ဆရာ ကိုဥာဏ်စိန်အလုပ်စပါပြီ။ သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် ၀လုံး တစ်ခုကို ၀ိုင်းစက်နေအောင် ရေးလိုက်ပါသည်။ ထို ၀လုံးပေါ်တွင် အညှာလေးတစ်ချက်တင်လိုက်သည်။ "ကဲ..ဟောဒီမှာ ဆီးသီးတစ်လုံး ဘယ်သူ အလျင်စားမလဲ" ကျွန်တော်စားမယ်၊ ကျွန်မစားမယ် ဟူသော အသံများညံသွားပါသည်။ "ဟုတ်ပြီ မင်းကအငယ်ဆုံးမို့ မင်းကို အလျင်ကျွေးမယ်...ရော့ စားစမ်း" ဟုပြောပြီး သင်ပုန်းပေါ်က ဆီးသီးရုပ်ကို လက်နှင့်ယူချင်ယောင်ဆောင်ကာ ခပ်ငယ်ငယ်ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထိုကလေးက ဆီးသီးကို ဖမ်းယူလေဟန်ုဆောင်ပြီး "မြွမ် မြွမ်" နှင့် စားချင်ယောင်ဆောင်လိုက်ပါသည်။ တစ်တန်းလုံးတ၀ါးဝါးနှင့် ရယ်ကြပါသည်။ "ကျွန်တော်လည်းစားဦးမယ်" "ကျွန်မကိုလည်းပေးပါဦး" စသောအလုအယက် တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက်၊ တမြွမ်မြွမ်နှင့် စားလိုက်ကြနှင့် တကယ့်ပျော်စရာကြီးပါပဲ။ "ချိုရဲ့လားဟေ့"..."ချိုတယ်ဆရာ" "ကဲ...ဟိုအကောင်လည်း အငိုတွေကုန်သွားပြီ မင်းလည်းတစ်လုံးစားလိုက်အုံး" ကိုဥာဏ်စိန်က ဆီးသီးတစ်လုံးကိုကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးလိုက်ယောင်ပြုလိုက်ပါသည်။ ချာတိတ်က ကြောင်တောင်တောင် ဖြစ်နေသေးသဖြင့် ဘာမှမလုပ်ပါ။ "သူကမစားချင်ဘူးတဲ့၊ မင်းကယူစားလိုက်စမ်းကွာ" ဟု ဘေးက ကလေးတစ်ယောက်ကို ပြောလိုက်တော့ ထိုကလေးလည်း အလွယ်တကူပင် ကောက်စားချင်ယောင်ဆောင်လိုက်ပါသည်။ သင်ပုန်းပေါ်တွင် ဆီးသီးတွေ ပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံး ကို ရေးလိုက်ပါသည်။ ၀ိုင်းဝိုင်းစက်စက် မဟုတ်ပါ၊ ဘဲဥပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။ "ဒီဆီးသီးက မ၀ိုင်းဘူးကွ၊ အချဉ်မျိုးကွ ရော့ စားကြည့်စမ်း မချဉ်ဘူးလား" ကလေးတစ်ယောက်ကို လှမ်းပေးလိုက်တော့ စားချင်ယောင်ဆောင်၊ ရှုံ့မဲ့ပြီးမှ... "ချဉ်တယ်ဆရာ" ဆိုတော့ အားလုံးကသဘောကျပြီး ရယ်ကြပါသည်။ ထိုသို့ ဆီးသီး ပိန်ပိန် ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေရေးပြီးပစ်ပေးလျှင် ကလေးတွေက ချဉ်တယ်ဆရာ ဟုပြောကြပါသည်။ ၀ိုင်းဝိုင်းစက်စက် ဆီးသီးကို ရေးပေးလျှင် ချိုတယ်ဟုပြောကြပါသည်။....နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ သင်ခန်းစာ နောက်တစ်ဆင့် တက်သွားသည်ကို တွေ့ရပြန်ပါသည်။ "ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ၊ ငါဝယ်မယ်၊ ဆီးသီးတစ်လုံးကို တစ်မတ်ပေးမယ်၊ ဒါပေမယ့် ဆီးသီးအချဉ်တွေကို မ၀ယ်ဘူး"။ ၀လုံးကို ၀ိုင်းဝိုင်းရေးတတ်အောင် လေ့ကျင့်နေပြီ ဖြစ်ကြောင်း ကျွန်တော်သဘောပေါက်လိုက်ပါပြီ။ "နောက်ပြီး ဟောဒီလို ဟောဒီလိုရေးတဲ့ ဆီးသီးတွေကို မ၀ယ်ဘူး။ အဲဒီ ဆီးသီးမျိုးတွေက အပုပ်တွေ" သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ်ရေးပြ လိုက်ပါသည်။ ထိုမျှမကသေး "ဒီလိုရေးရမယ်" ဟုကလေးများကို ကျောခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ်ဝှေ့ပြပါသည်။ "ဘယ်လို ဘယ်လို ရေးမလဲ" "ဒီလိုဒီလိုရေးမယ်"... ဆီးသီးငါးလုံးစီရေးပြီးတော့ တစ်ယောက်စီလာပြီးပြကြပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကိုကြည့်ပြီး ဟိုအလုံးကပိန်တယ်၊ ဒီအလုံးက မ၀ိုင်းဘူး။ နောက်ကို အဲဒီလောက်ချဉ်ရင် မ၀ယ်ဘူး၊ ဒီတစ်ခါတော့ ၀ယ်လိုက်မယ်စသည်ဖြင့် ပြောပြီး မြေဖြူဖြင့် အမှန်ခြစ်ပေးလိုက်ပါသည်။ ကလေးတွေက ၀မ်းသာအားရ ပြန်သွားကြပါသည်။ အငိုသန်သော ချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဥာဏ်စိန်က သူ့သင်ပုန်းကို ယူကြည့်ပြီး... "အံမယ်...ဒီကောင်က လူကငိုပေမယ့် ဆီးသီးကတော့ အချိုသားပဲ၊ ဘယ်ဆိုးလို့လဲကွ" ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။... ကလေးအားလုံးမှာလည်း သူ့ထက်ငါ အလုအယက် ဆီးသီးလာရောင်းနေကြပါသည်။ ဟိုချာတိတ်က မကြာခဏ လာပြီးပြပြနေပြီဖြစ်သောကြောင့်..."အံမာ ဒီကောင့် ဆီးပင်က တယ်သီးလိုက်ပါလားဟ ချိုလည်းချိုတယ်ဟေ့"... ချာတိတ် ကျောင်းပျော် သွားပါလေပြီ။
ကန့်ကူလက်လည့် (အောင်သင်း)
No comments:
Post a Comment