Saturday, October 27, 2007

Lion Dance


ဒီနေ့မှ ph နဲ့ ရိုက်ထားတဲ့ပုံလေးတွေ ပြန်ကြည့်မိလို့ Lion Dance လေး မျှဝေဖို့မေ့နေတာ တွေ့ရတယ်။ အိမ်နားမှာကသွားတာ ပါ။ တရုတ်တွေလုပ်တဲ့ ပွဲဆိုတော့ ထုံစံအတိုင်း တဂျမ်းဂျမ်းနဲ့ ပေါ့ဗျာ။ ခြင်္သေ့တွေက တိုင်တွေပေါ်တက်က ကြပါတယ်။ ဆိုးတော့မဆိုးပါဘူး။
ဒါပေမယ့် တကယ်က သိပ်အဆန်းတော့ မဟုတ်လှပါဘူး။ ကျနော်တို့ မြန်မာပြည်က ကျောက်ဆည် ဆင်ကကို ဆို တိုင်ပေါ်တက်ကတယ် ဆိုတာပျင်းတောင်ပျင်းသေး၊ ပုလင်းခွံပေါ်တောင် တက်က တာကိုး။ ငယ်ငယ်တုံးကဆို ကြိုက်လို့ ဆင်ကတွေတွေ့ရင် လိုက်လိုက်ကြည့် နေကြဖြစ် ပါတယ်။ ဆင်ဆိုပေမယ့် ကျောက်ဆည်ကဆင်က ဟာ အဆင့်မြင့်ပါတယ်။ ဥပမာ ကိုကြီးကျော် သီချင်းနဲ့ နတ်ဒိုးသံ နဲ့ ကပြီဆိုရင် ဆင်ကြီးကပါ အရက်မူးနေသလို ကိုယ်လုံးကြီး ယိမ်းထိုးပြီးကတာ။
နဂါးနီလို "ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်.." ဆိုတဲ့ မြူးမြူးကြွကြွ တီးလုံးမျိုးနဲ့ဆို ဆင်ကြီးကပါ တကိုယ်လုံး မြူးကြွ ပြီး တက်တက်ကြွကြွရွရွလေး ကတာ။ မမပုသိမ်သူ လိုသီချင်းနဲ့ကရင် ပတတ်ရပ်ပြီး ပုသိမ်ထီးလေး ဆောင်းပြီးကတယ်။ အင်မတန် တော်တယ်။ တော်တော် လေ့ကျင့်ထားရတာ။ ဆက်တိုက်ကရင် ပင်ပန်းလွန်းလို့လူလဲလဲပြီးကရတယ်။ ကပြီးထွက်ထွက်လာရင် ချွေးတွေရွဲနေတယ်။ တချို့ နာမည်ကြီးဆင်တွေဆိုရင် ပုလင်းတွေစီပြီးထောင် ပြီး အပေါ်ဆုံးက ပုလင်းလေးပေါ်မှာ ကတာ။ အပေါ်ကလူက မီးကွင်းတောင် ယမ်းလိုက်သေးတယ်။


Related Post : ကျောက်ဆည်မှ ဆင်အက (Sep 16, 2006)

No comments: