"ဂြီ နမောဗုဒ္ဓါယ
ဘုရားသခင် သာသနာအနှစ် တစ်ထောင်ခြောက်ရာ နှစ်ဆယ်ရှစ်နှစ် လွန်လေပြီးရကား...
ဤအရိမဒ္ဒာနပူရပြည်ဍ် လုလင်တစ်ယောက်သောကား ငပြည့်မည်၏။ ထိုလုလင်သည် အိုပန်းနုကို မေတ္တာသက်တုံ၏။ အိုပန်းနုလည်း ထိုမေတ္တာကို မသိရလေကား ဤမော်ကွန်းကို ငါပြု၏။ အိုပန်းနုလျှင် ဤမော်ကွန်းကို မြင်ပြီး၍၏ ငါ့မေတ္တာအားတုံ့စေသတည်း။"
ငပြည့်သည် ကျောက်စာ၏ နောက်ဆုံးစာလုံးကို ထွင်းထုပြီးသွားလေပြီ။ သူသည် ဤကျောက်စာကို ရက်သတ္တတစ်ပတ်ကြာအောင်ပြုလုပ်ခဲ့ရ၏။ သူသည် ကျောက်စာထွင်းသည့် အလုပ်ကို ကျွမ်းကျင်သူတစ်ယောက်မဟုတ်။ ဒီအလုပ်မျိုးသီးသန့်လုပ်သည့် ပျူလူမျိုး တို့၏ ရွာမှာ အခပေးပြီး ထွင်းထုခိုင်းလျှင်တော့ ရသည်။ သို့ရာတွင် ယခု ကိစ္စမျိုးက တခြားလူတွေသိလိုကောင်းသောအရာ မဟုတ်။ ထို့ပြင် အိုပန်းနုကို ပေးဖို့ ကျောက်စာသည် မိမိကိုယ်တိုင်၏ လက်ရာဖြစ်စေချင်၏။ ထို့ကြောင့် မိမိဘာသာ ထွင်းထုခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ကျောက်စာထွင်းရသော အလုပ်သည်မလွယ်ကူ။ အလွန်လက်ဝင်သည်။ အချိန်အဆလည်း အင်မတန်အရေးကြီးသည်။ မလိုအပ်ပဲ ကျောက်သားတွေပဲ့ထွက် မကုန်အောင်လည်း ဂရုစိုက်ရသည်။ အထူးသဖြင့် အက္ခရာတွေကို မန်းကျည်းစေ့ပုံ သဏ္ဍန်ဖြစ်အောင်ထွင်းထုရသည်မှာ အတော်စိတ်ရှည်ရသည်။ မည်သို့ပင်ဖြစ်စေ ကျောက်စာကတော့ ရေးထွင်းလို့ပြီးသွားပေပြီ။ အချိန်မီအောင် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရသဖြင့် လက်များပင် ပေါက်ပြဲပြီး သွေးစို့နေ၏။ ကိစ္စမရှိ။ သူ့အချစ်ကို ဖွင့်ဟပြနိုင်ဖို့သာ အရေးကြီးသည်။ အိုပန်းနုကိုချစ်သော သူ၏အချစ်ကား တုရင်တောင်ထက် ပို၍ကြီးမားသည်။ တန့်ကြည့်တောင်ထက် ပို၍မြင့်သည်။ အကြေအရပ်မှ လာသောကုန်သည်မျာပြောပြသည့် ပင်လယ်ဟုခေါ်သော ရေအိုင်ကြီးထက်ပင် ပို၍ကျယ်ပြန့်သည်။ ရွှေစည်းခုံဘုရားနားမှာ သစ္စာပြုဝံ့၏။ ခက်နေသော အကြောင်းကတော့ သူသည် ကွန်ပြောက်ငယ်တစ်ခုမှ အမှုထမ်းလုလင်ကလေးမျှသာဖြစ်ပြီး အိုပန်းနုကား သံပျင်ကြီး၏ သမီးဖြစ်နေခြင်းပင်တည်။ အဆင့်တန်းခြင်း အလွန်ကွာလှ၏။ ထိုမျှမက သံပျင်ကြီးကလည်း အိုပန်းနုကို ကလန်အရာရှိငယ် တစ်ဦးနှင့် လက်ဆက်ပေးရန် စိတ်ကူးရှိကြောင်း သတင်းသဲ့သဲ့ ကြားရ၏။ အိုပန်းနုသည် သူ့အပေါ်တော့ စိမ်းစိမ်းကားကား တော့မရှိ။ တွေမိဆုံမိသည့်အခါ ပြုံးပြုံးရယ်ရယ် နှုတ်ဆက်တတ်သည်။ ခင်မင်လိုသောဟန်လည်း ပြသည်။ တစ်ခုပဲရှိ၏။ မိမိက ချစ်နေကြောင်း အိုပန်းနုကမသိသေး။ နှုတ်ကဖွင့်ပြောဖို့လည်း မ၀ံ့ပဲ ဖြစ်နေရ၏။ တစ်နည်းနည်းနှင့်တော့ သိအောင်ကြံရမည်။ ထို့ကြောင့် ဤကျောက်စာကို ထွင်းထုခဲ့ခြင်းဖြစ်သည်။ ဒီနေ့လပြည့်နေ့ဖြစ်၏။ အပြန်တွင် ဤကျောက်စာကို ပေးလိုက်မည်ဟု ကြံစည်စိတ်ကူးထား၏။ ကျောက်စာကို ရေဖြင့်စင်ကြယ်စွာဆေးသည်။ ပြီးတော့ နံ့သာဖြူရည်ဖြင့် ပက်ဖြန်းသည်။ ငဆောင်ခြမ်းဘက် သို့သွားစဉ်က တရုတ်ကုန်သည်များ ထံမှ ၀ယ်ခဲသော ပိုးဖျင်စဖြင့် ရစ်ပါတ်သည်။ မိမိကိုယ်တိုင်လည်း ၀တ်ကောင်းစားလှ ၀တ်သည်။ ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားကို ရှိခိုးကန်တော့သည်။ ယနေ့ပြုဖွယ်ကိစ္စအောင်မြင်ပါစေကြောင်း ဆုတောင်းသည်။ "အတို့ကျွန် ရောက်ပါပြီသခင်" ဘုရားကျွန်နှစ်ယောက်ရောက်ရှိလာပြီး သူ့ကိုနှုတ်ဆက်သည်။ ကျောက်စာချပ်ကြီးသည် အလျားနှစ်တောင့်ထွာ အနံတစ်တောင်နှင့်လက်လေးသစ်ခန့် ရှိ၏။ အတော်လေးလံသည်။ မိမိကိုယ်တိုင်သယ်ယူရန် မလွယ်။ ထို့ကြောင့် နန်းဘုရားမှ ကျွန်နှစ်ယောက်ကို ကြက်တစ်ကောင်စီပေး၍ ငှားရမ်းခဲ့ရခြင်းဖြစ်၏။ ကျောက်စာချပ်ကြီးကို လျှော်ကြိုးဖြင့် ဆိုင်း၍ ဘုရားကျွန်နှစ်ယောက်က ရှေ့နောက်ထမ်းသည်။ သူက ဦးဆောင်ပြီးထွက်လာခဲသည်။ ခုဆိုလျှင် သူသည် နောက်ပါအခြွေအရံများဖြင့် တင့်တင့်တယ်တယ် ဖြစ်သွားပေပြီ။ ထနောင်းပင်တန်း အကြားရှိ မုဆိုးမတစ်ယောက်တည်ခဲ့သော စေတီလေးနားက စောင့်ရမည်။ ထိုနေရာက လူလည်း ရှင်းသည်။ အရိပ်လည်းရသည်။ အိုပန်းနု စီးလာသောလှည်းပေါ်တွင် သူအမိပါမလာပါစေနှင့် ဟူ၍သာ ဆုတောင်းရပေတော့မည်။
ပရိုင်းမိတ်တစ်ယောက်၏ ဆင့်ကဲဖြစ်စဉ် (မင်းလူ ၏ ခေါင်းလောင်းထိုးသော ၀တ္တုတိုများမှ)

1 comment:
မိုက်တယ်
Post a Comment