Thursday, April 05, 2007

အသိပေးစကားစုများ
(ဓမ္မဒူတအရှင်ဆေကိန္ဒ )

“ငါအတော်ဆုံး” လို့ထင်နေရင်အဖျင်းဆုံးအဆင့်ကိုရောက်သွားပြီ။

စေတနာကောင်းကောင်းနဲ့ပြည့်ပြည့်စုံစုံကျွေး လိုက်ရလို့ဝမ်းသာတယ်ဆိုရင် သူစားနိုင်သလောက် စားတာကိုလည်းကြေနပ်နိုင်ပါစေ။

“မမှားသောရှေ့နေ၊မသေသောဆေးသမားတဲ့” ဒီဖြေဆေးဟာဆေးယဉ် သွားရင်ရောဂါကျွမ်း တတ်တယ်။

“ဘေး” ကိုကြည့်လွန်းရင် “ဘေး” တွေ့တတ်တယ်။ လုပ်သင့်တာကိုမလုပ်မိရင်၊ မလုပ်သင့်တာတွေလုပ်မိနေတတ်တယ်။

ကိုယ့်စကားကိုသူနားထောင်စေချင်ရင်သူ့စကား ကိုအရင်သေသေချာချာနားထောင်ပေးလိုက် ပါဦး။

ဆုံးဖြတ်ရဲသူကိုဇွတ်တရွတ်ဆန်တယ်၊ ချင့်ချိန်တတ်သူကိုသူရဲဘောကြောင်တယ်၊ ရက်ရောသူကို လက်ဖွာတယ်၊ စည်းကမ်းနဲ့ပေးသူကိုကပ်စေးနဲတယ်၊ ဦးဆောင်နိုင်သူကို နေရာယူတယ်၊ ကျွမ်းကျင်သူကို လည်လွန်းတယ်လို့ အထင်မလွဲပါနဲ့။

ပြဿနာဆိုတာလောကရဲ့ဂုဏ်ပုဒ်တစ်ခုပါ။ ကိုယ်နဲ့သိပ်မဆိုင်ရင်ပြဿနာကသေးတယ်။ များများဆိုင်ရင် ပြဿနာကကြီးလာပြီ။ လုံးဝမဆိုင်ရင်တော့ပြဿနာမရှိတော့ပါဘူး။

ကိုယ်ကမှန်အောင်နေပြီးသူများမှားနေရင်လည်းနားလည်နိုင်ရမယ်။

အားနည်းချက်ကိုကြည့်ပြီးစိတ်ပျက်တတ်သလို အားသာချက်ကြောင့်လည်းအထင်ကြီး တတ်တယ်။

တဖက်စွန်းရောက်ရင်ဘယ်ဟာမှမကောင်းဘူး။ မကောင်းတာကိုကြောက်ပြီးမကောင်းလုပ်သူကိုသနားလိုက်စမ်းပါ။

မကောင်းတဲ့သူကိုစိတ်ဆိုး လိုက်တာနဲ့ ကိုယ်ပါသနားစရာသတ္တ၀ါစာရင်းဝင်သွားပြီ။ အရွယ်ချင်းမတူရင်၊ နေရာချင်းမတူရင်၊ အဖြစ်ချင်းမတူရင်၊ အသိချင်းမတူနိုင်ပါဘူး။ ဒါလေးတော့ နားလည်သင့်တာပေါ့။

စိတ်တူကိုယ်တူဖြစ်နိုင်တဲ့ထုံးစံမရှိပေမယ့် ဖြစ်အောင်တော့နေကြရမှာပဲ။ အဲဒါမှအရည်အချင်း။

မသင့်တော်တဲ့နေရာကိုရောက်ခဲ့ရင်တောင်မှ သင့်တော်တဲ့အကျင့်တွေမဖျောက်ပစ်ပါနဲ့။

မင်းလိုပဲ, သူတို့ပြောတာသာအဟုတ်၊ သူတို့လုပ်တာသာအမှန်၊ သူတို့ကြံတာသာအကောင်း ထင်နေကြတယ်။ မင်းလိုပါပဲ။ ပညာဆိုတာကောင်းပါတယ်။ ပညာရှိချင်တာလား၊ ပညာပြချင်တာလား၊ နည်းနည်းတော့ သတိထားပါဦး။

ငယ်ငယ်တုန်းကထမင်းကိုဝါးပြီးခွံ့ခဲ့တာကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေထင် တတ်တယ်။

ဟင်းဆိုတာထမင်းပန်းကန်ထဲထည့်စားရပေမယ့် ဟင်းပန်းကန်ထဲထမင်းလုံးကျသွားရင်တော့ ညစ်ပတ်တယ်လို့ထင်ကြတယ်။

လူကကျားကိုသတ်ရင်တော့ အမဲလိုက်တယ်လို့ဆိုကြတယ်။ ကျားကလူကိုသတ်လိုက်ရင်တော့ ကျားဆိုးကြီးလို့ဆိုကြတယ်။

ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးပါ။ ဒီစကားကိုမယုံရင်တစ်လောကလုံးရဲ့ အလိမ်အညာတွေကို ခံနေရပြီမှတ်။

တစ်ဆယ်က ကိုး ဖြစ်သွားတယ်။ ရှစ်က ကိုး ဖြစ်လာတယ်။ ကိုး ချင်းတူပေမယ့် မတူတာကိုသိလိုက်စမ်းပါ။

ဒါကိုပဲ ကြည့်၊ ဒါကိုပဲ စဉ်းစား၊ ဒါကိုပဲ နှစ်သက်၊ ဒါနဲ့ပဲ မွေ့လျော်ပျော်နေရင်၊ ဒါပဲဖြစ်နေ မှာပေါ့။

ကျွေးတာအကုန်စား၊ ကိစ္စမရှိဘူး။ စေတနာကိုတော့ အကုန်မသုံးလိုက်ပါနဲ့။

မကောင်းတာကိုလုပ်မည့်အစား မလုပ်ပဲနေတာက ကောင်းတယ်။ “အရိပ်လို နေပူကစောင့်” တဲ့။ သွားလိုက်စမ်းပါမြန်မြန်။ အရိပ်ကိုလဲရောက်မယ်၊ နေပူလဲမမိတော့ဘူး။ စောင့်မနေနဲ့။

ကိုယ်ကကြိုက်လို့ကောင်းတာထက် ကောင်းတာမို့လို့ကြိုက်တယ်ဆိုရင် အကောင်းဆုံးကို ရနိုင်တာပေါ့။

“စေတနာသည်လူတိုင်းနဲ့မတန်” သည်မဟုတ်။ လူတိုင်းနဲ့တန်တဲ့စေတနာမျိုးထားနိုင်ဖို့သာ လိုအပ်ပါတယ်။

အလုပ်မှာမပျော်ရင်မအောင်မြင်နိုင်ဘူး။ ပျော်လွန်းရင်လည်းအလုပ်မဖြစ်တာတွေကြုံရလိမ့်မယ်။

ဘ၀မြင့်ရင် ဘ၀င်မြင့်တတ်တယ်။ ဘ၀ပဲမြင့်ပါစေ။

ဓမ္မဒူတအရှင်ဆေကိန္ဒ

No comments: