Tuesday, May 01, 2007

ကျွန်တော်တို့ငယ်ငယ်က... (၁)

ကျွန်တော်ငယ်ငယ်က... အဲဒီတုံးက 1995-96 လောက် ဖြစ်မည်ထင်ပါသည်။ ကျွန်တောသည် 1994 လောက်က နယ်မြို့လေး တစ်မြို့မှာ ဆယ်တန်းအောင် လာပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကြီးမှာ တက်ခဲ့ရသည်။ မိန်း ထဲမှာ ဒဂုံဆောင်မှာ အဆောင်နေခဲ့ဘူးသည်။ ကံကော်၊ ရေတမာ၊ စိန်ပန်းပြာ တို့ဖြင့်အတိပြီးသော မြကျွန်းညိုညို မှာ ကွန်းခိုခဲ့ဘူးသည်။

Programming ဆိုလို့ ပြောရအုံးမည်။ ကျွန်တော်တို့ programming စသင်ရတာ GW Basic ဆိုတဲ့ Language ဖြစ်သည်။ c:\ မှ command line ဖြင့် ရေးရသည်။ အဲဒီတုံးက ကျောင်းက ကွန်ပျူတာတွေ အများစု က Monochrome တွေဖြစ်သည်။ Monochrome ဆိုသည်မှာ screen မည်းမည်း ပေါ်မှာ စာလုံးစိမ်းစိမ်းလေးတွေ ပေါ်သောကွန်ပျူတာများ ကို ခေါ်တာပါလားဟု မှတ်ထားခဲ့ဘူးသည်။ နောက် တစ်နှစ်လောက် ကျမှ ကျောင်းက "C" -(စီ) သင်ပေးသည်။ Pascal သင်ပေးသည်။ အဲဒါတွေသင်ပေးပြီးတဲ့ နောက် Object Oriented Language ဆိုတာ သင်ပေးသည်...C (စီ) ကနေ C++ (စီ ဒ-ဘယ် ပလပ်စ်) သင်ရတာပေါ့။ Class တွေ၊ Method တွေ၊ Inheritance တွေ Encapsulation တွေ Polymorphism တွေဖြင့် ချာချာလည်ခဲ့ဘူးသည်။ နောက်တော့လည်း ရသွားတာပေါ့။

မှတ်မိသေးသည်... ကျောင်းမှာ စက်ခန်းဝင်လျှင် အဘ ကိုကြောက်ရသည်။ အဘက Windows ကိုင်တာမြင်ရင်မကြိုက်။ Windows ကိုင်နေတာ မြင်လျှင် စာမလုပ်ပဲ ဆော့နေသည် ဟု အယူရှိပုံ ရလေသည်။ စက်ခန်းထဲမှာ Windows Operating System ရှိသော စက် နှစ်လုံး သုံးလုံးလောက်ရှိမည် ထင်သည်။ c:\ ကနေ Window လို့ ရိုက်မှ Window က တက် တက်လာ တတ်သည်။ အဲဒီတုံး က Windows ရှိသော စက်ကို ဦးရသည်။ Windows version 3.11 ဖြစ်ပါသည်။ တချို့ သူငယ်ချင်းတွေ ဆိုလျှင် စက်ခန်းဝင်လို့ Windows ရှိတဲ့ စက်ကိုင်ရလျှင် မိမိကိုယ်ကို အလွန်ဂုဏ်ယူ ကြသည်။

အိမ်ကို ကွန်ပျူတာ ၀ယ်ပေးဘို့ ပူဆာ ဖူးသည်။ အဲဒီတုံးက ကွန်ပျူတာ "Intel-486" တစ်လုံးဝယ်တာ ၁ သိန်းခြောက်သောင်း လောက် ပေးခဲ့ရသည်။ Intel-486 ဆိုတာက အခု Intel-Pentium မျိုးဆက်ထက် မျိုးဆက် နှစ်ဆက် သုံးဆက်လောက် ရှေ့ရောက်သည်။ အဲဒီခေတ်က ဗင်ကား တစ်စီးကို ၄ သိန်း ငါးသိန်းကျပ် လောက်ပဲရှိသည်။ ဒါပေမယ့် အိမ်က ၀ယ်ပေးပါသည်။ ကျွန်တော်လည်း ကိုယ်စမ်းချင်တာတော့ စမ်းလို့ရပြီ ဆိုပြီး အလွန်ပျော်ပါသည်။ ကျွန်တော် အဲဒီကွန်ပျူတာလေး ကို အလွန်ချစ်ပါသည်။ ကျနော်နှင့် နှစ်အတန်ကြာအတူ အိပ်ခဲ့ရသော ကွန်ပျူတာလေးဖြစ်သည်။ နယ်ကိုပြန်ရင်လည်း သူ့ကို ကျွန်တော်နဲ့ အတူတူ သယ်သွားခဲ့သည်။ သြော် အခုတော့လည်း...

တခုပြောရ အုံးမည်။ အဲဒီတုံးက မီးမပျက်ပါ။ ဆယ်တန်းပြီးကတည်းက ရန်ကုန်မှာ ကျနော်နေခဲ့သည်။ ရန်ကုန်မှာ မီးအရမ်း ပျက်ခဲသည်။ အခု ကလေးတွေ ရန်ကုန်မှာ မီးမပျက်ပါလို့ ပြောလျှင် ညာနေတာ လို့ထင်လိမ့်မည်။

ဒီလိုနဲ့ ရန်ကုန်မှာ နေရင်းနေရင်းနဲ့ နှစ်လေးနည်းနည်းကြာတော့ မီးက နဲနဲ လေး နဲနဲလေး စစပြီး ဖောက်ဖောက်လာသည်။ ကိစ္စ မရှိသေး။ အလုပ်တော့လုပ်လို့ရသေးသည်။ ကွန်ပျူတာလေးတော့ ကိုင်လို့ရသေးသည်။ Program လေး ဘာလေးရေးလို့ ရသေးသည်။

တဖြည်းဖြည်းနဲ့ ကြာလာတော့ နွေရာသီတွေဆိုလျှင် လုံးလုံးအမှောင်ကျသွားသည်။ အမှောင်ကမ္ဘာကြီးထဲမှာ ကျင်လည်ခဲ့ရသည်။ မီးမရှိပေမယ့် မီးစက်လည်း မနှိုးနိုင်ဘူးလေ။ မီးစက်ကိုဝယ်မယ်ဆိုလို့ ရှိရင် ၀ယ်နိုင်ပါတယ်။ နေ့စဉ် ဆီဘိုး ကဈေးကြီးတယ်လေ။ အဲဒါနဲ့ အင်ဗာတာလေး တစ်လုံး ၀ယ်ထားရသည်။ နေ့အိပ်ပြီး ညမှ ထထပြီး အလုပ်တွေ လုပ်ရသည်။ ရေ ထ တင်ရသည်။ ဒါမှ နောက်နေ့ အိမ်သာသုံးဖို့ ရေချိုးဖို့ ရေရှိအောင်လို့။ မီးက လူတွေအိပ်ချိန် ၁၂ နာရီ ကြရင်လာတတ်တယ်လေ။ ၄နာရီလောက်ကြရင် ပြန် ပျက်သွားပြီ။

ကျွန်တော် နဲ့ သူငယ်ချင်းက စင်္ကာပူက ဆရာသမား တစ်ယောက်နှင့် အဆက်အသွယ်ရလို့ မြန်မာပြည်မှာ Program တွေ ရေးရေးပြီး စင်္ကာပူကို ပို့ပို့ပေးရတယ်။ ရက်ဆိုင်းလို့ မရဘူး လေ။ ဒီမှာ က သူ့ Schedule နဲ့ သူကိုး။ ကျွန်တော်တို့မှာက လဲ အမှောင်ကြီးထဲမှာလေ။ နေ့အိပ်ပြီး ညမှ ထထပြီး အလုပ်တွေ လုပ်ရသည်။ ဒီလိုနဲ့ နေ့အိပ် ညလုပ် နဲ့ ကြာတော့ လူတွေက ကြောင်စီစီတွေဖြစ်လာကြသည်။

ဆက်ပါဦးမည်...

2 comments:

PaySi said...

ကိုဖြိုးဝီကျော် ၀က်ဖ်ဆိုက်ကို မရောက်တာကြာလို့ လာကြည့်တာ.. အား ပါးပါ... နယူးပိုစ်.တွေတင်ထားလိုက်တာ အားရပါးရ ပါပဲလား...

နားမလည်ဘူး ကွန်ပျူတာကျောင်း အကြောင်းပြောရင်း ဗြုန်းကနဲဆို မီးပျက်တဲ့စီရောက်သွားတော့ ကြောင်တောင်တောင်ဖြစ်သွားတယ်...

Andy Myint said...

အင်း... ပထမနှစ်တုန်းက QBasic ကို Line Number တွေ တတ်ပြီး ရေးရတာကို မှတ်မိသေးတယ်။ Fresher မို့လို့ကြောင်တောင်တောင်ဖြစ်၊ Programming ကလည်း ခက်၊ အဘကလည်း ကြောက်ရနဲ့ ...တကယ့်ကိုပါပဲ။