မှတ်မိသလောက်... အဘွားက အသားအရေ ညိုစိမ့်စိမ့်ဖြစ်ပါသည်။ စကားပြောရင် ရိုးရိုး လေးလေးကြီး နှင့် မပွင့်တပွင့် ပြောတတ်သည်။ ရိုး၏။ အရှက်အကြောက် လည်းအတော်ကြီး၏။ အင်္ဂလိပ်ကားတွေ ဘာတွေ ကြည့်ရင်း အဖက်အရမ်း အနမ်းအရှုံ့များပါလာလျှင် မျက်နှာလွှဲ ပြီး "ဟိ..ရိ သြ..တ္တ..ပ္ပ တ..ရား.. လုံးလုံး.. မရှိကြ...တော့ဘူး.." ဟု ရေရွတ် တတ်လေ၏။ သူမသည် ဘုရားတရားလည်း ကြည်ညိုသည်။ သံဃာများကို ဆွမ်းနေ့စဉ် လောင်းသည်။ အခါအားလျှော်စွာ ဒါနပြု၏။ အခါအားလျှော်စွာ တရားစခန်းတွေဘာတွေ သွားသည်။ တစ်ခါ တစ်ခါ သာစည်က ငါးဆူကျောင်းတို့ ဘာတို့မှာ တရားသွားမှတ်တတ်သည်။ တခါတရံ မျက်မှန်ဝိုင်းလေးဖြင့် မိုးကုတ်တရားတို့ ဘာတို့ စတဲ့ တရားစာအုပ်လေးတွေ ဖတ်နေတတ်သည်။
အဘိုးဆုံးပြီးသည့်နောက် သူမလည်း အထီးကျန်သွားပုံရလေသည်။ တစ်ခါတစ်ခါ အိမ်ရှေ့မှာ ထိုင်ပြီး လမ်းဘက်က လူတွေကို ငေးငေးကြည့် နေတတ်သည်။ တခါတလေ သူ့ဘာသာသူ တစ်ယောက်တည်း စကားတွေ ညည်းနေသလိုလို၊ တယောက်ယောက်ကိုပြောနေသလိုလို၊ လွမ်းနေသလိုလို ဘာလိုလိုတွေ ပြောပြောနေတတ်သည်။
အဲဒီနောက် နှစ်တော်တော်လေးကြာတော့ တချိန်မှာ အဘွား နေထိုင်မကောင်းသလို ဖြစ်လာသည်။ ဒါနဲ့ ရန်ကုန်မှာ ဆေး သွားကုရလေသည်။ စစ်ဆေးကြည့်တော့ ဆရာဝန်ကြီးများက ဗိုက်ထဲမှာ အလုံး တွေ့သည် ဆိုသည်။ ခွဲရမည်ဟုဆိုသည်။ အဲလိုနဲ့ ခွဲပြီးသည့် အခါ ကင်ဆာကျိတ်ဖြစ်နေသည်။ အမြစ်တွေက ပြန့်နေပြီဖြစ်သည်။ မရတော့ပါ။ ဆေးရုံမှာ အကြာကြီးတက်ရသည်။ အဘွားနဂိုခန္ဓာကိုယ် က နဲနဲ၀၀ဖိုင့်ဖိုင့် ဖြစ်သည်။ ကင်ဆာဖြစ်ပြီးနောက် လအတန်ကြာတော့ လူက ပိန်သေးသေးလေးပဲ ကျန်တော့သည်။ နောက်ပိုဆိုးတာက ခွဲထားတဲ့ အနာက မကျက်... special nurse ငှားရသည်။ နေ့တိုင်း သုတ်သင်ပေးရသည်။ နောက် မျော့မျော့လေးပဲ ကျန်သည်။ နောက်တော့ ဆရာဝန်တွေက လက်လျှော့တော့ သူ့ကို လူနာတင်ယာဉ် ဖြင့် ပျော်ဘွယ်အထိ ပြန်သယ် လာရသည်။ အဘွားအတွက် မြို့အရှေ့ဘက်မှာ ပျက်စီးနေသည့် ဘုရားစေတီတစ်ဆူကို ပြုပြင်ပြီး ထီးတင်ပေးသည်။ အဲဒါပြီးတော့ သူမကိုသယ်သွားပြီး ဖူးမြော်ခိုင်းသည်။ မြေးများ (ကျွန်တော်တို့) ကို ကိုရင်ဝတ်ပေးသည်၊ အလှူလုပ်ပေးသည်။ သူမက ဝေဒနာကြားမှ လက်အုပ်လေးချီထားသည် ကို ယခုထိ မျက်စိထဲက မထွက်ပါ။ သူမ၏ ဝေဒနာက အတော်ဆိုးပုံရလေသည်။ ဆုံးကာနီးတော့ ရက်သတ္တတပါတ်လောက်ကြီး အကြာကြီး မျောသွားသေးသည်။ နောက် သတိ ပြန်လည်လာသည်။ နောက်ဆုံး သူမဆုံးကာနီး တော့ လက်အုပ်လေးချီပြီး တော့ ဘုရား ဘုရား ဟု ရေရွတ်ရင်း ဇက်ကလေးစောင်းသွားသည်။
"... မိတ်ဆွေ ရှေ့ဘ၀ နောက်ဘ၀ရှိသည် ဆိုသည်ကို ယုံပါသလား။ လူဝင်စား ဆိုသည့်ဖြစ်ရပ်များကို ယုံပါသလား။ အရင်ဘ၀က မိန်းမ၊ နောက်ဘ၀ ကျတော့ ယောကျာင်္း ဖြစ်သွားသည်ကို ယုံပါသလား။ ကျွန်တော်ကတော့ လက်တွေ့တွေ့ခဲ့ဖူးသဖြင့် ယုံကြည်သွားသည် ဟုဆိုရပေမည်။..."
ပြောပြရပေအုံးမည်။ အဘွားဆုံးပြီး နောက် ၄-၅ နှစ်လောက် အကြာကျတော့ အိမ်နားလေး က သကြားစက် သူဌေးတစ်ဦး ၏ အိမ်မှာ ယောကျာင်္းလေး တစ်ယောက် ဖွားမြင်သည်။ အဲဒီ ကလေးလေး စကား စပြောတတ်တော့ ထူးခြားမှုတွေက စတင်လာပါသည်။ မိုးတွေညို့ညို့လာလျှင် တစ်ယောက်တည်း စကားတွေ ပြောပြောနေတတ်သည်။ မိုးညို့ခြင်း သည် လူတစ်ဦး၏ mood အပြောင်းအလဲ နှင့် ဆက်စပ်ပုံရလေသည်။ သူ့ကို ထိန်းသည့်သူ ကြီးဒေါ်က ချောင်းနားထောင်တော့ သူပြောတဲ့ စကားတွေထဲမှာ ကျွန်တော့်အဖေ့နာမည် ပါလာသည် ဟုဆိုသည်။ တခြား ဦးလေးတစ်ယောက် ၏ နာမည်လဲ ပါသည် ဟုဆိုသည်။ မှန်ကြီးရှေ့မှာ ရပ်ပြီး ပြောပြောနေတတ်သည်ဟု ဆိုသည်။ မျက်လုံများက လည်း လွမ်းသလိုလို ရီရီဝေေ၀ကြီးဖြစ်နေသည် ဟုဆိုသည်။ အဲဒီလို မှတ်မိနေတဲ့ အခါမျိုး တစ်ခါက မေးတော့ "ငါ့နာမည် ဒေါ်သင်းကြူ၊ အရင်ဘ၀က သားသမီးတွေရှိတယ်ဟုပြောသည်ဆို၏။ သားကြီးက ဘယ်သူ.. သားငယ်ကဘယ်သူ" စသည်ဖြင့်ပြောသည်ဆို၏။ တစ်ခါတစ်ခါလည်း သူတို့ ခြံဝင်းဘက်က သံတံခါးပိတ်ပိတ်ကြီး နှစ်ချပ်အကြားရှိ ဟနေသော နေရာလေးမှ ကျွန်တော်တို့ခြံဝင်းဘက်ကို အကြာကြီး ချောင်းချောင်းကြည့်နေတတ်သည်။ အဲဒီလို သူ ကျွန်တော်တို့ဘက်ကို ချောင်းကြည့်နေခြင်းကိုမူ ကျွန်တော်ကိုယ်တိုင် ပင် ကြိမ်ဖန်များစွာ တွေ့ရဖူးပါသည်။
နောက်တစ်ခါ ဘုရားပွဲဈေးတန်းတစ်ခု လူအလွန်ရှုပ်နေသောအချိန်ကြီးတွင် သူ့ကိုထိန်းသော ကောင်ကလေး တစ်ယောက် ကသူ့ကို ကုန်းပိုးချီထား ပြီး လျှောက်လည်သည် ဟုဆိုသည်။ ထိုအချိန်တွင် ကျွန်တော့် ဦးလေးတစ်ယောက်ကို ပွဲဈေးတန်းထဲမှာ လူအုပ်ကြီးကြားထဲမှာ သူကတွေ့သွား သဖြင့် သူ့ကိုထိန်းသည့်ကောင်လေးကို "ဖိုးကျောက်(သူခေါ်နေကျအမည်)" နောက်ကိုလိုက် .."ဖိုးကျောက်" နောက် ကိုလိုက် ဆိုပြီး နောက်ကနေ အတင်းလိုက်ခိုင်း သည်ဟုဆိုသည်။ သွားပြီးနှုတ်ဆက်တာ တွေဘာတွေ မလုပ်ပါ။ အဲဒီတုံးက အိမ်ဘက်သို့ချောင်းမြောင်း ကြည့်ရှုခြင်း၊ နောက်ကနေ တိတ်တခိုး လိုက်လံကြည့်ရှုခြင်းကိုသာ ပြုပါသည်။
နောက်လအနည်းငယ်ကြာတော့ သူက ကျွန်တော်တို့ အိမ်ဘက်ကို သွားချင်သည် ဟု အတင်းပူဆာသည် ဆို၏။ ဘာလို့သွားချင်ရတာလဲ မေးတော့ ခေါင်းကြီးငုံ့ထားသည် ဟုဆို၏။ တစ်ခါလည်းမက နှစ်ခါလည်း မက အကြိမ်ကြိမ် ပူဆာလွန်းမက ပူဆာတော့ နောက်ဆုံး လက်လျှော့ပြီး လိုက်ပို့ကြရသည်။ အိမ်ရောက်တော့ လည်း လူတိုင်းကို ပြုံးပြုံးကြီးကြည့်သည်။ ပီတိဖြစ်နေပုံရ၏။ ပထမအခေါက်က အဖေတို့ အမေတို့ ဦးလေးတို့က သူ့ကို ချီမည်လုပ်တော့ ရှက်သွားသည်။ သူ့ကိုထိန်းသည့် ကောင်လေးပေါ်ကို တွယ်ကပ်တက်ပြီး ပြန်မယ်..ပြန်မယ်... ဟုပြောသည်။ နောက်တော့ အချီခံပါသည်။ ကလေးရဲ ဗိုက်ကို အင်္ကျီလေးမပြီး လှန်ကြည့်တော့... အရင်ဘ၀က ခွဲစိတ်ကုသခံယူအပြီး မကျက်တဲ့ အနာကြီးနေရာမှာ အစိမ်းနက်ရောင် အမှတ်ကြီးကိုတွေ့ရပါတယ်။ အဲဒီ့နောက် အိမ်မှာ အလှူလုပ်တိုင်း၊ ကုသိုလ် လုပ်တိုင်း အဖေတို့က သူ့ကို သပ်သပ် ဖိတ်ရသည်။ သူကလည်း လာချင်ပါသည်။
ကြာခဲ့ပြီဖြစ်ပါသည်။ အဲဒီကလေး(အရင်ဘ၀က ကျွန်တော်တို့အဘွား) က ဒီဘ၀ရောက်တော့ ယောကျာင်္းလေးဖြစ်သွားသည်။ ဥပတိရုပ်လည်း ကောင်းသည်၊ ဥာဏ်လဲ ကောင်းပါသည်၊ သူဌေးအဖေ၊ သူဌေးအမေ ဗိုက်ထဲရောက်သည်။ ကုသိုလ်တွေ..ကုသိုလ်တွေ..။ အခု အဲဒီကလေးလေးတောင် ဆယ်တန်းအောင်ပြီးသွားပြီဖြစ်သည်။ စင်္ကာပူမှာ ကျောင်းတက်ချင်သည် ဟု ပြောနေသည်ဟု ကြားသိရလေသည်။