Sunday, May 13, 2007

ကျွန်တော်တို့ ငယ်ငယ်တုံးက... (၃)

စင်္ကာပူမှာက ရန်ကုန်မှာလိုပဲ ရေချိုးလို့ ကောင်းသည်။ တခါတလေဆို ရေချိုးရတာ ကောင်းလွန်းလို့ ချိုးလို့ကို မ၀နိုင်အောင် ပင်ဖြစ်သည်။ ဒါပေမယ့် ကျွန်တော်က ရေချိုးတာမြန်သည်။ အေးအေးဆေးဆေး ချိုးတတ်ချင်သည်။ စင်္ကာပူက ရေက မလေးရှားကနေ ၀ယ်ထားရတာ။ ရေက purified လုပ်ပြီးသားဖြစ်ပုံရသည်။ Tap ကလာတဲ့ရေကို ဒီတိုင်းလဲသောက်လို့ရသည်။ တခါတလေ ရေမှာ ကလိုရင်းနံ့လေး နဲနဲတော့ ရသည်။ ဘာပဲဖြစ်ဖြစ် ရေချိုးလို့တော့ ကောင်းပါသည်။ လူတွေက စင်္ကာပူ ရေတွေချိုးပြီး ရန်ကုန်မှာတုံးကနဲ့ စာလျှင် အသားနည်းနည်းလေးတော့ ပိုဖြူလာ ကြသည်ဟုထင်ရသည်။

ရေချိုးမှား သည် ဆိုသောစကားကို ကြားဖူးကြမည်ဟုထင်ပါသည်။ ပျော်ဘွယ်မှာ နေတုံးကတော့ ရေချိုးမမှား အောင် တကယ်ကို ဆင်ခြင်ရသည်။ နေ့လည် ၁၂ နာရီ လောက်ကစပြီး မိုးမချုပ်ခင်အထိ အချိန်အတွင်း ရေမချိုးရဲကြပေ။ နေ့ခင်းဘက်တွေဆို အပြင်က ပြန်လာလာချင်းကြီး ရေချိုးချင်တယ်ဆိုပြီး ထချိုးလို့မရ။ အဲဒီလို နေပူပူ က ပြန်လာပြီးပြီးချင်း ရေချိုးလျှင် အပူရှပ်ပြီး ဖျားတတ်သည်။ တခါတလေ ရေချိုးမှားပြီး သေတဲ့လူတွေတောင် ရှိသည်။ အထူးသဖြင့် နွေရာသီတွေ မှာ ရေချိုး ဆင်ခြင်ရသည်။

ပျော်ဘွယ်က ရေတော့ ပေါသည်။ ဒါပေမယ့် ရေတွေက ငံသည်။ အထူးသဖြင် ကျွန်တော်တိုနေတဲ့ ရှမ်းပွဲ ဘက် ကရေတွေက အလွန်ငံသည်။ ကျွန်တော်တို့အိမ်နားတစ်ဝိုက် ရေတွင်းတူးလျှင် ၅ပေ မှ ဆယ်ပေလောက်ဆိုလျှင် ရေတွေထွက် လာတတ်သည်။ ဒါပေမယ့် အဲဒီလောက်အနက်ကရေက အလွန်ငံသည်။ အရောင်ကလည်း နီကျင်ကျင် ၀ါကျင်ကျင်ရေတွေဖြစ်သည်။ အဲဒီရေအမျိုးအစားကို ကျွန်တော်တို့အရပ်မှာ ခါးရေဟုခေါ်သည်။ ရေတွင်း၏ ခါးလယ်လောက်က ထွက်တဲ့ရေကိုခေါ်တာဖြစ်ပုံရသည်။ အဲဒီနေရာတ၀ိုက် က အရင်တုံးက ဆပ်ပြာကျင်း(ဆပ်ဗကျင်း ဟုအသံထွက်) လို့ ရှေးလူကြီးတွေပြော တာ ကြားဖူးသည်။ အဲဒါကြောင့် ရေတွင်းတူးလျှင် နက်နက်တူးရသည်။ နက်နက်ရောက်လေ ထွက်တဲ့ရေက အငံပေါ့ပေါ့သွားလေဖြစ်သည်။ ဒါပေမယ့် ငံတော့ ငံသေးသည်။ အိမ်မှာက အဘိုးအဘွားတို့ လက်ထက်က တူးသွားသည့်ရေတွင်း တစ်တွင်းရှိသည်။ ပေတစ်ရာလောက်နက်မည်ထင်သည်။ ကျွန်တော်တို့ငယ်ငယ် က ရေမှုတ်စက် ပျက်လျှင်ဖြစ်ဖြစ် မီးမလာတဲ့အခါ ရေပြတ်ရင်ဖြစ်ဖြစ် အဲဒီရေတွင်းကနေ ရေပုံးကိုကြိုးဖြင့်ချိတ်၍ ရေတွင်းထဲမှ ရေငင်ပြီးချိုးရသည်။ ဒီရေတွင်းရေဖြင့် အရပ်ကိုရေလှူထားသည်။ အရပ်ထဲက တခြားလူတွေက ညနေခင်း ဆိုလျှင် အိမ်ကရေတွင်းကနေ ရေလာဆွဲကြသည်။

သို့သော် သောက်ရေအတွက် ရေချိုကတော့ နဲနဲ ရှားသည်။ အဲဒီတုံးက ရေချို ကို နွားတပ်ရေစည်လှည်းဖြင့် မြို့အရှေ့ဘက် တစ်မိုင်ခွဲလောက်ဝေးသော "အင်ကြင်းကန်" ဘက်က ရေတွင်းတွင်သွားသွား ခပ်ကြရသည်။ အဲဒီတုံးက အိမ်မှာ နွားနှစ်ကောင်ရှိသည်။ အဘိုးက လယ်တွေယာတွေလဲ ရှိသည်။ လယ်တွေက တောင်ကြီးဘက်ကိုအထွက်မှာဖြစ်သည်။ အဲဒီ ပျော်ဘွယ်-ဘုရားငါးဆူလမ်းဖောက်တော့ (အရပ်အခေါ် တောင်ကြီးလမ်း) ဖောက်တော့ လယ်တွေနဲနဲ အသိမ်းခံရသေးသည်။ ၄ဧက-၅ဧက လောက် အသိမ်းခံရသည်။ နောက် အဖေက စီးပွားရေးကို အာရုံစိုက်ရတာနဲ့၊ ဘိုးဘွားလက်ထက်က လယ်တွေ ကို လုံးဝမကြည့်နိုင်တော့ ဦးလေးတစ်ယောက်ကို ဘိုးဘွားအမွေအဖြစ်အကုန်ပေးလိုက်သည်။ အဲဒီတုံးက အိမ်က နွားကြီးတွေက တော်တော် လိမ်မာသည်။ သူတို့ကို ၀ဖီးနေအောင်ကျွေးထားသည်။ တစ်ကောင်က နွားပြာစိမ်းကြီး၊ တစ်ကောင်က နွားဖြူနီ။ နောက်တော့ နွားပြာစိမ်းကြီးက ဖောက်လာသည်။ ထိုကဲ့သို့ နွားတွေက လိမ်မာနေရာမှ ထထဖောက်လျှင် ရှေးလူကြီးတွေက မြေကုန်သည် ဟုပြောသည်။ သူ နဲ့ ကိုယ်နဲ့ ရေစက်ကုန်သွားသည် ကို ဆိုလိုချင်တာဖြစ်ပုံရသည်။ သူ့ကို သွားကြည့်လျှင် ရှုသိုးသိုးပြန်ကြည့်သည်။ နှာတရှုးရှုး မှုတ်သည်။ မြေကို ခွာဖြင့်ရှပ်သည်။ လူတွေကို ဝှေ့ချင်သလိုလို လုပ်သည်။ နောက်ဆုံးတော့ နွားပွဲစားတွေ လက်ထဲ ရောင်းဖို့ အပ်လိုက်ရသည်။

၁၉၈၇-၈၈ လောက်ရောက်တော ပျော်ဘွယ်မှာ ဂျပန်နိုင်ငံက ရေချိုရေသန့်တွေလှူသည်။ ကျွန်တော်တို့အရပ်မှာ အဲဒီရေကို ဂျပန်ရေဟုခေါ်သည်။ဂျပန်တွေက မြို့၏ အမြင့်ဆုံး နေရာဖြစ်သည့် မြို့မကုန်းထိပ်က စံကျောင်းဝင်းကြီးထဲမှာ ရေလှောင်ကန်ကြီးတွေတည် ပေးထားသည်။ "ဗတ်ဒ" ဘက်က ရေချိုကို ပိုက်လုံးကြီးများဖြင့်သွယ်၍ အဲဒီရေလှောင်ကန်ကြီးတွေထဲ ကို High Pressure Pump ကြီးများဖြင့် ရေကို မောင်းတင်သည်။ အဲဒီရေလှောင်ကန်ကြီးတွေထဲက မှ မြို့ အရှေ့ဘက် တစ်ခြမ်းလုံးကိုပိုက်လုံး အလတ်စားများဖြင့် ရေချို ဖြန့်သည်။ မြို့အနောက်ဘက်ခြမ်း မြို့သစ်တို့၊ ရွှေပြည်ရန်လုံတို့ ဘက်တွေ အတွက်ကတော့ အောင်သာ ဘက်က နေရေဖြန့်ပေးသည်။ ကွက်သစ်ဖြစ်သည့် ပြည်သာယာ ဘက်ကြတော့ မြကျိုင်းတောင်က နေရေဖြန့်ပေးသည်။ အဲဒီခောတ်တုံးက ကျွန်တော်တို့အရပ် လိုမိုးခေါင်ရေရှား ရပ်ဝန်းတွေ မှာ ဂျပန်ကတွေက ရေလှူခဲ့သည်။ "ဗတ်ဒ" ဆိုတာက ပျော်ဘွယ်နယ်ဘက်က ရွာကြီးတရွာ ၏အမည် ဖြစ်သည်။ ရမည်းသင်းဘက် အထွက် "ဗတ်ဒ" ဟူသောရွာက ရေမြေကောင်းသည်။ ရေချိုသည်။ ရေပေါသည်။ ရေမြေကောင်းတော့ "ဗတ်ဒ" ရွာက လူတွေက ပန်းတွေစိုက်သည်။ သပြေတွေ၊ ဟော်လန်ပန်းတွေ၊ မေမြို့ပန်းတွေ၊စံပယ်တွေ၊ ဇွန်တွေ အလျှံပယ်ထွက်သည်။ နေ့စဉ် "ဗတ်ဒ" ဘက်က ပန်းသည်တွေ ပျော်ဘွယ် ဘက် ကို ပန်းတက်ရောင်းကြသည်။

အဲဒီတုံးက မှတ်မိသေးသည်။ ၁၉၈၈ လောက် က ပျော်ဘွယ်မှာ ဂျပန်၏ ရေပေးရေး စီမံကိန်းက အင်တိုက်အားတိုက် အကောင်အထည်ဖော်နေသည့်အချိန် ဖြစ်သည်။ မြို့ထဲက လမ်းတိုင်းလမ်းတိုင်း တွင် ရေပိုက်လိုင်းများ ချရန် စီမံထားသည်။ လမ်းဘေးတွေမှာ လုပ်သားကြီးများက ချွေးတွေသံတွေ တရွှဲရွဲဖြင့် သံပိုက်လိုင်းကြီးများချရန် မြောင်းကြီးများ တူးဖော်နေကြသည်။ လမ်းများပေါ်တွင် ရွာအသီးသီး ရပ်ကွက်အသီးသီးက သပိတ်မှောက် သောလူများက စီတန်းလှည့်လည်နေကြသည်။ ပျော်စရာကြီးဖြစ်သည်။ သပိတ်မှောက်တော့ တစ်နိုင်ငံလုံး ကျောင်းတွေလည်း ပိတ်ထားသည်။ ကျွန်တော်ကတော့ စက်ဘီးလေးဖြင့် ဆရာမ တစ်ယောက်ဆီမှာ အင်္ဂလိပ်စာကျူရှင်တော့ သွားသွားတက်သေးသည်။



ဆက်ပါဦးမည်...

2 comments:

pandora said...

ဆက်ပါဦး။ အရေးအသားကောင်းတယ်။ စီဘောက်ခ်စ် မတတ်ဘူးလား။

Unknown said...

ဖတ်လို့ကောင်းတယ်ညီနေ့တိုင်းလိုလိုဖတ် ဖြစ်တယ် 3 ရက်တော့ရှိပြီ ကော်ပီလုပ်ပြီးဖတ်တာ........ စီဘောက်လေးထည်ပါလား.. comment ရေးရတာ တခါတစ်လေ ပိတ်ထားတယ် ရေးရခတ်လို့ပါ..