Thursday, October 18, 2007

ရိုးဖြောင့်ရာ၏။ ထို့ထက်ပို၍ ရိုးဖြောင့်ရာ၏။



ဖြောင့်ဖြောင့် သွား လျှင်ခရီးတွင်မည်။ ကွေ့ကောက် သွားက ခရီးကြန့်ကြာမည်ဟု အမရပူရမြို့ မဟာ ဂန္ဓာရုံ ဆရာတော်ဘုရားကြီး က နံနက်ခင်းဩဝါဒများ တွင် မြွက်ချွေ ဆုံးမ ခဲ့လေသည်။ အလွန်အဓိပ္ပာယ် ထိမိလှ၏။ တန်ဖိုးရှိလှ၏။

လောကအသီးသီး အလွှာအသီးသီးမှ ပုဂ္ဂိုလ်တို့သည် ကိုယ့်အယူအဆ၊ ကိုယ့်မူဝါဒ၊ ကိုယ့်လမ်းစဉ်နှင့်ကိုယ် ခရီးချီ နေကြရာတွင် ဖြောင့်ဖြောင့်သွားဖို့လိုပါ၏။ ဖြောင့်ဖြောင့်သွားမှသာခရီးတွင်ပါလိမ့်မည်။ ဘုရားရှင်ကဖြောင့်မတ်ခြင်းဟူသည် မာယာသာဌေယျ ကင်းရှင်းခြင်းကို ခေါ်သည်ဟု မိန့်၏။

မာ ယာဟူသည်ကိုယ့်မှာရှိနေသည့်အ ပြစ်ကို သူများမသိအောင် ဆင်ခြေအမျိုးမျိုး ဖုံးကွယ်ခြင်း ကာကွယ်ခြင်းဖြစ်သည်။ သာဌေယျက ကိုယ့်မှာမရှိသောဂုဏ်၊ မရှိသော အရည်အချင်းကို ရှိဟန်ဆောင်ခြင်း၊ ရှိ သည်ထက်ပိုအထင်ကြီးအောင် ဟန်ဆောင်ပန်ဆောင်လုပ်ခြင်း၊ ဟိတ်ကြီးဟန်ကြီးလုပ်ခြင်း၊ ဟိတ်ဟန် များခြင်းဖြစ်၏။ မာယာက ရှိတာကိုမရှိဟန်ဆောင်ခြင်းဖြစ်၏။ သာဌေယျက မရှိတာကိုရှိဟန်ဆောင် ခြင်းဖြစ်၏။ နှစ်ခုလုံးဟန်ဆောင်တာချင်းကတော့ တူ၏။ ထိုသို့ ဟန်ဆောင်ပန်ဆောင်လုပ်ခြင်းသည် မြင်ရသူ၊ သိရသူ၊ အမြင်မှား၊ အမှတ်မှား၊ အသိမှားသွားအောင် လှည့်စားခြင်း၊ လိမ်ညာ ခြင်းပင် ဖြစ်၏။

လူအများစုသည် အပြစ်မကင်းကြ။ သို့သော် ကိုယ့်အပြစ် ကိုယ်မြင် ကြ တာမဟုတ်။ မြင်ပါသော်လည်း မပြင်ချင်ကြ။ အပြစ်ရှိပါလျက် အပြစ်တင်ပြန်တော့လည်း မကြိုက် ပြန်။ အပြစ်ကိုလည်း ဝန်မခံချင်။ အပြစ်ပြောတာ ကိုလည်းမကြိုက်။ အပြစ်ကိုလည်း မပြုပြင်ချင်။ ထို သဘောထား အားလုံးသည် မာယာတွေပဲဖြစ်၏။ လူ၏အပြင်းပြဆုံးအာသာက အထင်ကြီးမှုကို ခံယူ လိုခြင်းဖြစ်၏။ ထို့ကြောင့် သူများအထင်ကြီးအောင် ဟန်ဆောင်ပန်ဆောင်လုပ်ကြ၏။ ဟိတ်ကြီးဟန် ကြီးလုပ်ကြ၊့ ကားကြ၊ ဝါကြ၊ ညာကြ၏။

ဘုရားရှင်က လူတစ်ယောက်၏ အရည်အသွေးကိုပြဆိုရာ၌ သက္ကော-စွမ်းဆောင်နိုင်ရမည်။ ဥဇု- ရိုးဖြောင့်ရမည်။ သုဟုဇု- ထို့ထက်ပို၍ ရိုးဖြောင့် ရမည်ဟု မေတ္တာသုတ်နိဒါန်းမှာ ဟောကြားညွှန်ပြ ခဲ့၏။ လောက မှာလူတော်လူကောင်းဟု သတ်မှတ်ရာ၌ လူတော်ဖြစ်ဖို့အတွက် သက္ကော-တစ်ခုခုစွမ်းဆောင် နိုင်ရ မည်။ လူကောင်းဖြစ်ဖို့အတွက် ဥဇု- ရိုးဖြောင့်ရမည်။ သုဟုဇု- ထို့ထက်ပို၍ ရိုးဖြောင့် ရမည်။ အရည် အချင်းရှိသူက လူတော်၊ ရိုးသားဖြောင့်မတ်သူက လူကောင်း၊ နှစ်ခုလုံးပြည့်စုံလျှင်တော့ သိပ်ကောင်း မည်။ တစ်ခုသာရွေးချယ်ခွင့်ရှိလျှင်တော့ မတော်ချင်နေပါစေ၊ ကောင်းတာကိုသာရွေးတော့မည်။

ရိုးသားမှုသည်စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေ၏။ စိတ်ထဲကရှင်းနေမှ မျက်နှာကလည်းရှင်း၏။ စိတ်ထဲကမရှင်းလျှင် မျက်နှာကလည်းမရှင်း၊ ရှုပ်နေ၏။ ရှုံ့နေ၏။ မှုန်သုန်နေ၏။ မကြည်လင်ဖြစ်နေ ၏။ ရှင်းသောမျက်နှာနှင့် မရှင်းသောမျက်နှာနှစ်ခုသည် အလွန်ကွာခြား၏။ ရှင်းသော မျက်နှာက ကြည်လင်နေ၏။ အေးချမ်းနေ၏။ ဖြူစင်နေ၏။ ကျက်သရေရှိနေ၏။

ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့်စင်းစင်း ဟူသောဂုဏ်သည် သမိုင်းတင်၍ မော်ကွန်းဝင်သော ဂုဏ်ဖြစ်၏။ ရိုးရိုးရှင်းရှင်းဖြောင့်ဖြောင့်စင်းစင်းနှင့် လုပ်မှသာ အောင်မြင်မှုပန်းတိုင်ကို အမှန်တကယ်ရောက်ရှိ နိုင်၏။ ထို့ကြောင့် ကျေးဇူးတော်ရှင် အမရပူရမြို့၊ မဟာ ဂန္ဓာရုံ ဆရာတော်ဘုရားကြီး က ဖြောင့်ဖြောင့်သွားလျှင် ခရီးတွင်မည်။ ကွေ့ကောက်သွားကခရီးကြန့်ကြာမည် ဟု ဆုံးမတော်မူ ခဲ့ဖူးလေသည်။

Ref: http://www.weeklyeleven.com/modules.php?name=News&file=article&sid=7680


No comments: