Sunday, July 08, 2007

ကျွန်တော်တို့ငယ်ငယ်တုံးက... (၅)

ငယ်ငယ်တုံးက၊ ဆယ်တန်းပြီးတဲ့အခါ ကျောင်းတွေပိတ်လို့ အိမ်ပြန်တဲ့အခါတွေမှာ၊ အိမ်က ပွဲရုံအလုပ်တွေ ၀င်ဝင်လုပ်ပေးသည်။ ဒီလိုလုပ်ရင်း ကိုင်ရင်း အရောင်းအ၀ယ် သဘောကို နဲနဲသိသိလာသည်။ လာဘ်နဲနဲ မြင်လာသည်။ တချို့ အရင်းမစိုက် လှေထိုးလိုက် အလုပ်လေးတွေ ကိုယ်ပိုင်လုပ်လုပ် ကြည့်သည်။
မှတ်မှတ်ရရ တစ်ခါတုံးက မိတ္ထီလာမှ ဦးလေးတစ်ဦး စက်ရုံမှ ပေပါခွံတွေ လိုသဖြင့် လိုက်ရှာခိုင်းသည်။ ကျွန်တော်ကလည်း မြို့ပေါ်က ရှိသမျှ အသိ ဆီစက်တွေ ဆီဆိုင်တွေ ကို အမြန် ဖုံးဆက်လိုက်သည်။ နဂိုတည်းက ဆီရောင်း၊ဆီဝယ် နေကြ၊ ယုံကြည်မှုလည်း ရှိပြီးသား ဆိုတော့ ပြောလို့ ဆိုလို့ကောင်းသည်။ ဖုံးဆက်လို့ မရတဲ့ နေရာတွေ ဂျောင်ဂျိုဂျောင်ကြားတွေပါ ဆိုင်ကယ်တစ်စီးဖြင့် အမြန်သွားကြည့်သည်။ ပေပါခွံ တစ်လုံးရ တစ်လုံးဆွဲ သည်။ ဒီလိုနဲ့ အသကုန်ရှာပေးလိုက်ရာ နှစ်ရက်လောက်အတွင်း ပေပါခွံ (ဂ၁) လုံးလောက်ရသွားသည်။ တကယ်တမ်း အဲဒီအချိန်က လေးငါးဆယ်လုံးလောက်ပင် ရဖို့ ရှားပါးနေချိန်ဖြစ်ပါသည်။ Demand ကလည်းရှိ၊ ပထမဆုံးအခေါက်၊ ၀ယ်ဈေးနှင့်ရောင်းဈေးကလည်း နဲနဲဟတော့ ကျွန်တော်လည်း အဲဒီတစ်ခေါက်က မြိုးမြိုးမြက်မြက် ရလိုက်သည်။ မိတ်ဆွေတွေ၊ အဆက် အသွယ်တွေလည်း အများကြီး ထပ်ရလိုက်သည်။ အဲဒီ ဖောက်သည်တွေ (ဆီဆိုင်တွေ၊ ဆီစက်တွေ) က ကျွန်တော် ပေပါခွံပုံမှန် ၀ယ်မှန်းသိသွားတော့ နောက်ထပ် ဆက်တိုက် ဆက်တိုက် ပုံမှန်ပုံမှန် ပေပါခွံ များ လာပို့ကြသည်။ ဒါပေမယ့် နောက်အခေါက်တွေ က အရင်ခါလောက် သိပ်မမြတ်တော့ပါ။ ပုံမှန် ပွဲခ လောက်တော့ရသည်။ သူတို့ကလည်းယုံကြည်ကြပါသည်။ ပိုက်ဆံချက်ချင်းပေးဖို့မလို။ ဟိုဘက်ကရမှ သွားသွားပို့ပေးသည်။ ငွေ အရေးကြီးတဲ့လူတွေကို တော့ ကိုယ့်အိတ်ထဲက နဲနဲစိုက်ရှင်းပေးထားရသည်။
ဦးလေးဆီမှာက ဆယ်ဘီးကားကြီးတွေ ရှိသည်။ တချို့ဆယ်ဘီးကားကြီးတွေက နယ်ကကုန်တွေသယ်သွားပြီး ရန်ကုန်ကအပြန်မှာ ခါလီပြန်သည်။ [ခါလီ=ဗလာ]။ အဲဒီကားတွေနဲ့ ကျွန်တော့် ဆီက ပေပါခွံတွေဝင်ဝင်သယ်သည်။ ပြီးလျှင် ကျွန်တော်က အလုပ်သမားတွေကို တင်ခချခ ရှင်းပေးသည်။ တခါတလေ သူတို့လာမသယ်နိုင်လျှင် ကျွန်တော့်ဆီမှာ ပေပါခွံတွေ ပုံနေတတ်သည်။ ပေပါခွံ အလုံး နှစ်ရာကျော် သုံးရာလောက်ကြီး ပုံနေတတ်သည်။ အိမ်ရှေ့က၀င်းကြီးထဲမှာ ကျွန်တော့်ပေပါခွပုံကြီးက တောင်ပုံကြီးလို ဖြစ်နေတတ်သည်။
စီးပွားရေးလုပ်တာက လက်သွက်ရသည်။ holiday မရှိ။ လိုအပ်လျှင်လိုအပ်သလို နေ့မီးညမီး အလုပ်လုပ်ကြရသည်။ ကုန်ပစ္စည်း ဈေးကွက်တွေ၊ အတက်အကျတွေ မျက်ခြေမပြတ်အောင်၊ ဖုံးတွေ အသကုန်ဆက်ရသည်။ ညတွင်းချင်း ထပြေးပြီး ၀ယ်တန် ရောင်းတန် လုပ်ရသည်။ ဖယောင်းတိုင်ထွန်းပြီး ကတ္တားချိန်ရသည်။ ဆိုင်ကယ်မီး ကားမီးထိုးပြီး အားချင်း ၀ယ်ရတာတို့ ဘာတို့လည်းရှိတတ်သည်။
နောက် မှတ်မှတ်ရရ တစ်ခေါက် က မိတ္ထီလာမှာ နေရင်း၊ ထီလာ ငရုတ်ဈေးကွက် ကို တဖြည်းဖြည်း လေ့လာသည်။ ကျွန်တော်က မိတ္ထီလာ ငရုတ်သမားတွေ၊ ပွဲရုံတွေ ဆီ အမြဲဝင်ထွက် သွားလာ ရင်း၊ အလုပ်အကိုင်ကြောင်း သတင်းတွေ ဖလှယ်ရင်း၊ သူတို့နဲ့ မိတ်ဆွေတွေ ဖြစ်သွားကြသည်။မိတ္ထီလာက ငရုတ်ဈေးကွက်မှာ ကျွန်တော်တို့မြို့လောက် Heavy သမားတွေမရှိပါ။ ကိုယ်ပိုင် Brand ကောင်းကောင်း တွေကိုင်ပြီး Export ဈေးကွက်ကို ချုပ်နိုင်ကိုင်နိုင် လုပ်တဲ့အဆင့်အထိတော့မရှိ။ အဲဒါကြောင့်လည်း တစ်ခါတလေ အလွန် ၀ယ်လို့ကောင်းသည်။ အများစုက ကုန်သည်လေးတွေချည်း ဆိုတော့ ရန်ကုန် မန္တလေးမှာ ဈေးလေးနဲနဲ လှုပ်တာနဲ့ ဗိုက်နာလာကြသည်။ ရောင်းဖို့ အတင်းလိုက်စပ်နေ တတ်ကြသည်။ ငရုတ်ဈေးကွက် ကလည်း တော်တော် အကဲပိုသည်။ အတက်အကျ အလွန်ဆတ်သည်။ ဒီလိုနဲ့ အဲဒီတုံးက မန္တလေးမှာ ဈေးက ရုတ်တရက် ထိုးကျသွားသည်။ ကျွန်တော့်စိတ်ထဲမှာ ထင့်ကနဲ ဖြစ်သွားသည်။ သတင်းတွေ၊ အချက်အလက်တွေ၊ ဖြစ်နိုင်ချေတွေ ကို အခြေခံပြီး "ဒီဈေးကျချိန်ကလေး ခဏလေး ပဲ" လို့ စိတ်ထဲက ထင်သည်။ မန္တလေးက ပွဲရုံကို ဆက်ပြီးတိုင်ပင်တော့လည်း သူကလည်း ခဏလို့ထင်သည်တဲ့။ ဒါနဲ့ မြို့ထဲ ငရုတ်သမားတွေဆီ ဆိုင်ကယ်နဲ့ တစ်ပါတ်ပါတ်တော့ သူတို့က ကျွန်တော့် အတင်းထိုးရောင်းနေကြသည်။ တကယ်တမ်း ကျွန်တော့် လက်ထဲမှာ တစ်ပြားမှ မရှိပါ။ နှစ်ပါတ်ဆိုင်း ၊ သုံးပါတ်ဆိုင်း ကြွေးရလျှင် ၀ယ်မည် ဟု လေသံပစ်ကြည့်လိုက်သည်။ သူတို့က ခု ၀ယ်မယ်ဆို ခု လာပို့မည်ဟုပြောသည်။ ဒီလိုနဲ့ ကြွေးတွေနဲ့ တမြို့လုံးရှိ ငရုတ်သီးတွေ ၁ ရက်တည်းနှင့် ၀ယ်ထည့်ပစ်လိုက်သည်။ အိတ်ကြီး(ဂုန်နီ အိတ်ကြီး) သုံးရာလောက် ရှိမည်ထင်သည်။ ကျွန်တော့် ဦးလေးတွေ အဒေါ်တွေက မျက်လုံးပြူးနေသည်။ ကျွန်တော်က ၁၉ နှစ်လောက်ဆိုတော့ သူတို့က ကလေးဟုထင်ချင်ထင်မည်။ ငရုတ် ဂိုဒေါင်အလတ် တလုံးစာလောက် ကြွေးနဲ့ဝယ်ပစ်တာဆိုတော့ ပြူးမယ်ဆိုလည်းပြူးလောက်သည်။ ငွေက အဲဒီခောတ်က ငွေကြေးဖြင့် သိန်း ၃၀ ဘိုးလောက်ရှိမည်ထင်သည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်ပါ။ နောက်နှစ်ပါတ်လောက်နေတော့ ဈေးက သိပ်မထူးသေး။ ကျွန်တော် စိတ်ပူလာပြီ။ ကြွေးတွေက စတောင်းနေကြပြီ။ ကြွေးသမားတွေက ဖုံးတွေတဂွမ်ဂွမ် ဆက်သည်။ ကျွန်တော်လည်း ကတိပေးထားရတော့ မျက်နှာ ပူလှပြီ။ ဒါနဲ့ လှည့်ပတ်ချေးရာ ဦးလေးတစ်ယောက်ဆီက အကူအညီရသည်။ ကြွေးသမားတွေကို လိုက်ဆပ်ရသည်။ အကုန်လုံးတော့ အကြေမဆပ်နိုင်သေး။ ကြွေးရှင်တွေ စိတ်ပြေအောင် နဲနဲစီ ပေးထားခဲ့ရသည်။ အဖေ့ကို အကူအညီတောင်းရသည်။ အဖေက သူလည်း ငွေကျပ်နေသည် ဟုပြောသည်။ မန္တလေးကို ရောင်းကြည့်ပါ့လားဟုအကြံပေးသည်။ ကြားထဲ ငွေလိုရင် ဦးလေးတွေ အဒေါ်တွေဆီက ကိုယ့်ဘာသာကိုယ့်လှည့်ကြည့်ဟုပြောသည်။ အဲဒါနဲ့ မန္တလေးကို ဆက်ပြီး ဈေးစပ် ကြည့်သည်။ ဈေးညှိရင်းညှိရင်း တဲ့ သွားကြသည်။ ထင်သလောက်မမြတ် နဲနဲတော့ မြတ်သည်။ အားချင်းပဲ အလုပ်သမားတွေ အမြန်ငှား၊ ၀ယ်ထားတဲ့ ကုန်တွေ ညီအောင်ပြန်စပ်၊ ညတွင်းချင်း တင်ပစ်လိုက်သည်။ ငွေက ချက်ချင်းမရသေး စောင့်ရသည်။ နောက်ဆုံးတော့ အားလုံး အဆင်ပြေသွားတာပဲ ဖြစ်သည်။ ဒီလို ဟိုလျှောက်လုပ်ဒီလျှောက်လုပ်နဲ့ ကိုယ်ပိုင်ငွေလေးရှိတော့ ကျွန်တော် ကျောင်းတက်နေတုံးကလည်း အိမ်က အထောက်အပံ့ သိပ်မလိုခဲ့ပါ။ ပထမနှစ် နှင့် ဒုတိယနှစ် အစောပိုင်းလောက်ပဲ အိမ်က ယူရသည်။ နောက် ကိုယ့်ဘာသာကိုယ် အဆင်ပြေသွားသည်။
နောက် မိတ္ထီလာမှာ ဂျပန်စာ သွာတက်တုံးကလည်း အိမ်က စရိတ်ဆိုပြီး ငွေတစ်သိန်းလောက် ပေးလိုက်သည်။ ကျွန်တော်လည်း ဒီတိုင်းသုံးပစ်ရင် ကုန်သွားမည်။ ရင်းနှီးမြုပ်နှံမှုလုပ်ရမည် ဟုစဉ်းစားကာ သုံးလုံး စာအုပ်တစ်အုပ် ကိုင်လိုက်သည်။ အမ၀မ်းကွဲ တစ်ယောက်က သုံးလုံးရောင်းနေတာ့ သူလည်း ကော်မရှင်ရ ကျွန်တော်လည်း အမြတ်ရ ဆိုပြီး ကိုင်ကြည့်လိုက်သည်။ အဲဒီ ငွေတစ်သိန်းက အမကို Deposit ပေးထားရသည်။ သုံးလလောက် အရဲစွန့်ပြီး ကိုင်လိုက်သည်။ အမ၀မ်းကွဲ တို့လင်မယား က အပါတ်တိုင်း စာရင်း နှင့် ရောင်းရငွေ လာပို့ကြသည်။ ကျွန်တော်က စာရင်းတွေ စစ်ရသည်။ ဘယ် ဂဏန်း ဘယ်လောက်ဖိုးရောင်းရသလဲ တွက်ရသည်။ လတိုင်း မြတ်ပါသည်။ အဲဒီ မြတ်တဲ့ ပိုက်ဆံဖြင့် ဂျပန်စာ တက်ခဲ့ပါသည်၊ စားရိတ်ရခဲ့ပါသည်။ ဒါတင် မကသေး၊ ရန်ကုန်မှာ နေတော့ ဘောလုံး ကိုယ်စားလှယ် လုပ်ပေးရဖူးသည်။ ကျွန်တော်က အဆက်အသွယ်ရှိသည်။ သူငယ်ချင်းတွေ၊ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေက ကျွန်တော်ဆီက ထိုးကြသည်။ အစက အပျော်လုပ်ပေးရင်း နောက်ကျတော့ လူများများလာ သည်၊ ငွေပမာဏတွေလည်း များများလာကြသည်။ ကိုယ့်မျက်စိရှေ့တင် ဒါနဲ့ ဘ၀ပျက် သူတွေလဲတွေ့တွေ့နေရသည်။ ငွေအရ ကောင်းသော်လည်း၊ အကြောင်းကြောင်းတွေ ကလည်းရှိ၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်လည်း မဟုတ်တာနဲ့ ဒီအလုပ်ကို လုံးဝ ရပ်ပစ်လိုက်သည်။
တစ်ခါတလေ မိမိဘာသာ စဉ်းစားမိသည်။ ဒီလို စီးပွားရေးလောကထဲမှာ ကြီးပြင်းလာခဲ့ပြီး၊ အဲဒီထဲမှာလည်း ကျင်လည်လာခဲ့ပြီးနောက်မှ၊ ကျွန်တော် အိုင်တီနယ်ပယ်ထဲ မှာ web-based application တွေကို ဇောက်ချလုပ်နေတဲ့ professional လုပ်နေသူတစ်ဦး ဘယ်လိုကနေ ဘယ်လိုဖြစ်လာမှန်းပင် ကိုယ့်ကိုယ်ကို မသိတော့ပါ။

3 comments:

Andy Myint said...

စိတ်ဝင်စားဖို့ ကောင်းတယ်။ ပိုက်ဆံတွေအများကြီး ကိုင်ရတဲ့ စီးပွားရေးအလုပ်ကနေ ပညာနဲ့ လုပ်စားတဲ့သူဘ၀ကို ပြောင်းဖို့ဆိုတာ သိပ်တော့ အလွယ်ကြီးမဟုတ်ဘူး။

WanderFish said...

Like it, your bio may be tick some thoughts for youngers.

Han Lynn Kyaw (Ray) said...

This is truly an interesting post. Your post reminds me of my family and my childhood life. I have added your blog to google reader.