Sunday, August 06, 2006

မမြင်မိရင် သိပ်ကောင်းမှာပဲ

အေဗရာဟင်လင်ကွန်းဟာ အခြားသူတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်တဲ့အခါမှာဖြစ်ဖြစ် ဒါမှမဟုတ် ပြသနာတွေ၊ ကွဲလွဲမှုတွေကို ဖြေရှင်းတဲ့အခါမှာ ဖြစဖြစ် သူစိတ်ကြိုက် ပုံဝတ္တုတပုဒ်ကို ပြောပြီး ဆွဲဆောင် ဖြေရှင်းတတ်သူ ဖြစ်ပါတယ်။ လင်ကွန်းက သူမိတ်ဆွေတဦးကို "ကျုပ် ပုံဝတ္တုတွေသိပ်ပြီးပြောတယ်လို့ လူတွေက ပြောကြတယ်၊ အဲဒါ မှန်ပါတယ်၊ သာမန်လူတွေကို အခြားနည်းလမ်းထက် ပုံပြောတဲ့ နည်းလမ်းနဲ့ ပိပြီး လွယ်လွယ်ကူကူ ဆွဲဆောင်နိုင်တယ်ဆိုတာ ကျုပ်အတွေ့အကြံအရ သိရှိခဲ့ရပါတယ်။"
စစ်အတွင်းက ပြည်ထောင်စု မျိုးချစ်များဟု ထင်ရသူများသည် လက်တွေ့တွင် မဟာမိတ်ပြည်ထောင်စုဘက်သို့ လျို့ဝှက် သတင်းပေးနေသော စပိုင်များ ဖြစ်ကြောင်း သိသွားသည်။ ထိုစဉ်တွင် လင်ကွန်းမှာ လုံခြုံရေး ကိစ္စအတွက်လည်း ပူရ၏။ ထို့ပြင် ပြည်ထောင်စု ဘက်တော်သားများဟူ၍ ယုံကြည်ထားသူများက သစ္စာဖောက်များ ဖြစ်နေခြင်းအတွက်လည်း ပူရ၏။ ဤကိစ္စကို ကာကွယ်ရေးဝန်ကြီး စတင်တန်က သက်သေအထောက်အထားနှင့်တကွတင်ပြသည်။ ထိုနောက် သမ္မတကြီးဘက်သို့ လှည်ပြီး လမ်းညွန်ချက် တောင်းခံလိုက်သည်။ ဤတွင် စိတ်အနှောင့်အယှက်ဖြစ်ကာ တချိန်လုံး ငြိမ်ဆိတ်နေခဲ့သော သမ္မတကြီးက သူ၏ ခံစားချက်ကို ပုံပြင်တခုဖြင့် ပြောပြသည်။ ပုံပြင်မှာ သူ၏ အိမ်ခေါင်မိုးပေါ်သို့ စီးမိုးနေသော အရိပ်ရသစ်ပင်ကြီး တပင် အတွက် ပြသနာနှင့် ရင်ဆိုင်နေရသည့် လယ်သမားကြီးအကြောင်း ဖြစ်သည်။
"သစ်ပင်ကြီးက အလွန်ကျက်သရေရှိတယ်၊ ဖြောင်တန်းမြင့်မားတဲ့ ဧရာမ သစ်ပင်ကြီး၊ တောထဲက လယ်သမားအိမ်အတွက်တော့ တကယ့်ကို ပနာရပြီး ခံ့ညားလှတဲ့ အိမ်စောင့်သစ်ပင်ကြီးပေါ့။ အခက်အရွက်တွေ ဝေဝေဆာဆာနဲ့ အလွန်လှတဲ့ ဒီသစ်ပင်ကြီးအတွက် လယ်သမားကြီးကလည်း အလွန်ဂုဏ်ယူတယ်။ တနေ့တော့ ဥယျာဉ်ထဲမှာ လယ်သမားကြီး အလုပ်လုပ်နေတုန်း ရှဉ့်ကလေးတကောင် သစ်ပင်ပေါ် ပြေးတက်သွားတာ မြင်လိုက်ရတယ်။ ဒီအခါ လယ်သမားကြီးက ဒီသစ်ပင်မှာ အခေါင်းရှိမှာပဲလို့ တွေးမိတယ်။ ဒါနဲ့ သူက သစ်ပင်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်တယ်။ လား ... လား ... သစ်ပင်ကြီးဟာ ခြေရင်းကနေပြီး ထိပ်ဖျားအထိ အူကြောင်းပေါက် ဟောင်းလောင်းကြီးဖြစ်နေတာ တွေ့ရတော့ လယ်သမားကြီးဟာ အလွန်အံသြသွားမိတယ်။ အပေါ်ယံ အခွံမာရှိနေသေးလို့သာ သူ့အလေးကို သူ ထိန်းထားနိုင်သေးတာ။ ဒီတော့ လယ်သမားကြီး ဘယ်လိုလုပ်ရမှာလဲ။ ခုတ်လှဲလိုက်ရင်လည်း အပင်က ကြီးလွန်းလို့ အပျက်အစီး အများကြီး ရှိနိုင်တယ်။ မလှဲဘဲ ထားလိုက်ပြန်ရင်လည်း မိသားစုအန္တရာယ်အတွက် အမြဲတမ်း စိတ်ပူနေရလိမ့်မယ်။ လေပြင်း မုန်တိုင်းတိုက်ရင် ဒီသစ်ပင်ကြီး ဘုံးဘုံးလဲပြီး အိမ်ရော၊ လူတွေရော အားလုံး မြေကြီးပေါ်မှာ ပြားပြားကပ်သွားမှာ ကျိန်သေပဲ။ အဲဒီတော့ လယ်သမားကြီးအနေနဲ့ ဘယ်လိုလုပ်ရမှာလဲ။ သူလုပ်တာကတော့ စိတ်ပျက်လက်ပျက်နဲ့ နောက်ကို ပြန်လှည့်ပြီး 'အဲဒီ ရှဥ့်ကလေးကို ငါမမြင်မိရင် သိပ်ကောင်းမှာပဲ' လို့ ပြောလိုက်ပါတယ်။ "

No comments: