Wednesday, July 19, 2006

အခက်အခဲဆိုတာ

တစ်ခါတုန်းက တရုတ်ပြည်မှာ ဂျုံစိုက်တဲ့ လယ်သမားတစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်။ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင် ကို အပြစ်တင်တယ်။ ခင်ဗျားတို့တန်ခိုးရှင်ဟာ တန်ခိုးတော့ရှိချင်ရှိမယ်။ ဂျုံတော့မစိုက်တတ်ဘူးထင်တယ်။
တကယ်လို့များ ခင်ဗျားရဲ့တန်ခိုးနဲ့ ကျုပ်ကို ဂျုံစိုက်တဲ့ အလုပ်ကို ကူညီမယ်ဆိုရင် အများကြီးအကျိုးရှိမယ် လို့ပြောလိုက်တယ်။ အဲဒီအခါမှာ တန်ခိုးရှင်က ကူညီပါမယ်၊ ဘာတွေကူညီရမလဲ လို့ပြောလိုက်တယ်။ အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို သူ့ဘေးဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံး
ခေါ်ထားလိုက်တယ်၊ မိုးလေးနည်းနည်းရွာတာနဲ့ ကဲ တန်ခိုးရှင် မိုးရွာရင် ဂျုံခင်းတွေ ပျက်ကုန်မယ်၊ မရွာအောင်လုပ်လိုက် လို့ပြောလိုက်တယ်။ တန်ခိုးရှင်ကလည်း လုပ်ပေးတယ်။ လေတွေတိုက်လာရင်လည်း ဂျုံပင်တွေ တအားလှုပ်ရမ်းကုန်မယ်၊ လေမတိုက်အောင်လုပ်ပေးပါ လို့ပြောလိုက်ပြန်တယ်။
တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေမတိုက်အောင် တားပစ်လိုက်တယ်။ မိုးကြိုးတွေပစ်ရင်လည်း အဲဒီအသံတွေဟာ အသီးတွေကို ဆုတ်ယုတ်စေတယ်၊ ဆိုပြီးတားခိုင်းတယ်။ နေသိပ်ပူရင်လည်း  ဂျုံပင်တွေညှိုးကုန်မယ် ဆိုပြီး  မိုးအုံ့ခိုင်းတယ်။ ရေလိုတဲ့အခါမှာတော့ ရေရအောင် လုပ်ခိုင်းတယ်။ ဂျုံခင်းထဲကို စာကလေးတွေလာရင်လည်း မလာအောင်လုပ်ခိုင်းတယ်။ တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်။ အဲဒီတော့ ဂျုံပင်တွေဟာ အတော်ကိုဖြစ်ထွန်းတယ်။ အပင်ကြီးတွေကလည်း အမြင့်ကြီးတက်တယ်။ အဲဒီအခါမှာလယ်သမားက တန်ခိုးရှင်ကို ကဲမြင်ပြီမို့လား၊ ကျုပ်ရဲ့ဂျုံခင်းကြီးကို  ခင်ဗျားရဲ့ တန်ခိုးနဲ့ ရာသီဥတုအနှောက်အယှက်တွေ ကင်းအောင်လုပ်လိုက်တဲ့အခါမှာ အပင်ကြီးတွေကို ကြည့်စမ်း၊ ဘယ်လောက်ဖွံ့ဖြိုးသလဲ လို့အားရ၀မ်းသာပြောရှာတယ်။ ဒါပေမဲ့ရိတ်သိမ်းတဲ့ အခါမှာကျတော့ ဂျုံသီးတွေထဲမှာ အဆံမပါ ဟောင်းလောင်းကြီးဖြစ်နေတယ်။  ဂျုံဆိုလို့ လုံးဝကိုမရတော့ဘူး။ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို ဘယ်လိုဖြစ်တာလဲလို့ အထိတ်တလန့်နဲ့ မေးလိုက်တယ်။ အဲဒီအခါမှာ တန်ခိုးရှင်က ဒီလိုငါ့လူရဲ့ မိုးတွေတစ်အားရွာတာတို့ လေတွေတိုက်တာတို့ နေတွေပူတာတို့ မိုးကြိုးပစ်တာတို့  မိုးခြိမ်းတာတို့ စာကလေးတွေ လာစားတာတို့ဟာ ဗြုန်းကနဲ ကြည့်ရင် ဂျုံခင်းကို အနှောက်အယှက်ပေးတယ်လို့ထင်ရမှာပဲ။ ဒါပေမယ့် တကယ်က နှောက်ယှက် တာမဟုတ်ဘူး။ ချဲလင့် Challenge လုပ်တာ၊ စိန်ခေါ်တာ၊ အဲဒီစိန်ခေါ်မှု ခြိမ်းခြောက်မှုတွေဟာ မြေကြီးထဲက သြဇာဓာတ်တွေကို ဂျုံစေ့ထဲရောက်အောင် လုပ်ပေးနေတာ။ ဂျုံပင်တွေဟာ အဲဒီစိန်ခေါ်မှု ခြိမ်းခြောက်မှု တွေကိုရုန်းကန်ရင်းနဲ့ အနှံတွေပြည့်ဝ ရလာစေတာ။ အဲဒီ အံတုမှုတွေ မရှိပဲ ငြိမ်ငြိမ်လေးနေလိုက်တဲ့ အခါမှာ သူဟာလေဖြတ်တဲ့ လူတစ်ယောက်လို ဖြစ်သွားတာ၊ အားကုန်သွားတာ၊ ခွန်အားတွေယုတ်လျော့သွားတာ၊ ဒါကြောင့်ဂျုံစေ့တွေမှာ အဆံတွေမပါတော့တာ။ လောကကြီမှာ အဖြူရယ် အမဲရယ် ရှိတယ်ဆိုပါစို့။ အဖြူဟာကောင်းတယ် အမည်းဟာမကောင်းဘူးလို့ ဆိုပါစို့ရဲ့။ မြေဖြူခဲနဲ့စာရေးမယ့် ကိစ္စမျိုးမှာ သင်ပုန်းအမည်းမှ ဖြစ်မယ်နော်။ နံရံအဖြူမှာ မြေဖြူခဲနဲ့ စာရေးလို့မရဘူး။ စာလည်းထင်မှာမဟုတ်ဘူး။  မြေဖြူခဲ အဖြူတောင့်ကို သင်ပုန်းအမည်းက ချဲလင့်လုပ်နေတာ၊ ဒါကြောင့် စာတွေထင်နေတာ။ သူလိုပဲလိုက်ပြီးဖြူလိုက်တဲ့ နံရံအဖြူဟာ ချဲလင့် မရှိဘူးလေ။  ဒါကြောင့် ဘာမှမထင်ဘူး၊ လို့ပြောပြီး တန်ခိုးရှင်က လယ်သမားကို နှုတ်ဆက်ပြီး ထွက်သွားတယ် မောင်အောင်ထွန်းရေ၊ အခုလည်း ကိုယ်လူရဲ့ ခြံကြီးမှာ မပြည့်စုံဘူးဆိုတာက ကိုယ့်လူကို ချဲလင့်လုပ်နေတာ၊ ဆန့်ကျင်ဘက်သဘောနဲ့ အကျိုးပြုနေတာ။ ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်တယ် ကိုယ့်လူ။ ဆန့်ကျင်ဘက်တွေ့တိုင်း ငါ့ကိုကူညီဖို့ရောက်လာပြီ ဆိုပြီး အရိုအသေပေးတတ်အောင် လေ့ကျင့်ထားစမ်းပါ။ အဲဒီလိုမလုပ်တတ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင် ကိုယ့်လူရူးသွားလိမ့်မယ်.....

မနောမယကိုပီတာ (မင်းသိင်္ခ)

No comments: