Sunday, July 09, 2006

မေတ္တာအတွေးများ

လူနှစ်ယောက်ရှိပါတယ်။ တစ်ယောက်က နံနက် မှာ ထမင်းအိုးတစ်ရာချက်ပြီး လှူတယ်။ နေ့လည်မှာ အိုးတစ်ရာချက်ပြီး လှူတယ်။ ညနေမှာ အိုးတစ်ရာချက် ပြီးလှူတယ်။ နောက်တစ်ယောက်ကတော့ နံနက် နို့တစ်ညှစ်စာ၊ နေ့လည် နို့တစ်ညှစ်စာ၊ ညနေ နို့တစ်ညှစ်စာ မေတ္တာပွားများ ပါတယ်တဲ့။ အဲဒီနှစ်ယောက်မှာ တစ်နေ့ အိုးတစ်ရာ သုံးကြိမ်ချက်လှူတဲ့သူထက် တစ်နေ့နို့တစ်ညှစ်စာ သုံးကြိမ်မေတ္တာ ပွားသူက ပိုပြီး အကျိုးကြီးကြောင်း နိဒါန သံယုတ်သြက္ခာသုတ်(၄၅၅)မှာ မြတ်စွာဘုရား ဟောပြထားပါတယ်။ နို့တစ်ညှစ်စာဆိုတာ ဘာမှမကြာပါဘူး။ ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက သုံးလေးစက္ကန့်လောက်ပဲ ရှိတယ်လို့ ခန့်မှန်းပေးထားပါတယ်။ တော်တော်လေးအားရဖို့ကောင်းတဲ့ စကားပါ။ ဒါနကမှ ပစ်စည်း တွေ ငွေတွေ အလှူခံ ပုဂိုလ်တွေ ရှာနေရအုံးမှာပါ။ မေတ္တာကတော့ ဘာပစ်စည်း မှ ဘာငွေမှ မလိုပါဘူး။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ပွားများလိုက်ရုံပဲ။ အောက်ထစ်ဆုံး အိမ်သာတက်နေရင်းတောင်ပွားများလို့ရပါတယ်...

အထက်က မြတ်စွာဘုရားဟောထားတဲ့ စကားလေးကို မဟာစည်ဆရာတော်ဘုရားကြီးက မှတ်မိလွယ်အောင် လင်္ကာလေး စီထားပါတယ်။

တစ်နေ့သုံးခါ အိုးတစ်ရာဖြင့်
ချက်ကာထမင်း ကျွေးလှူခြင်းထက်
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ
ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ
ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း...

ရဝေနွယ် (အင်းမ) ၏ မေတ္တာအတွေးများ

No comments: