Monday, November 26, 2007

Singapore မှ မိုးကုတ်ဝိပဿနာတရားစခန်းပွဲ

MAHAMUNI BUDDHIST SOCIETY ၊ ဗုဒ္ဓဂယာသုခါရာမကျောင်း၊ မှ ကြီးမှုး ကျင်းပမည့် မိုးကုတ်ဝိပဿနာတရားစခန်းပွဲ ကို ၃၀.၁၁.၂၀၀၇ မှ ၆.၁၂.၂၀၀၇ ထိ (၇) ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်။ နေရာမှာ Kovan MRT အနီးရှိ 33 B Lowland Road SINGAPORE 547429 တွင်ဖြစ်သည်။

စခန်းချိန်အတွင်း တရားအားထုတ်ရန် ယခုချိန်ထိ စာရင်းပေးထားသူပေါင်း အမျိုးသားယောဂီ-၆ ဦး၊ အမျိုးသမီး ယောဂီ(ညအိပ်) ၂၇ ဦး၊ အမျိုးသမီး ယောဂီ(ညမအိပ်) ၅ ဦး၊ ပေါင်း ၃၈ ဦးရှိပြီဖြစ်သည်။

တရားအားထုတ်ချိန်များမှာ နံနက် လေးနာရီ မှ ည ဂ နာရီ ခွဲ အထိ ဖြစ်ပြီး၊ စည်းကမ်းသေ၀ပ်စွာ ကျပ်ကျပ်မတ်မတ် သတိသမ္မဇဉ် အကြားမလပ်ရအောင် အထူးကြိုးပမ်း အားထုတ်ကြရမည် ဖြစ်သည်။

ကျောချစရာ နေရာပင် မလွယ်ကူလှသော စင်္ကာပူ လို နိုင်ငံမျိုးတွင် ယခုလို (၇) ရက်တရားစခန်းများ စီစဉ် ဖွင့်လှစ်နိုင်ခြင်းသည် ဗုဒ္ဓသာသနာတော်အတွက် အလွန် ၀မ်းမြောက်ဖွယ် ဖြစ်ပါသည်။

မိမိတို့ တတ်အားသ၍ MAHAMUNI BUDDHIST SOCIETY, 23-A Jalan Mas Puteh Singapore 128628 Ph: 6777 7018 တွင် ဆက်သွယ် ကုသိုလ်ယူ၊ လှူဒါန်း နိုင်ကြပါ ကြောင်း ကောင်းမြတ်သည့် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။



ဗုဒ္ဓသာသနံ စိရံ တိဌတု

Sunday, November 25, 2007

ဆေးပေါင်းခတဲ့ ည ကို တိတ်ဆိတ်စွာဖြတ်ကျော်ခြင်း

"မြိုင်မြိုင်ဆိုင်ဆိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်၊
ကထိန်ပွဲခင်းပါတဲ့၊ လတန်ဆောင်တိုင်...."

တန်ဆောင်မုန်းလပြည့်ည ရောက်ပြန်လေပြီ။ ဒီည ကို ဆေးပေါင်းခတဲ့ ညဟုလည်း ခေါ်ဆိုကြလေသည်။ ငယ်ငယ်ကဆို ဒီလိုနေ့တွေမှာ ကထိန်သင်္ကန်းကပ်ကြသည်။ မယ်ဇလီဖူးသုတ် ကလေးတွေ စားခဲ့ကြရတာ အမှတ်ရသည်။ နယ်မှာဆိုတော့ ခုလိုအခါတွင်းတွေ၊ သင်္ကြန်တွေ ဘာတွေဆိုလျှင် မုန့်တစ်ခုခုလုပ်တဲ့ပွဲတွေ ဆိုလျှင် အိမ်နီးနားခြင်းတွေက လာပို့ကြသည်။ ကိုယ်အိမ်ကလုပ်တာလဲ သူများအိမ်တွေပို့၊ သူများအိမ်ကလုပ်တာလဲ ကိုယ့်အိမ်လာပို့ ကြသည်။ တကယ်တော့ ချစ်စရာ ဓလေ့တစ်ခုဖြစ်ပါသည်။ ရပ်ထဲရွာထဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုဖြစ်စေပါသည်။ နက္ခတ်စုံလင်သောည ကောင်းကင်ယံကို ကြည့်ခဲ့ကြသည်။ တစ်ခါတရံ ကြယ်ကြွေတာလေးတွေ၊ ကြယ်တံခွန်လေးတွေ၊ ဥက္ကာပျံလေး တွေပင် မြင်တွေ့ ရပါသည်။

ဒီလိုညတွေမှာ လူကြီးတွေဆီက မုန့်ဖိုး တောင်းကြသည်။ လူကြီးတွေက ပိုက်ဆံကြဲ၊ ကလေးတွေက တပျော်တပါး ကောက်ကြသည်။ လူကြီးတွေက ပိုက်ဆံလေးတွေ ထုပ်ပြီးတော့ ပံ့သကူ ပစ်၊ ကလေးတွေက အဲဒါလေး လိုက်ရှာကြသည်။ အင်မတန် ပျော်စရာကောင်းပါသည်။

တန်ဆောင်တိုင် ပွဲ ရောက်ပြီဆိုလျှင် ကျောင်းအလိုက်၊ ရပ်ကွက်အလိုက်၊ စုပေါင်း ပဒေသာပင်များ အပြိုင်အဆိုင်ပြုလုပ်ကြသည်။ ပုံအမျိုးမျိုးဖော်ထားသော ပဒေသာပင်များကို ရွှေပြည်သာ ဘုရားကွင်းကြီးထဲတွင် ရာဇမတ်များ ကာရံပြီး ထားရှိခဲ့ကြသည်။ တချို့ နှစ်တွေမှာ ကျောက်တိုင်ကွင်းကြီးထဲတွင် ပြသထားရှိသည်။ ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀ ကတော့ တန်ဆောင်တိုင်နားနီးပြီဆိုလျှင် ကျောင်းက ပဒေသာပင်လှည့်သည်။

အဲဒီအချိန်က ကျွန်တော်တို့မြို့မှာ အထက်တန်းကျောင်း တစ်ကျောင်းသာရှိသည်။ အရပ်အခေါ် ကျောင်းကြီးဟု ခေါ်သည်။ ကျောင်းကြီး ပဒေသာပင်လှည့်ပြီဟေ့ ဆိုလျှင် ပဒေသာပင်တန်းကြီးက တမျှော်တခေါ် အရှည်ကြီးဖြစ်သည်။ မူလတန်းမှ အထက်တန်းအထိ ရှိတာဆိုတော့ ပဒေသာပင်တွေကလည်း နည်းနည်းနောနောမဟုတ်ပါ။ ကျောင်းက အတန်းအလိုက် အခန်းအလိုက် စုပေါင်း ပဒေသာပင်များလုပ်ကြသည်။ ဆင်က ကျွဲက သမင်က တိုးနယားက၊ ဦးရွှေရိုး ဒေါ်မိုး၊ ဖိုးသူတော်ယိမ်း စတာ တွေ ထည့်ကြသည်။ ကျွဲလုပ်ရတာ လွယ်ပါသည်။ ကျွန်တော်တို့ စုပေါင်းပြီး ကိုယ့်ဘာသာကို လုပ်ကြပါသည်။ ၀ါးများခွဲကာ ကိုယ်ထည် နှင့် ခေါင်းပုံစံ ရအောင်ခွေရသည်။ ခေါင်းကို ၀ါးလုံး တလုံးဖြင့် အောက်မှထိုးထားသည်။ ကတဲ့သူက အဲဒီဝါးလုံးကို ဘယ်ညာရမ်းပြီး ခေါင်းလှုပ်ပြီး ကနိုင်ရန်ဖြစ်ပါသည်။ ကိုယ်ထည် အပေါ်မှ ၀ါးဖျာများကပ်သည်။ အဲဒီအပေါ်မှာ ကော်များဖြင့် Body နှင့် ခေါင်း တွင် ဘိလပ်မြေစက္ကူများ ထပ်ကပ်သည်။ ဓါတ်ခဲအဟောင်းများကို ဖောက်ပြီး ဂျုံကော်ရည်နှင့်ရောနယ်ကာ ဆေးအမည်းအဖြစ် သုတ်ကြသည်။ လည်ပင်း နေရာတွင် ဂုံနီအိတ် အချောစားကို ဆေးအမည်း သုတ်ကာ ခေါင်းအပိုင်း နှင့် ကိုယ်အပိုင်း ကိုဆက်ပြီး တပ်ရသည်။ မျက်စိနေရာတွင် ဆေးဖြူဖြင့် မျက်လုံးပုံ။ ကိုယ်ထည် ဘေးမှာ ကျွဲကို ခပ်မိုက်မိုက် နာမည် တစ်ခုပေးကာ ဆေးဖြူဖြင့် ရေးလိုက် ကြသေးသည်။ နောက် ဗုံတွေ လင်းကွင်းတွေနဲ့ ဇာတ်တိုက်ရသေးသည်။ ပဒေသာပင်လှည့်တော့ ပဒေသာပင်နောက်က လိုက်ကကြသည်။ ပျော်စရာကြီးဖြစ်ပါသည်။

ကွန်ပျူတာ တက္ကသိုလ်ရောက်တော့လည်း တန်ဆောင်တိုင် ရောက်ပြီးဆိုလျှင် နှစ်စဉ်နှစ်တိုင်း Batch အလိုက် ပဒေသာပင်များသီးကြသည်။ ကျွန်တော်တို့အတန်းက တော်တော် ကွန့်ပါသည်။ နှစ်ဆယ်တန်ဖြင့် ပုဇွန်ရုပ်များ အတန်းဖော် သူငယ်ချင်းတတွေ တပျော်တစ်ပါး ၀ိုင်းချိုးကြသည်။ ပဒေသာပင် အမြင်တင့်တယ်ပြီး၊ Balance ညီစေရန် ၀ိုင်းဝန်းကြည့်ရှု ပြင်ဆင်ကြသည်။ ပုဇွန်ရုပ်ချိုးရာတွင် နှစ်ဆယ်တန်က စိမ်းစိမ်းစိမ်းစိမ်းနှင့် အကောင်းဆုံး အလှဆုံး ဖြစ်သည်။ နောက် Honours တန်းတို့ Master တန်းတို့ရောက်တော့ ကထိန်ပွဲကို လှိုင်နယ်မြေမှာ မကျင်းပဖြစ်တော့ပါ။ ရွှေပြည်သာ ကျောင်းကို သွားပို့ကြရသည်။ ကျွန်တော်တိုလည်း အဲဒီတော့မှ ရွှေပြည်သာ ကွန်ပျူတာ တက္ကသိုလ်ဘက် ကိုရောက်ဖူး ခဲ့တော့လေသည်။

ပျော်ဘွယ်မှာ ဆို ဒီလိုညတွေမှာ အိမ်ရှေ့တွေ မှာ တစ်...နှစ်..သုံး ပိုက်ဆံကြဲပါအုံး ဆိုပြီး လိုက်အော်နေတဲ့ အသံတွေကြား ခဲ့ကြရသည်။ ကျီးမနိုးပွဲ သူခိုး စောင့်ဖမ်း ခဲ့ကြရသည်။

အင်း... ခုတော့လည်း မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် နှင့် ၊ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ည တို့ ကို တိတ်တိတ်ဆိတ်ဆိတ် ဖြင့် ဖြတ်ကျော် ရပေအုံးတော့မည်။


Sunday, November 18, 2007

Clementi ဘုန်းကြီးကျောင်း မှ ကထိန်သင်္ကန်းကပ်ပွဲ



ဒီနေ့ Clementi ဘုန်းကြီးကျောင်း ဘက် ရောက်ပါတယ်။ ကထိန်သင်္ကန်း ကပ်ပွဲပေါ့။ ပရိတ်သတ် တွေတော့ ကျောင်းတိုက်နှစ်ခန်းစလုံး တရုံးရုံးနဲ့ အပြည့်ပါပဲ။ နေရာအခက်အခဲကြောင့် မနက်တကြိမ် နေ့လည်တကြိမ် နှစ်ကြိမ် ခွဲပြီး ကျင်းပရ ပါတယ်တဲ့။
ကထိန်လျှာ မြတ်သင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြတယ်။ ဆရာတော်ကြီး ရဲ့ ကထိန်အနုမောဒနာတရား နာကြားပြီးတဲ့ အထိခဏနေခဲ့ကြတယ်။ ပြီးတော့ နေ့ခင်းစာလည်း ကျောင်းမှာပဲ စားခဲ့ကြတယ်။ နေ့လည်စာ တာဝန်ယူကြတဲ့ အလှူ့ရှင်များကလည်း စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ ရောက်လာသမျှပရိသတ်ကို ကျွေးမွေးကြ ပါတယ်။ အလှူထမင်းဟင်းတွေ အချိုပွဲတွေ ကတော့ ရှယ်ပါပဲ။ မှတ်မှတ်ရရ ရခိုင်ငါးပိထောင်းကလေး ကတော့ တော်တော်ကို ထိတယ်။ ဓါတ်ပုံ မှတ်တမ်းလဲ တင်လာခဲ့ပါတယ်။

Thursday, November 15, 2007

Moral Story of the Day

တစ်ခါတုံးက ကလေးတစ်ယောက်ဟာ သူ့အမေ ဈေးဝယ်တာ လိုက်သွားတယ်။ သူတို့ ဈေးဆိုင် တစ်ဆိုင်ထဲကို ၀င်သွားတယ်။ ဈေးဆိုင်ပိုင်ရှင်က အင်မချစ်စရာကောင်းတဲ့ ကလေးကို ကြည့်ပြီးတော့
"သားသားရေ... ဦးဦးမင်းကို ချိုချဉ်လေးတွေ ကျွေးမယ် " ဆိုပြီး ဗူးကို ဖွင့်ပြီးကမ်းပေးလိုက်တယ်။

ဒါပေမယ့် ကလေးလေးက မယူဘူး။

ဆိုင်ပိုင်ရှင်က နဲနဲ အံ့သြသွားတယ်။ ဒီ ကလေးလေးက အဆန်းပဲ ဘာလို့မယူပါလိမ့် ဆိုပြီး ပေါ့လေ။
ဒါနဲ့ပဲ "ယူလေ.. သားသား" လို့ ထပ်ပြောကြည့်တယ်။

ကလေးလေးက မယူဘူး။

ဒီတစ်ခါ အမေဖြစ်သူကကြားသွားတယ်... အမေဖြစ်သူက "သား... ယူလိုက်လေ"...

ကလေးလေးက မယူဘူး။

နောက်ဆုံး ဆိုင်ပိုင်ရှင်က သူ့ဘာသာ ချိုချဉ် လက်တစ်ဆုပ်ကို ယူပြီးပေးလိုက်တယ်။

အဲဒီတော့မှ ကလေးလေးက ပြုံးပြုံးရွှင်ရွှင်နဲ့ လက်နှစ်ဖက် နဲ့ ဖြန့်ပြီး ယူလိုက်တယ်။

အပြန် လမ်းမှာ ကျတော့ အမေဖြစ်သူက မေးတယ်။ ဆိုင်ရှင်က သားကို ပေးတုံးက သားက ဘာလို့ မယူရတာလဲ။




ကလေးလေး က ဘာပြန်ဖြေလဲ သိလား..................




မေမေကလဲ သားလက်က သေးသေးလေး။ သားဘာသာ ယူရင် နဲနဲလေးပဲရမှာပေါ့။ ဟို ဦးဦး လက်ကအကြီးကြီး နဲ ပေးတော့ အများကြီးရတယ်။ တွေ့လား။


သင်ခန်းစာ ။ ။ ရယူနိုင်လျှင် ကောင်းပါတယ်။ သို့သော် သူ့ဘာသူ ပေးချင်စိတ်တွေ တဖွားဖွား ဖြစ်လာအောင် လုပ်နိုင်လျှင် ပို၍ ကောင်းပါတယ်။ သူ့ဘာသာသူ ပေးလာတဲ့ အချိန်မှာ ကြည်ကြည်ဖြူဖြူလဲ ဖြစ်တယ်... ထင်တာထက်လဲ ပိုရတတ်ပါတယ်။ လစာတို့ ဘာတို့လည်း ဒီလိုသဘောမျိုး ရှိတတ်ပါတယ်။

Saturday, November 10, 2007

Sunset Way, Clementi

မနေ့ကမှ ရထားပေါ်မှာ သူငယ်ချင်းတွေနဲ့ တွေ့လို့ စကားပြောကြရင်း... မြို့ဆန်ဆန်နေရတာ ကြာလာတော့လည်း တောရိပ်တောင်ရိပ်လေးတွေ နဲ့ နေချင်လာတယ်၊ မြင်ချင်လာကြတယ် ဆိုတဲ့အကြောင်းကို စကားစပ်မိ ကြတယ်။ အဲဒါ တကယ်ပါပဲ။

စလုံး ရောက်ကာစတုံးကတော့ သွားစရာနေရာတွေများ ပေါများလိုက်တာ၊ သွားချင်လိုက်တာ။ Sentosa သွားလိုက်။ Orchard သွားပြီး ဟိုငေး သည်ငေးနဲ့ လမ်းသလားလိုက်။ ရှော့ပင်းတွေထွက် လိုက်ပေါ့ဗျာ။ Vivo City ဖွင့်ပြန်ပြီတဲ့ဟေ့.. သွားလိုက်ကြ။ ကြည့်လိုက်ကြ။ Discount ချတဲ့နေရာတွေ လိုက်ရှာလိုက်ကြ၊ ၀ယ်လိုက်ကြ နဲ့ ရှယ်ပေါ့ဗျာ။

နောက်တော့လည်း အကြောင်းမရှိပဲ Shopping Center တွေ၊ လူတရုံးရုံး နေရာတွေ သွားရတာ feel မလာတော့ပါဘူး။ အိမ်မှာပဲ သက်တောင်သက်သာလေး အနားယူရတာကို ပိုနှစ်ချိုက် တတ်လာပါတယ်။ ရထားဖြတ်သွားသံ၊ မော်တော်ကားသံ တွေအစား... သစ်ရွက်တွေကြားထဲကို လေတိုးသွားတဲ့ အသံလေးတွေ၊ ငှက်သံလေးတွေကို လည်း ကြားရရင် ပိုကောင်းမှာ ပဲလို့ တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။

အင်း... စကားစပ်မိလို့ Clementi နားနေတဲ့သူများ နီးနီးနားနား ညွှန်းရမယ် ဆိုရင်တော့ Sunset Way ကို ညွှန်းရမယ်။ Clementi Ave 4 ဟိုးဘက်ထိပ် လမ်းဆုံးဘက် ရောက်ရင် ဂငယ်ဂွေ့ တစ်ခုရှိတယ်။ အဲဒီကနေ အောက်ကို ထပ်ဆင်းသွားရင် အောက်ထဲက ချောင်းရိုးတလျှောက် အတိုင်း လမ်းလေး တစ်ခုရှိတယ်။





ဒီလမ်းကလေးက သာယာတယ်။ ကျေးငှက်သံ လေးတွေလဲ ကြားရတယ်။ ပုစဉ်းရင်ကွဲ တွေ စီစီ စီစီ နဲ့ အော်မြည်သံလည်း ကြားရတယ်။ ရေစီး ငြိမ်လုလု ဖြစ်နေတဲ့ ချောင်းလေးတစ်ခုရှိတယ်။ ရေကို ဖြတ်တိုက်လာတဲ့ သဘာဝဆန်တဲ့ လေတမျိုးလဲ လဲရတယ်။

အဲဒီဘက်မှာ ညနေခင်းလေးတွေ လမ်းလျှောက်လို့ကောင်းတယ်။ Jogging လုပ်လို့လည်း ကောင်းတယ်။ ဟိုဘက်ထိပ် သည်ဘက်ထိပ် Jogging လုပ်ရင် တစ်နာရီ နဲ့ ၁၅ မိနစ် ကျော်ကျော် လောက်ကြာတတ်တယ်။

လမ်းလျှောက်ယုံပဲ ဆိုရင်တော့ ညချမ်း အချိန်လည်း ကောင်းတာပါပဲ၊ လမ်းတလျှောက် မီးတိုင်လေးတွေ ထွန်းပေးထားတယ်။ အင်းလျားကန်ဘောင် ဘက်တောင် အမှတ်ရတယ်။ နီးနီးနားနား ရသေ့စိတ်ဖြေပေါ့...


Thursday, November 08, 2007

Table Mountain, Cape Town


ဒီနေ့ နဲနဲအားလို့ Windows Movie Maker နဲ့ အတိုအစလေးတွေ ပြန်ဆက် ထားတာ

Money cannot be eaten


This photo is taken by Ye Lin's phone when we were in Macritchie Reservoir.

နောက်ဆုံး သစ်ပင်ကို လှဲဖြိုပြီးတဲ့အခါ ကျတော့မှ...

နောက်ဆုံး မြစ် ကို အဆိပ်သင့်စေ ပြီးတဲ့အခါ ကျတော့မှ...

နောက်ဆုံး ငါး ကို ဖမ်းပြီးတဲ့အခါ ကျတော့မှ...


ပိုက်ဆံ ဆိုတဲ့အရာဟာ စားလို့မရပါလား ဆိုတာ

သင် တွေ့ရှိ လိမ့်မယ်...


(အင်ဒီယန်း အဘိုးအို တစ်ဦး)



Wednesday, November 07, 2007

MyanmarITPros.com is launched



မနေ့က U.S က ကိုချစ်ထွန်းဖေ ဆီက အီးမေးလ် တစ်စောင်ရပါတယ်။ မြန်မာ အိုင်တီသမား တွေ အတွက် အထူး website တစ်ခု ning.com မှာ သူစပြီး ထူထောင်ထား ပါတယ်တဲ့။ ဒီလိုနဲ့ စစချင်း ဒီကွန်ယက်ထဲမှာ ကိုချစ် နဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း ရှိပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နှစ်ဦးလည်း Site ကို look and feel လေး နဲနဲ ပြင်ပြီးတော့၊ ကိုယ့်မှာ ရှိနေတဲ့ Resources လေးတွေ Knowledge လေးတွေ စတင်မျှဝေကြပါတယ်။ Blog လေးတွေ Discussion လေးတွေ ကျွန်တော်တို့ စရေးလိုက် ကြပါတယ်။ နီးစပ်ရာကိုလည်း Invite လုပ်ပါတယ်။ ဒီလိုနဲ့ အံ့သြစရာ ကောင်းတာက စတင်ပြီး ၂၄နာရီအတွင်း Member ၄၅ ဦး ဖြစ်လာပါတယ်။ အခုရေးနေရင်းနဲ့တောင် တစ်ဦးနှစ်ဦး ထပ်ဝင်လာနေကြပါတယ်။ Member တွေကလည်း စပြီး မကြာမီ အချိန်တွင်းမှာပဲ Blog တွေ post လုပ်ကြ၊ Forum တွေဝင်ရေး ကြပါတယ်။ အားလည်း တက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

ဒီလိုနဲ့ပဲ ညတွင်းချင်းပဲ MyanmarITPros.com ဆိုတဲ့ domain ၀ယ်ပြီး setup လုပ်လိုက်ကြပါတယ်။ နဂိုက mmitpros.ning.com ပါ။

အခု MyanmarITPros.com မှာ လောလောဆယ် Discussion Forum အနေနဲ့

75% tuition waiver scholarship (USA)
International Undergraduate Student Scholarship (University of Dayton, USA)
Can Myanmar sell their IT outsourcing services through ODesk.Com?
Good self-study resources from UC Berkeley
Download Cisco References (Cisco Press Books)
Download MCTS/MCPD Exam Resources here!
Download Cambridge Practice Tests for IELTS
64 Interview Answers
Job Oppotunities for Myanmar People

စသည်ဖြင့် ၀င်ရောက်ဆွေးနွေးလျှက် ရှိနေကြပြီး.. Blog တွေအနေနဲ့တော့

Breaking news - @live.com email
Some of Job seeking Tips (Singapore)
Sharing some of IT e-book
Singapore to Australia
Technical Interview Questions and Answers
Myanmar Onscreen Keyboard Online

စသည်တို့ ၀င်ရောက် ရေးသား ခဲ့ကြ ပါတယ်။

Special Interest Group အနေနဲ့ကတော့ SIG - Web 2.0 ဆိုတာ ရှိပါတယ်။ စိတ်ဝင်စားရင် ၀င် join နိုင်ပါတယ်။

Launched လုပ်ပြီးပြီးချင်း ရှေးဦးစွာ စေတနာထက်သန်စွာ Post လုပ်ပေးခဲ့ကြတဲ့ မျှဝေပေးခဲ့ကြတဲ့ ကိုအောင်နိုင်ဦးနဲ့ ကိုညီညီထွန်း တို့ကိုလည်း MyanmarITPros.com မှ ကျေးဇူးအထူး တင်ရှိပါကြောင်း။


Thursday, November 01, 2007

Google/OpenSocial vs. Microsoft/Facebook

Google နဲ့ Microsoft တို့ စီချင်း ထပ်ထိုး ကြပြန်ပါပြီ။

Facebook နဲ့ပွဲမှာ Microsoft က တကွက်သာ သွားခဲ့ပါတယ်...(ဒီသတင်းဖတ်ကြည့်)။ ဆုလဒ် အနေနဲ့ နောင်အနာဂတ် Facebook မှာ Microsoft က ကြော်ညာများ ကိုသာ ဖော်ပြတော့မှာဖြစ်ပါတယ်။

ဒီသတင်းဟာ "လူတွေလက်ထဲ Free Product တွေ အရင်ထည့်ပေး၊ ကြော်ငြာဘက်မှ ငွေပြန်ရှာ" ဟူသည့်မူ ဖြင့် စီးပွားဖြစ်လာသူ Google အတွက်တော့ "ရည်းစားလူလု အူနုကျွဲခတ်" ဖြစ်သွားရပါတယ်။ ဘာပဲပြောပြော Facebook နဲ့ပွဲမှာ Google ရှုံးခဲ့ပါပြီ။

ဒီတော့ Google ဘာဆက်လုပ်မလဲ။ ငုံ့မခံပါဘူး။ လက်တုံ့ပြန်တဲ့ အနေနဲ့ ဒီနေ့ပဲ OpenSocial ကို Launch လုပ်တော့မှာ ဖြစ်ပါတယ်တဲ့။ Facebook မှာက Application တွေ ရေးသားဖြန့်ဝေချင်ရင် FBML ကိုနားလည်မှ ရေးလို့ရမယ်။ ပြီးတော့ FaceBook မှာပဲ ဖြန့်ချိလို့ရမယ်။ သို့သော် Google ရဲ့ OpenSocial တော့ Universal API တစ်ခုဖြစ်ပါတယ်တဲ့။ အလွန် Flexible ဖြစ်ပါတယ်တဲ့။ Javascript တွေ HTML တွေ နဲ့ ရောနှောပြီး Application ကို ပိုပြီး လွပ်လွပ်လပ်လပ် ရေးလို့ ရတဲ့အပြင်၊ Flash object တွေပါ Embed လုပ်လို့ရပါ သေးသတဲ့။ Host တွေက ဒီ OpenSocial API ကို သူတို့ရဲ Site တွေမှာ ထည့်သွင်းပေးတော့မယ်။ Developer တွေက Application တွေ ၀ိုင်းရေးပေး ကြမယ်ပေါ့။ အခုလောလောဆယ် Host တွေကတော့ Orkut, Salesforce, LinkedIn, Ning, Hi5, Plaxo, Friendster, Viadeo, Oracle တို့ ဖြစ်တယ်။ ဒီတော့ကာ OpenSocial နဲ့ Online Application များရေးပြီးရင် သူတို့တွေ ဆီမှာ တစ်ခါတည်းနဲ့ ဖြန့်ချိလို့ရမယ်ဆိုတဲ့ သဘောပေါ့။ အဲ... Developer များကတော့ Flixster, iLike, RockYou, Slide တို့ဖြစ်ကြပါတယ်တဲ့။




The Google OpenSocial site is now live (here).