲတွင် ရာဇမတ်များ ကာရံပြီး ထားရှိခဲ့ကြသည်။ တချို့ နှစ်တွေမှာ ကျောက်တိုင်ကွင်းကြီးထဲတွင် ပြသထားရှိသည်။ ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀ ကတော့ တန်ဆောင်တိုင်နားနီးပြီဆိုလျှင် ကျောင်းက ပဒေသာပင်လှည့်သည်။

အဲဒီအချိန်က ကျွန်တော်တို့မြို့မှာ အထက်တန်းကျောင်း တစ်ကျောင်းသာရှိသည်။ အရပ်အခေါ် ကျောင်းကြီးဟု ခေါ်သည်။ ကျောင်းကြီး ပဒေသာပင်လှည့်ပြီဟေ့ ဆိုလျှင် ပဒေသာပင်တန်းကြီးက တမျှော်တခေါ် အရှည်ကြီးဖြစ်သည်။ မူလတန်းမှ အထက်တန်းအထိ ရှိတာဆိုတော့ ပဒေသာပင်တွေကလည်း နည်းနည်းနောနောမဟုတ်ပါ။ ကျောင်းက အတန်းအလိုက် အခန်းအလိုက် စုပေါင်း ပဒေသာပင်များလုပ်ကြသည်။ ဆင်က ကျွဲက သမင်က တိုးနယားက၊ ဦးရွှေရိုး ဒေါ်မိုး၊ ဖိုးသူတော်ယိမ်း စတာ တွေ ထည့်ကြသည်။ ကျွဲလုပ်ရတာ လွယ်ပါသည်။ ကျွန်တော်တို့ စုပေါင်းပြီး ကိုယ့်ဘာသာကို လုပ်ကြပါသည်။ ၀ါးများခွဲကာ ကိုယ်ထည် နှင့် ခေါင်းပုံစံ ရအောင်ခွေရသည်။ ခေါင်းကို ၀ါးလုံး တလုံးဖြင့် အောက်မှထိုးထားသည်။ ကတဲ့သူက အဲဒီဝါးလုံးကို ဘယ်ညာရမ်းပြီး ခေါင်းလှုပ်ပြီး ကနိုင်ရန်ဖြစ်ပါသည်။ ကိုယ်ထည် အပေါ်မှ ၀ါးဖျာများကပ်သည်။ အဲဒီအပေါ်မှာ ကော်များဖြင့် Body နှင့် ခေါင်း တွင် ဘိလပ်မြေစက္ကူများ ထပ်ကပ်သည်။ ဓါတ်ခဲအဟောင်းများကို ဖောက်ပြီး ဂျုံကော်ရည်နှင့်ရောနယ်ကာ ဆေးအမည်းအဖြစ် သုတ်ကြသည်။ လည်ပင်း နေရာတွင် ဂုံနီအိတ် အချောစားကို ဆေးအမည်း သုတ်ကာ ခေါင်းအပိုင်း နှင့် ကိုယ်အပိုင်း ကိုဆက်ပြီး တပ်ရသည်။ မျက်စိနေရာတွင် ဆေးဖြူဖြင့် မျက်လုံးပုံ။ ကိုယ်ထည် ဘေးမှာ ကျွဲကို ခပ်မိုက်မိုက် နာမည် တစ်ခုပေးကာ ဆေးဖြူဖြင့် ရေးလိုက် ကြသေးသည်။ နောက် ဗုံတွေ လင်းကွင်းတွေနဲ့ ဇာတ်တိုက်ရသေးသည်။ ပဒေသာပင်လှည့်တော့ ပဒေသာပင်နောက်က လိုက်ကကြသည်။ ပျော်စရာကြီးဖြစ်ပါသည်။

ကွန်ပျူတာ တက္ကသိုလ်ရောက်တော့လည်း တန်ဆောင်တိုင် ရောက်ပြီးဆိုလျှင် နှစ်စဉ်နှစ်တိုင်း Batch အလိုက် ပဒေသာပင်များသီးကြသည်။ ကျွန်တော်တို့အတန်းက တော်တော် ကွန့်ပါသည်။ နှစ်ဆယ်တန်ဖြင့် ပုဇွန်ရုပ်များ အတန်းဖော် သူငယ်ချင်းတတွေ တပျော်တစ်ပါး ၀ိုင်းချိုးကြသည်။ ပဒေသာပင် အမြင်တင့်တယ်ပြီး၊ Balance ညီစေရန် ၀ိုင်းဝန်းကြည့်ရှု ပြင်ဆင်ကြသည်။ ပုဇွန်ရုပ်ချိုးရာတွင် နှစ်ဆယ်တန်က စိမ်းစိမ်းစိမ်းစိမ်းနှင့် အကောင်းဆုံး အလှဆုံး ဖြစ်သည်။ နောက် Honours တန်းတို့ Master တန်းတို့ရောက်တော့ ကထိန်ပွဲကို လှိုင်နယ်မြေမှာ မကျင်းပဖြစ်တော့ပါ။ ရွှေပြည်သာ ကျောင်းကို သွားပို့ကြရသည်။ ကျွန်တော်တိုလည်း အဲဒီတော့မှ ရွှေပြည်သာ ကွန်ပျူတာ တက္ကသိုလ်ဘက် ကိုရောက်ဖူး ခဲ့တော့လေသည်။

ပျော်ဘွယ်မှာ ဆို ဒီလိုညတွေမှာ အိမ်ရှေ့တွေ မှာ တစ်...နှစ်..သုံး ပိုက်ဆံကြဲပါအုံး ဆိုပြီး လိုက်အော်နေတဲ့ အသံတွေကြား ခဲ့ကြရသည်။ ကျီးမနိုးပွဲ သူခိုး စောင့်ဖမ်း ခဲ့ကြရသည်။

အင်း... ခုတော့လည်း မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် နှင့် ၊ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ည တို့ ကို တိတ်တိတ်ဆိတ်ဆိတ် ဖြင့် ဖြတ်ကျော် ရပေအုံးတော့မည်။


1 comment:

Anonymous said...

သိတ်မရေးပါနဲ့ ......အခုတောင်ထပြန်ချင်လာပြီ....