Tuesday, September 19, 2006

နှစ်ဆယ့်တစ်ရာစု သားရွှေဥ

ကစားကွင်းနဲ့ တောအုပ်
ကြားဖူးကြမှာပေါ့။ “ကလေးဘဝဆိုတာ လူ့တသက်သာရဲ့ အချိုမြိန်ဆုံး နေ့ရက်တွေ” တဲ့။ ဒီစကားဟာ ၁၉၆၀ အလွန်နှစ်တွေလောက်ကဆိုရင်တော့ အပြည့်အဝ မှန်နိုင်ပါလိမ့်မယ်။ ဒီနေ့ကာလမှာတော့ တကယ်မှန်မယ် မထင်တော့ဘူး။ အသက် ၃ နှစ်လောက်ဆိုရင်ပဲ အမေ့ရင်ခွင်ထဲကနေ မူကြိုရောက်နေရပြီ။ ၅နှစ်လောက်ရောက်ရင် ကျက်စရာစာတွေ တပုံတပင်။ ၇ နှစ်လောက်ရောက်တော့ ကျူရှင်ပြေးရပြန်ရော၊ ဒီအထဲ တီဗွီက ကြည့်လိုက်ချင်၊ ဂိမ်းက ကစားချင်။ ပြီးတော့ အပြိုင်အဆိုင်ခေတ်ကြီး။ တယောက်တယောက် နှာတဖျားသာလို့ မဖြစ်ဘူးလေ။ ကမ္ဘာနဲ့ ချီပြီးတော့ ပြိုင်ကြရတာကလား။ ဒီတော့ ကစားကွင်းမဟုတ်မှာတော့ သေချာတယ်။ ဖြစ်ခြင်းဖြစ်ရင် တောအုပ်ကြီးဖြစ်မှာပဲ။ ချုံနွယ်ပိတ်ပေါင်းတွေ၊ ချောက်တွေ၊ ကမ်းပါးတွေ၊ သားရဲတိရစ္စာန်တွေ ပြည့်နေတဲ့ တောအုပ်ကြီးထဲမှာ အပြေးပြိုင်နေကြရတာပါ။ ဒီတောအုပ်ကြီးထဲက အသံတွေကို နားထောင်ကြည့်လိုက်ပါ။ ဒီနေ့ကလေးတွေရဲ့ ဝေဒနာကို စာနာနိုင်ပါလိမ့်မယ်။
“စိတ်ညစ်လိုက်တာ၊ အိမ်စာတွေလည်း မပြီးသေးဘူး။ ဟင် နက်ဖြန်ဆို လပတ်ပါလား။ ဘာစာမှလည်း မရသေးဘူး။ ဒုက္ခပါပဲ။ ဟောတော် ကိုးနာရီတောင်ထိုးပြီး အမေရေ ထမင်းစားမယ်”
“ဟွန်း ဒီကောင့်အိမ်က ဗီစီဒီ ဝယ်ပြီးပြီတဲ့။ ဘိုးတော်ကလည်း ဝယ်ပေးမယ်ဆို ခုထိ ဝယ်မပေးသေးဘူး။ ဟောဗျာ ကျောင်းချိန်က နီးလှပြီ။ ပျင်းလိုက်တာ။ ကျောင်းရောက်ရင် ဟိုကောင် ငကြွားရဲ့ကြွားလုံးတွေ ကြားရဦးမှာ။ ခုနေ ကမ္ဘာပျက်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဟို ဥက္ဗာပျံကြီးကလည်း ဘာကြောင့် ဝင်မတိုက်တာတုန်း”
“သူတို့ ဝိုင်းက ဆရာတွေက အပျံစားတဲ့။ တို့ဆရာတွေကတော့ တယ်မနိပ်လှပါဘူး။ မနိပ်ဆို အမေတို့က ဈေးချိုတဲ့ဝိုင်းမှာ ထားတာကိုး။ ငါကိုက ကံဆိုးပါတယ်လေ။ ဟိုမိန်းမဆိုရင် ရယ်ဒီမိတ် ခါးကမချဘူး။ ငါ့ဖြင့် တခါလာလည်း ပုံပုံစတိုးက တီးရှပ် ...။ အင်း ... ဘုရားရှိခိုးဦးမှ နောက်ဘဝကျရင် သူဌေးသမီးဖြစ်ပါရစေ အရှင်ဘုရား ...”
“မင်း သိပ်ရက်စက်တယ်ကွာ၊ အေးလေ ... ငါ့မှာမှ စီးတော်ယာဉ်မှ မရှိတာ။ ဘတ်(စ်)ကား တိုးဝှေ့စီးရတဲ့ ကောင်ကို၊ အက်စ်အီးပေါ်က ဘယ်ကြည်ပါ့မလဲ၊ ပြီးတော့ ဟိုမောင်က ‘အမ်စီ’၊ ငါက ဆယ်တန်းနှစ်ခါကျ ပညာနဲ့ငွေ ရောနိုင်ရင် ချစ်ပြီ ချစ်ပြီ၊ မရောနိုင်ရင် မချစ်ပြီ မချစ်ပြီ ထွီ ထွီ ... ထွီ အချစ်စစ်မမည်”
ဒီလို ‘ဆူးတောင်’တွေ ပေါက်နေတဲ့ ကလေးတွေဟာ ဘယ်လိုပုံစံနဲ့ လူကြီးဘဝကို တက်လှမ်းကြမှာတဲ့လဲ။ သူတို့စိတ်ထဲမှာ ဘာတွေ ဖြစ်နေမလဲ၊ သူတို့အကျင့်တွေမှာ ဘာတွေ ဖော်ပြနေမယ်။

အရှုံးဘွတ်ကင်
ဟောဒီမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့ ဆယ်ကျော်သက်တွေရဲ့ အကျင့်တွေကို စဉ်းစားရသမျှ ဖော်ပြလိုက်ပါတယ်။ သူငယ်ချင်းမှာ ဒီလိုအကျင့်တွေထဲက ဘယ်နှစ်ခုလောက်များ ရှိနေပြီလဲ။ အကုန်လုံးပဲလား။
(၁) တရားခံရှာ (React)
စစ်အေးခေတ်က ရေပန်းစားဖူးတဲ့ အပေါစားပြက်လုံး တခုရှိတယ်။ လူငယ်တယောက်ဟာ လမ်းလျှောက်သွားရင်း မတော်တဆ ခလုတ်တိုက်မိတယ်တဲ့။ ချက်ချင်းပဲ အခုလို တုံ့ပြန်လိုက်တယ်။ “ဒါ နယ်ချဲ့စနစ်ကြောင့်ပဲ”။ အလိုမကျစရာ တခုခု၊ အခက်အခဲ တခုခု၊ ပြသနာတခုခုဖြစ်ပြီ ဆိုတာနဲ့ ဘာမှစဉ်းစားမနေတော့ဘဲ တရားခံတယောက်ယောက်ကို ဆိုင်ဆိုင်- မဆိုင်ဆိုင် အမြန်ဆုံးရှာလိုက်တဲ့ အကျင့်ပါ။
(၂) ခြေဦးတည့်ရာ (Begin with No End in Mind)
ကိုယ် ဘာဝါသနာပါလဲ၊ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်ကိုယ်ကိုယ် မေးကြည့်။ သူများပြောတာတွေ နားမယောင်နဲ့။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်လိုက်ရင် ဘာတခုမှ ဟုတ်ဟုတ်ငြားငြား ဝါသနာမပါတာက များပါတယ်။ နက်ဖြန်ဆိုတာ မတွေးဘူး။ ဒီနေ့ဆိုတဲ့ အခိုက်အတန့်လေးမှာပဲ နေတယ်။ စားပြီး အိပ်နေ ဘိက္ခဝေ၊ သေရင် ပက်လက် နတ်ပြည်တက် ...။ သိပ်နိပ် ...။
(၃) ကြုံသလို ကျပန်း (Put First Thing Last)
စာကျက်မလို့ စားပွဲထိုင်လိုက်တယ်။ တီဗီက ဇာတ်ကားကောင်းတာနဲ့ စားပွဲကထ တီဗီရှေ့ရောက်။ ဒီနေ့အဝတ်တွေ လျှော်မယ်၊ စိတ်ကူးနေတုန်း သူငယ်ချင်းက လာခေါ်၊ လက်ဖက်ရည်ဆိုင် နေကုန်ထိုင်။ ကာယလေ့ကျင့်ခန်း လုပ်လိုက်ဦးမယ်၊ အကျှုလည်း ချွတ်လိုက်ရော တယ်လီဖုန်းက မြည်လာပြီ။ “ဟဲလို အမိန့်ရှိပါခင်ဗျား”၊ “အို ဆွီတွီလား အိုကေ” ပျော်စရာတော့ တော်တော်ကောင်းမယ်။ ဘာအရေးကြီးဆုံးလဲ၊ ဘာကို အရင်စလုပ်မလဲ၊ မစဉ်းစားဖူးပါဘူး။ ကြုံသလို ကျပန်းပဲ လုပ်ပစ်လိုက်မယ်။
(၄) သူသေ ကိုယ်ရှင် (Think-Win-Lose)
‘ငါ့ကို ဒီလိုကျောလို့ ဘယ်ရမလဲ’၊ ‘စဉ်းစားစမ်း ဒီကောင့်ကို ဘယ်လိုဆော်ပစ်ရမလဲ’။ ‘ကေသရာဇာဆိုတာ တကောင်တည်းကွ၊ ဘယ်တော့မှ နှစ်ယောက် အဖြစ်မခံဘူးကွ’။ ကိုယ်နဲ့ စာပြိုင်ဘက်၊ ဒါမှမဟုတ် ရည်းစားလုဘက်၊ ဒါမှမဟုတ် တခုခု အပြိုင်ဖြစ်နေတဲ့ လူတိုင်းအပေါ် ထားလေ့ရှိတဲ့ သဘောထားပါ။ နိုင်ရင်နိုင်၊ မနိုင်ရင် ခြေကန့်လန့် ထိုးလိုက်မယ်ဆိုတဲ့ အကျင့်ပါ။ ‘အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိ’လို့ ဆိုပေမယ့် အရာရာ ဒီအတိုင်းပဲ ကျင့်သုံးပါတယ်။
(၅) မင်းမပြောနဲ့၊ ငါပြောမယ် (Seek First to Talk, Then Pretend to Listen)
လူမှာ ပါးစပ်ရော၊ နားရော ပါပေမယ့် များသောအားဖြင့် နားကိုမေ့နေကြတယ်။ ပါးစပ်ကိုပဲ စိတ်စေရာ ခိုင်းတတ်ကြတယ်။ လူတယောက်နဲ့ တွေ့ပြီဆိုတာနဲ့ စကားတွေ တရစပ်ပြောတော့တယ်။ မလွဲသာလို့ နားထောင်ရပြီဆိုရင်လဲ နားထောင်ချင်ယောင်ဆောင်ပြီး နောက်ထပ် ကိုယ်ပြောရမယ့် စကားတွေကိုသာ တွေးနေတတ်တယ်။ သူများ အာလူးဖုတ်တာ ဘာလို့ နားထောင်မှာလဲဗျာ။ ပျင်းစရာ ကောင်းမှကောင်း။ ကိုယ်တိုင် မိန့်ခွန်းချွေရတာကမှ အရသာ။
(၆) တကိုယ်တော်ရိန်းဂျား (Don’t Cooperate)
ဒီကောင်တွေ ဘယ်လောက်တော်လို့ ဒင်းတို့နဲ့ ပူးပေါင်းရမှာလဲ။ ငါ့ဆီက အရည်အချင်းတွေကို အသုံးချချင်လို့ စကားလုံးလှလှလေးတွေနဲ့ လာရောနေတာ။ ဘာပူးပေါင်း ဆောင်ရွက်ရေးလဲ၊ သွားစမ်းပါ။ ကိုယ့်မြင်း ကိုယ့်စိုင်း၊ စစ်ကိုင်းရောက်ရောက်။ ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက်။ ဒင်းတို့နဲ့ ဘာဆိုင်လဲ ...။
(၇) ပုရောဟိတ်စတိုင် (Wear Yourself Out)
မပြည့်တဲ့အိုးသာ ဘောင်ဘင်ခတ်မြဲပါ။ ငါက ရေပြည့်အိုးပဲ ဘာမှ ထပ်ဖြည့်စရာ မလိုတော့ဘူး။ ငါ့မှာ အမှန်တရားရှိပြီးပြီ။ နောက်ထပ် အမှန်ရစရာ မလိုတော့ဘူး။ အလကား အချိန်ဖြုန်းတာတွေ။
ဒီအကျင့်တွေဟာ ကောင်းလား၊ မကောင်းလား၊ သူငယ်ချင်းတို့ ကိုယ်တိုင်ပဲ စဉ်းစားကြည့်ကြပါ။ ‘ရှောင်ကိုဗေး’ရဲ့ အလိုအရတော့ ဒါတွေဟာ ကျဆုံးခန်းအတွက် ရုံဝင်လက်မှတ်တွေ ဖြစ်ပါသတဲ့။ မင်းမှာ ဒီအကျင့်တွေ ရှိနေပြီဆိုရင်တော့ ကျဆုံးဖို့အတွက် ‘ဘွတ်ကင်’ လုပ်ပြီးသား ဖြစ်နေပြီ ဆိုရတော့မှာပေါ့။

ဘဝသစ်ပင်
အထက်မှာ ဖော်ပြခဲ့တဲ့ ‘အရှုံးဘွတ်ကင်’ တွေကို ပြောင်းပြန်စဉ်းစားကြည့်ကြ ရအောင်။ ဟောဒီလို အကျင့်ခုနှစ်မျိုး ရလာပါလိမ့်မယ်။
၁။ တာဝန်ယူစိတ် (Be Proactive)
ပြသနာတခုခု ရှိလာရင် ‘ငါ ဘာမှားနေလဲ’ ဆိုတာက စ, စဉ်းစားပါတယ်။ ပြီးမှ ကျန်တာတွေကို ဖြန့်တွေးတယ်။ ‘ကိုယ့်ကိုယ်ကိုတော့ လွတ်စေ၊ သူများကိုတော့ တရားခံ’ ဒါမျိုး မလုပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့စိတ်ပါ။
၂။ ပစ်ကွင်းတို ချိန်ပစ် (Begin with the End of Mind)
ငါ ဘာဖြစ်ချင်တာလဲ၊ ငါ့ရည်မှန်းချက် ဘာလဲဆိုတာကို ပထမဆုံး ပိုင်းဖြတ်တယ်။ ‘မစ်ရှင်’ (Mission) စိတ်ဓာတ်ဖြစ်ပါတယ်။
၃။ အရေးကြီးတာ အရင်လုပ် (Put First Thing First)
ကြုံသလို ကျပန်းမလုပ်ဘူး။ အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့် ဆောင်ရွက်တတ်တယ်။
၎။ သူမနာ၊ ကိုယ်မနာဆက်ဆံရေး (Think Win-Win)
ကိုယ်နိုင်စေ၊ သူရှုံးစေ သဘောမထားပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ‘ကြားအဖြေ’ကို နှလုံးသွင်းပါတယ်။
၅။ နားလည်မှုရှိ (Seek First to Understand, Then to be understood)
ပထမဆုံး သူများကို နားလည်အောင် ကြိုးစားတယ်။ ကိုယ့်ကိုလည်း သူများက နားလည်အောင် တံခါးဖွင့်ထားတယ်။
၆။ လက်တွဲကြိုးပမ်း (Synergize)
ငါတကော မလုပ်ဘူး။ အများနဲ့လက်တွဲ ကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။
၇။ ကိုယ့်ကိုယ်ကိုယ် ပြန်သ (Sharpen the Saw)
စိတ်တံခါးကို ပိတ်မထားဘူး။ အတွေးသစ်၊ အမြင်သစ်တွေအတွက် အမြဲ တံခါးဖွင့်ထားတယ်။ ကိုယ့်အသိ၊ ကိုယ့်အကျင့်ကို အမြဲချွန်မြနေစေဖို့ မပြတ် ‘သ’ နေပါတယ်။
ဒီအကျင့်တွေ မင်းမှာ ရှိနေပြီဆိုရင် ဘဝတိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ သေချာသလောက် ဖြစ်ပါပြီ။ ဒါကြောင့် ဒါတွေဟာ ဘဝအောင်ပွဲအတွက် အာမခံ ကတ်ပြားတွေလို့ ဆိုနိုင်လောက်ပါတယ်။
ဒီအကျင့် ခုနှစ်ချက်ကို မှတ်မိလွယ်အောင် ရုပ်ပုံလေးနဲ့ သရုပ်ဖော်ကြဦးစို့။ ပထမ ၃ ချက်က ကိုယ့်ရဲ့ အတွင်းအဇျတ္ဈကို အောင်နိုင်ဖို့ ကြိုးပမ်းရတာပါ။ Private Victory ပါ။ ‘အတွင်း အောင်ခြင်း’ပေါ့။ သစ်ပင်ကြီးတပင်ရဲ့ အမြစ်နဲ့ တူပါတယ်။ အမြစ်အားကောင်းရင် ဒီသစ်ပင်ကြီး လဲမှာပြိုမှာ မပူရတော့ဘူးပေါ့။ စတုတ္ထကနေ ဆဌမထိ အကျင့် ၃ မျိုးကတော့ ပင်စည်နဲ့တူတယ်။ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ် ခံနိုင်ဖို့ ပင်စည်သန်စွမ်းဖို့လည်း လိုတယ်လေ။ လူအများနဲ့ ဆက်ဆံတဲ့ အပိုင်းမှာ အောင်ပွဲဆင်နိုင်ဖို့ပါ။ Public Victory ပေါ့။ ‘အပြင် အောင်ခြင်း’လို့ မှတ်ကြမယ်။
နောက်ဆုံးအကျင့်ကတော့ သစ်ပင်ထိပ်ဖျားပေါ့။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ပြီး အာဟာရချက်သလို ကိုယ့်အသိ၊ ကိုယ့်အကျင့်စရိုက်ကို အမြဲချွန်မြနေစေဖို့ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သရတာပေါ့။ Self Renewal လို့ ဆိုပါတယ်။ ‘အထွတ်တင်’ တာပေါ့။
ဒီသုံးပိုင်းလုံးသာ စိတ်ချရရင် သူငယ်ချင်းရဲ့ ဘဝသစ်ပင်ကြီးဟာ အမြဲစိမ်းနေမှာ သေချာပါတယ်။

အကျင့်နဲ့စရိုက်
အကျင့်ဆိုတာ စိတ်မှတ်က မသိလိုက်ဘဲ ထပ်တလဲလဲ လုပ်နေမိတာမျိုးတွေပါ။ အကျင့်ပါသွားရာကနေ နောက်ဆုံး စရိုက်ဖြစ်လာတတ်ပါတယ်။ ဒီသဘောကို အင်္ဂလိပ် ကဗျာကလေးတပုဒ်မှာ ခုလို တွေ့ရတယ်။ သူ့မူရင်းအရသာ မပျက်အောင် အင်္ဂလိပ်လိုပါ ဖော်ပြလိုက်ပါတယ်။
We first make
Our habits,
Then our habits
Make us.

အစကတော့
ငါတို့က အကျင့်တွေ လုပ်
နောက်တော့
အကျင့်တွေက တို့ကို ပြန်လုပ်

‘အကျင့်’ တခုရဲ့ ဖြစ်စဉ်ဟာ ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ ဆင်ခြင်နိုင်အောင် စာရေးဆရာကြီး ‘ဆင်မြူရယ် စမိုင်း’ရဲ့ ဟောဒီကဗျာ လေးကိုလည်း ဖတ်ကြည့်လိုက်ပါဦး။
Sow a thought, and your reap an act;
Sow an act, and you reap a habit;
Sow a habit, and you reap a character;
Sow a character, and you reap a destiny.

အတွေးတခု စိုက်၊ ခြေလှမ်းတလှမ်း ရိတ်
ခြေလှမ်းတလှမ်း စိုက်၊ အကျင့်တခု ရိတ်
အကျင့်တခု စိုက်၊ စရိုက်တခု ရိတ်
စရိုက်တခု စိုက်၊ ကံကြမ္မာတခု ရိတ် ...။

STEPHEN R. COVEY ၏ The 7 Habits of Highly Effective Teens ကို မှီးပြီး ဘာသာပြန်ထားသော ကျော်ဝင်း၏ "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ထဲမှ နိဒါန်းကို ပြန်လည်ကူးယူ ဖော်ပြတာဖြစ်ပါတယ်။
Ref:http://www.myanmarisp.com/articles/art0021

1 comment:

. said...

တော်တော်ကောင်းတဲ့ ပို့စ်လေးပါ။ ရှယ်ပေးတာ ကျေးဇူးပါ။ နို့မုတ်ရင် တွေ့မိမှာ၊ ဖတ်မိမှာ မဟုတ်ဘူး။