Wednesday, September 06, 2006

ကုန်းဘောင်ခောတ်က ရည်းစားစာ

အဖန်အိုးတစ်အိုးလည်း ကုန်တော့မည်။ ယွန်းခွက်ထဲက မန်းမရွေးလည်း ပြောင်တလင်းခါနေပြီ။ ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးလည်း တစ်ဝက်ကျိုးပြီ။ ကွမ်းကလည်း တစ်ယာပြီးတစ်ယာ စာရလွန်းသဖြင့် လျှာတွေ အာတွေတောင် ထုံးပေါက်နေပြီ။ ဆရာဆင့်ကား ရေးလို့မပြီးသေး ဗျစ်ရည်တစ်ကျိုက် သောက်လိုက်၊ ဆေးပေါ့လိပ်ဖွာလိုက်၊ ခေါင်းကုတ်စဉ်းစားလိုက်၊ ရေးလိုက်လုပ်နေသည်။ စောင့်ရတာကြာသဖြင့် ပျင်းရိ ငြီးငွေ့လာသည်။ ဆရာဆင့်ရေသည့် တေးထပ်က ကောင်းမှ ကောင်းပါ့မလား ဟူ၍ စိုးရိမ်စိတ်ဝင်နေမိသည်။ ခုချိန်မှာ ရဲစားဆီတေးထပ် ရေးပို့သည့်ဓလေ့က အလွန်ခေတ်စားသည်။ ထိုကိစ္စမှာ မင်တြားကြီးက စတင်လိုက်ခြင်းဖြစ်၏။ မင်းတြားကြီးသည် သူ၏ မိဖုရာကြီးသုံးပါးဖြစ်သော စကြာဒေ၀ီ၊ ဆင်ဖြူမရှင်နှင့် ရှင်သဲတို့ကို ရည်၍ တေးထပ်ကဗျာ သုံးပုဒ်ကို ကိုယ်တော်တိုင် စပ်ဆိုခဲ့သည် ဆို၏။ ထို့နောက် ကနောင်ကိုယ်တော်ကြီးကလည်း အားကျမခံပဲ လှိုင်ထိပ်ခေါင်တင် မိဖုရားထံ တေးထပ်ရေးပို့ပြန်သည်။ သူကတော့ စစ်မက်ရေးရာသာ ကျွမ်းကျင်သူဖြစ်သဖြင့် ကိုယ်တိုင်မရေးတတ်။ လက်သုံးတော်စာဆို များကို ရေးခိုင်းရသည်။ ဘုရင်က တစ်ခုခုလုပ်လျှင် လိုက်လုပ်တတ်ကြသည့် ထုံးစံအတိုင်း မင်းသားငယ်များကလည်း သူတို့မိဖုရားများထံ တေးထပ်ပို့ကြသည်။ မိဖုရားတွေကလည်း အပြန်အလှန် ပို့ကြသည်။ ထိုမှတဆင့် ရွှေမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားပြီး တေးထပ်မှ မစေလျှင် မိန်းမရနိုင်ဖို့ မလွယ်သလောက် ဖြစ်သွား၏။
ကဗျာစာဆိုများကလည်း လာဘ်လာဘ အလွန်ရွှင်သောကာလဖြစ်၏။ ကိုယ်တိုင် မရေးတတ်သူတွေက စာဆိုများကို ချဉ်းကပ်ကြရသောကြောင့်တည်။ ယခင်က ထန်းရည်တောင် အနိုင်နိုင် အကြွေးသောက်ခဲ ကြရရှာသော ကဗျာစာဆိုတို့မှာ ခုတော့ ဘရန်ဒီလေး တမြမြ ဖြစ်နေကြလေပြီ။
သူသည် စလေဆရာ ဦးပုညဆီသို့ သွားဖို့ ကြိုးစာခဲ့သေးသည်။ သို့ရာတွင် စလေဆရာသည် မြင်ကွန်းမြင်းခုန်တိုင် မင်းသားညီနောင်တို့က မြှောက်စားထားသဖြင့် စန်းပွင့်နေသောအချိန်။ ရွှေနန်းတော် အသိုင်းအ၀ိုင်းမှ မင်းသားမင်းသမီး တို့ စေခိုင်းသော တေးထပ်များကို လက်မလည်အောင် ရေးပေးနေရသောအချိန်၊ ရေသည်ပြဇာတ်၊ ဆဒ္ဒန်ဆင်မင်းပြဇာတ်များတို့ကြောင့် တစ်ရှိန်ထိုး နာမည်ကျော်ကြားနေသော အချိန်၊ ထိုမျှမက ဗေဒင်ယတြာလည်း တတ်ကျွမ်းသဖြင့် သူ့အိမ်မှာ လူစည်ကားနေတတ်၏။ မိမိလို မြို့ဝန်မင်း ၏ အိမ်တော်သားမျှသာ ဖြစ်သူအနေဖြင့် တွေ့ခွင့်ရဖို့တော်မလွယ်။ ထို့နောက် အချုပ်တန်းဆရာဖေ နေထိုင်ရာ မြင်းကုန်းတန်းရှိ အိမ်သို့သွားသည်။ ဆရာဖေကိုတော့ တွေ့ခွင့်ရသည်။ သို့ရာတွင် ဆရာဖေက လောလောဆယ် တပယ်မင်းသား ရေးခိုင်းသည့် တေးထပ်တွေ ရေးနေရသဖြင့် မအားလပ်ကြောင်း၊ ပြီးလျှင်လည်း မက္ခရာမင်းသားကြီးနှင့်အတူ အင်းဝအုတ်ကျောင်းသို့ လိုက်ပါသွားပြီး ပေစာတွေ ကူယူလေ့လာရဦးမည် ဖြစ်ကြောင်း၊ အရင်လိုလျှင်တော့ မိမိ၏ တပည့်ရင်းဖြစ်သူ ခေတ္တရာ ဆရာဆင့်ထံ သွားသင့်ကြောင်း လမ်းညွှန်လိုက်၏။
သို့ဖြင့် ဂေါဝိန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထာားတေသာ အင်္ဂလိပ် ကုန်သည် သင်္ဘောမှ ဗျစ်ရည်တစ်အိုး ၀ယ်သည်။ ဆရာဆင့် ကြိုက်တတ်သည် ဆိုသောကြောင့်ဖြစ်၏။ ဆရာကတော် ဒေါ်မယ်စိန် အတွက်လည်း ခါသာပိတ်အုပ်တစ်အုပ် ယူသွားရသည်။
သူသည် မြို့ဝန်ကတော်၏ တူမလေးကို မေတ္တာ သက်ဝင်ချစ်ခင်နေမိ၏။ သူက မြို့ဝန်မင်း၏ ပစားပေးခြင်းခံရသူဖြစ်၍ သဘောမတူမှာကိုတော့ ပူစရာမလို။ မိန်ကလေးက မေတ္တာတုံ့ပြန်ဖို့သာ အရေးကြီးသည်။ သူ့အနေဖြင့်မိန်းကလေးကို နှုတ်ဖြင့်ချစ်ရေးဆိုရန်မှာ အသည်သားဆန်လွန်း သည်ဟုထင်၏။ အထင်အမြင်သေးစရာဖြစ်မည်။ ရွှေနန်းတော် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူပီပီ အများသူငါလို တေးထပ်ရေးပေးမှ တော်ပေလိမ့်မည်။ ထို့ကြောင့် ဆရာဆင့်ထံ လာရောက် အကူအညီတောင်းရခြင်းဖြစ်သည်။
"အိမ်း...ပြီးတော့ပြီးသွားကပြီ"
ဆရာဆင့်ကရေရွတ်ရင်း သူရှိရာသို့လာသည်။
"စိတ်ချပေတော့ မောင်ရင် ဒီတေးထပ်ကို ဖတ်ပြီးရင် မိန်းကလေးဟာ မောင်ရင့်ကို မေတ္တာမတုံ့ပြန်ဘဲ နေနိုင်မှာ မဟုတ်ပေဘူးကွဲ့"
ဟုပြောပြီး ပေရွက်ကို လှမ်းပေးလိုက်၏။ သူဝမ်းသာအားရ လှမ်းယူလိုက်သည်။
"ဖတ်ကြည့်လိုက်ပါဦးလေ"
ဆရာဆင့်က တိုက်တွန်းသဖြင့် သူဖတ်ကြည့်လိုက်သည်။ ဖတ်ရင်းကပင် ပီတိတွေဖြာဝေလာလေတော့၏။

"တဆိတ်ကယ် ချစ်ပါ့
လှစ်ဟလို့တောင်းပန်။
ဖြစ်သမျှ အကြောင်းကံငယ်
ပေါင်းရန်ဖြင့်ရည်စူး
ဖူးစာရှင် အစစ်မှန်လျှင်
အချစ်ပြန်ကြားဖို့ စိတ်ကူး"

ပရိုင်းမိတ်တစ်ယောက်၏ ဆင့်ကဲဖြစ်စဉ် (မင်းလူ ၏ ခေါင်းလောင်းထိုးသော ၀တ္တုတိုများမှ)

No comments: