Thursday, April 12, 2007

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်၊ မြန်မာနှစ်၏ အဦးဆုံးလမိဿရာသီဟုအမည်တွင်သော တန်ခူးလကား၊ နှစ်ဟောင်းကိုခြွေ နှစ်သစ်ကိုစေသော နွေ၏ အုတ်မြစ်ဖြစ်ပေသည်။ တန်ခူးသည် 'တန်' နှင့် 'ခူး' ကိုပေါင်းကာ တန်ခူးဖြစ်လာသည်ဟူ၏။ 'တန်' သည် ပါဠိဘာသာဖြင့် 'ကာလ' ဟူသော စကားမှဆင်းသက်လာကာ 'ထန်း' ဟု အနက်ရ၏။ 'ခူး' သည် ခူးဆွတ်သည်ဟု အနက်ထွက်သဖြင့် ဤလရာသီတွင် ထန်းသီးများ ဆွတ်ခူးလေ့ရှိသောကြောင့် တန်ခူးလဟုခေါ်တွင်ကြောင်း အချို့ကယူဆကြ၏။ အချို့ကမူ တန်ခူးသည် 'တာကူး' မှ ဆင်းသက်လာသည်ဟု ဆိုကြပြန်သည်။ 'တာ' သည် အချိန်ရာသီဟု အနက်ထွက်ကာ 'ကူး' မှာ ကူးပြောင်းဟု အဓိပ္ပာယ်ရ၏။ တနင်္ဂနွေဂြိုလ်သည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းသည်ကို အစွဲပြုကာ 'တာကူး' ဟု ခေါ်ရာတွင်မှ တန်ခူးဟု ရွေ့လျားလာခဲ့သည်ဟု ဆိုသည်။ ဤလတွင် ရက်ပေါင်း ၂၉ ရက်ရှိပေရာ တန်ခူးရက်မစုံဟု မှတ်သားရသည်။ နာရီအားဖြင့် နေ့ညနာရီတူညီပြီး နေ့တာညတာ တူမျှသောလဖြစ်သည်။ တန်ခူးလတွင် စိတြနက္ခက်နှင့် လမင်းတို့ယှဉ်၍ အာသာဝတီနက္ခတ်နှင့် နေမင်းတို့ ယှဉ်ကြသည်။



No comments: