Wednesday, September 27, 2006

အခမဲ့ကူလီထမ်းခြင်း၏အကျိုး (ဦးဖိုးကျား)

လွန်ခဲ့သောခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ်တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းမြို့သို့ မီးရထားဆိုက်လျှင် ကျွန်ုပ်၏ သူငယ်ချင်း သပိတ်မှောက်ကျောင်းသားဟောင်း ဆရာကြီးသည် လာ၍ ကြိုနေသည်ကို တွေ့ရ၏။ ဘူတာအနီးတွင်ကပ်၍ ကျွန်ုပ်၏ရင်းနှီးသော မိတ်ဆွေတစ်ယောက် နေသည်ကို ခဏမျှတွေ့လိုသည်နှင့် သူငယ်ချင်းဆရာကြီးအား ကျွန်ုပ်၏ ပစ္စည်းများနှင့် သွားနှင့်ရန် ပြောဆိုလွှတ်လိုက်၏။ အဆိုပါဘူတာအနီးရှိ မိတ်ဆွေနှင့် စကားစမြည်ပြော၍ အတန်ကြာပြီးနောက် ဆရာကြီးအိမ်သို့ သွားတော့မည်ဟု ဘူတာအနီးကပင် ဖြတ်၍လာခဲ့ရာ - ဘူတာရုံအတွင်း၌ သပ်ရပ်စွာဝတ်ဆင်၍ သနားကမား သူငယ်ကျောင်းသားအရွယ် တစ်ယောက်ကို တွေ့မြင်ရ၏ ၎င်းမှာ တစ်ယောက်တည်းလိုပင် ကျန်ရစ်ခဲ့ရာ မျက်နှာမကြည်မသာ တစ်စုံတစ်ယောက်ကို သို့မဟုတ် တစ်စုံတစ်ရာကို မကျေမချမ်း စိတ်လက်ဆိုးနေဟန်ရှိ၍ တဖျစ်တောက်တောက်နှင့် ဟိုလျှောက်သည်လျှောက် ပြုနေသည်ကို တွေ့ရ၏။ ကျွန်ုပ်သည်လည်း မနေတတ်သည်နှင့် -

“မောင် - ဘာဖြစ်လို့လဲ”  “ဟာ-မပြောပါနဲ့ဗျာ၊ ကောလိပ်ကျောင်းပိတ်လို့
ပြန်လာတယ်၊ အိမ်ကိုစာရေးထားတာ ဘယ်သူမှလဲ လာမကြိုကြဘူး၊ အခု ဒီမှာ ခွကျနေတာပေါ့”

“နေပါဦး-မောင်ရဲ့၊ ဘယ်သူမှ လာမကြိုလဲ ဘာအပန်းကြီးသလဲ၊ အိမ်က ဘယ်လောက်ဝေးလို့လဲ”
“သိပ်မဝေးပါဘူး၊ ဟိုဈေးနားတွင်ပဲ”

“အဲဒါဖြင့်လဲမောင်ရယ်၊ ကိုယ့်ဟာကိုယ် သွားလိုက်ကရော့ပေါ့၊ လူလာမကြိုကော၊ ကိုယ့်အိမ်ကိုယ်ပြန်တာပဲ”  “ဟာ-ခင်ဗျားကြီး၊ တယ်ခွကျတာကိုး၊ (ကျွန်ုပ်ကိုပါရော၍ စိတ်ဆိုးသွားဟန်တူသည်)

အိမ်နီးပေမယ့် စီးသွားစရာ လာနေကျ မြင်းလှည်းကလေးတစ်စီးဟာလဲ မရလိုက်ဘူး၊ ပြီးတော့ ဒီမှာ သားရေအိတ်တစ်လုံးနဲ့၊ ကူလီတွေလဲမရှိတော့ဘူး၊ ဘယ့်နှယ်လုပ်မလဲဗျ” ကူလီလိုသည်ဆိုသော သားရေအိတ်ကို ကြည့်လိုက်ရာ အရှည်တစ်တောင်တစ်မိုက်ခန့်၊ အနံတောင်ဆုပ်လောက်မျှသာရှိသော သားရေအိတ်ဖြစ်နေ၏။ ထိုအခါ ကျွန်ုပ်ကပင်-

“ကဲ-မောင်၊ ဒီသားရေအိတ်အတွက်ဖြင့် ၀န်လေးမနေပါနဲ့၊ ကျုပ်ပဲ ဆွဲခဲ့ပါမယ်၊ ကဲ-သွားသာသွားပါတော့”

ထိုအခါမှ သူငယ်သည် အတန်မျက်နှာကြည်လာပြီးလျှင် “အဲဗျာ၊ သွားရင်းလာရင်း ဆွဲခဲ့ပါတော့၊ ကျွန်တော် ကူလီခပေးပါ့မယ်” ဟု ဆိုလေ၏။ ကျွန်ုပ်သည် ကူလီခအကြောင်းကို တစ်စုံတစ်ရာ ပြန်မပြောဘဲ သားရေအိတ်ကိုသာ ကောက်ယူ၍ သက်သက်သာသာပင် ဆွဲကာ ထိုသူငယ်နှင့် မြို့တွင်းဘက်သို့ လျှောက်လာခဲ့ကြ၏။ စာဖတ်သူအား ပြောရန်ကျန်သေးသည်။ ကျွန်ုပ်သည် ခရီးသွားသည့်အခါ အေးအေးချမ်းချမ်း သွားတတ်သည်နှင့် ထိုအခါက ပိုးကြားပေါက် လုံချည်အနွမ်းကို ၀တ်၍ ပင်နီရှပ်အင်္ကျီ တစ်ပတ်နွမ်းကို လက်ပင့်လက်လိပ်၍ မျက်နှာသုတ်ပုဝါကို ခေါင်းတွင် ထူထူ ပတ်ကာ ၀တ်ဆင်လျက်ရှိ၏။ ဖိနပ်မှာလည်း ပိန်းတန်းဖိနပ်မျှသာဖြစ်၏။ သို့ကြောင့်လည်း ထိုသူငယ်သည် ကျွန်ုပ်အား “ကူလီ”ငှားရန် အားမနာခြင်း ဖြစ်ဟန်တူသည်။ နှစ်ယောက်သား လာခဲ့ကြရာ ကျွန်ုပ်က စ၍-

“မောင်- ကောလိပ်ကျောင်းမှာနေတာ ဘယ်အတန်းရောက်ပြီလဲ”
“အင်္ဂလိပ်လို၊ ဆီနီယာ-အိုင်အက်စီ(I.Sc)ခေါ်တယ်၊ ဗမာလိုတော့ ဟိုဒင်း… အဲ… ၁၂ တန်းဆိုပါတော့ဗျာ”
“ဟင်-ရောက်လှပါပကော၊ နို့ နေပါဦး မောင်ရဲ့၊ အဲဒီ ၁၂ တန်းရောက်တော့ ဘာတွေ သင်ရသလဲကွဲ့”
“အများကြီးပါဗျာ၊ အထူးကတော့ အက်ဒ်ဘန်းစ်ဒ်-အင်္ဂလိရှ်(Advance English) ဆိုတာ သင်ရတယ်ဗျ”
“မောင့်ဟာက အင်္ဂလိပ်လိုကိုး၊ ဗမာလိုလဲ ပြောဦးမှပေါ့”
“ဗမာလို မလွယ်ဘူးဗျ၊ နေဦး နေဦး၊ ဟိုဒင်း.. အဲ၊ ရှေ့ရောက်သော… အဲ၊ ပိုမို၍ဖြစ်သော ဟာ-ဒါလဲ မဟုတ်သေးပါဘူးလေ၊ ဟိုဒင်း
လွယ်လွယ်ဆိုကြပါစို့ဗျာ၊ သိပ်ခက်တဲ့ အင်္ဂလိပ်စာဆိုပါတော့”
“အင်း အင်း၊
ကောင်းပါရဲ့၊ နို့ မြန်မာစာများကော မသင်ရဘူးလားကွဲ့”
“ဘားမီး(ဆ်)လား၊ ခင်ဗျာ့မြန်မာစာ ဘာခက်လို့လဲဗျ၊ ကျွန်တော်တို့ ကောလိပ်မှာ အရေးတကြီး မသင်ပါဘူး၊ စာမကြည့်ဘဲနဲပ ပ(စ်) (pass) နိုင်ပါတယ်ဗျာ၊ အလကား အသုံးလဲ မကျလှပါဘူး”

“ဒါဖြင့် သည့်ပြင်ကော ဘာများသင်ရသေးသလဲ” “သည့်ပြင်တစ်ခုက ခယ်မစ်စတြီ(chemistry)ဆိုတာ သင်ရတယ်၊ အဲဒါက မြန်မာလို ရှိမယ်မထင်ပါဘူး၊ ဟိုဒင်းဆိုပါတော့ဗျာ၊ ဓာတ်ခွဲပညာဆိုပါတော့၊ ဘယ်အရာတစ်ခုဟာ ဘယ်ဓာတ်ဘယ်ဓာတ်များ ပေါင်းစပ်ပြီး ဖြစ်နေတယ်ဆိုတာတွေလဲ ပါတယ်ဗျ၊ ဥပမာဗျာ ရေဆိုတဲ့ဓာတ်ဟာ ဘယ်ဓာတ် ဘယ်ဓာတ်များ ပေါင်းစပ်လို့ ဖြစ်တယ်ဆိုတာ သိရတယ်ဗျ”
“အို-တယ်နေရာကျပါကလား၊ ပြောစမ်းပါဦးမောင်ရယ်၊ ရေထဲမှာ ဘာတွေဘာတွေ ပါသတဲ့လဲ” “ရေဆိုတာ။ အိတ်ခ်ျ-တူးအို(H2O)ဆိုတဲ့ ဓာတ်တွေကို ပေါင်းစပ်ထားတာဗျ”

“မောင့်(အိတ်ခ်ျ-တူးအို)ကို ဗမာလို ပြောဦးမှပေါ့ကွဲ့”
“ဟာ-ဘယ်မှာ အကုန်လုံးကို ခင်ဗျာ့ဗမာစကားတွေနဲ့ ပြောနိုင်မလဲဗျ၊ ခင်ဗျာ့ဗမာစကားကလဲ အင်မတန် ဆင်းရဲတယ်၊ ဒီလို အထက်တန်းစကားကြီးတွေကို ဘာသာပြန်ဖို့ ရှိမယ်မဟုတ်ဘူးဗျ။ ဒီတော့ အကြမ်းပဲမှတ်ထား၊ အိတ်ခ်ျက နှစ်ဆ၊ အိုက တစ်ဆ၊ အဲဒါနှစ်ခုရောရင် ရေဖြစ်တာပဲ”

“အဲလေ ဆိုပါတော့၊ ဒီတော့ 'အိတ်ခ်ျ' က ဘာ၊ 'အို' က ဘာဆိုတာလဲ ပြောဦးမှပေါ့”
“ဟာ-ခင်ဗျား တယ်အမေးအမြန်းထူတဲ့ လူကြီးပဲ၊ ဒါတွေဟာ ဓာတ်သဘောတွေဗျ၊ ခင်ဗျားတို့ကို ပြောလို့လဲ နားလည်မှာမဟုတ်ဘူး၊ အဲဒီတော့ အဲဒီ အင်္ဂလိပ်စာလုံးနှစ်လုံးပေါင်းရင် ရေဖြစ်တယ်ဆိုတာသာ မှတ်ထားပါဗျ”

“နေပါဦးမောင်ရဲ့၊ မောင့်အင်္ဂလိပ်စာလုံးတွေ မပေါ်ခင်က ရေရှိနှင့်တယ်မဟုတ်လား၊ မောင့်အင်္ဂလိပ်စာလုံး နှစ်လုံးရှိမှပဲ ရေဖြစ်ရတော့မလား”

“သြော်-တယ်ခက်ပါကလား၊ ဒါက သင်္ကေတအမှတ်အသားဗျ၊ အဲဒီစာနှစ်လုံးရဲ့ အရှည်အဓိပ္ပါယ်ရှိသေးတယ်၊ သိရဲ့လား၊ အဲဒီအဓိပ္ပါယ်အရှည်ကို ကျွန်တော့်နုတ်ဘုတ်(note book) ထဲမှာ မှတ်ထားတယ်၊ အခု ပါးစပ်ထဲမှာတော့ မရဘူး၊ ပြီးတော့လဲဗျာ၊ ကျွန်တော်တို့ဆရာက အဓိပ္ပာယ်ပြောတာ မရှင်းပါဘူး၊ ကျွန်တော်တို့ နားလည်အောင် မပြောတတ်ဘူးဗျ၊ ဒီဆရာတွေဟာ အလကားပါဗျာ” ဟု ဆရာကို လွှဲချပြီး သူ့ဇာတ်ကို သူ မြန်မြန်သိမ်းလိုက်လေသတည်း။

“နို့ မောင်တို့ ကောလိပ်မှာ စားရပုံက ဘယ်လိုလဲကွဲ့”
“မှတ်ထား ဆရာကြီး၊ ကောလိပ်ဆိုတာကို ရောက်ဖူးမှ လူဖြစ်ကျိုးနပ်တာ၊ အနေအစားအကုန်လုံး အထက်တန်း အညွန့်စားချည်းပဲ မှတ်ထား၊ တစ်ခါထဲ နယူးလိုက်ဖ်(new life)ကို ရောက်သွားတာပဲ သိရဲ့လား”
“အဲ အဲ.. ဘာတဲ့၊ နရူး(နွားရူး) အလိုက်ခံရသလား၊ ဟိုရောက်ရင်”
“အောင်မယ်၊ ဗျို့ ဆရာကြီး၊ ဒါ သရော်စရာမဟုတ်ပါဘူး၊ ခင်ဗျားကြီးတို့ဟာ ပညာလဲမတတ်၊ ယဉ်ကျေးတဲ့ အင်္ဂလိပ်စကားတွေလဲ နားမလည်၊ ဒါကြောင့် ခင်ဗျားတို့ ဗမာတွေ ခွကျနေတာ သိရဲ့လား၊ နယူးလိုက်ဖ်ဆိုတာ အင်္ဂလိပ်စကားဗျ၊ အသစ်အသက်၊ အနေအစား အသစ်တစ်မျိုးလို့ ဆိုတယ်၊ ကြည့်လေ၊ နေရတာက ကျွန်တော် တောမြို့ကလေးမှာ ဆယ်တန်းမှာ နေရတုန်းက သူဆင်းရဲ့သား၊ ကုန်သည်သား၊ သူကြီးသားဆိုသလို သာမည လူတွေနဲ့သာ တွေ့ရတာကလားဗျ၊ ဟို ကောလိပ်ကျတော့ အနည်းဆုံး မြို့အုပ်သား၊ ၀န်ထောက်သား၊ အရေးပိုင်သား၊ မင်းကြီးသား ဆိုသလို အထက်တန်းစားတွေချည်းကလားဗျ၊ အဲလေ ဆင်းရဲသားရဲ့ သားသမီးလဲ နည်းနည်းပါးပါးတော့ ရှိတာပေါ့၊ ဘာဖြစ်ဖြစ် ကျွန်တော်တော့ အထက်တန်းစားနဲ့မှ ရွေးပေါင်းတာပဲ၊ ကုန်ကုန်ပြောမယ်ဗျာ၊ ဖိနပ်တောင်ကြည့်ပါလား၊ ကျွန်တော် တောမြို့ကလေးမှာ နေတုန်းက ၁၀ ကျပ်တန်၊ ၁၅ ကျပ်တန်အထက် ပိုမစီးရဘူး၊ ခုတော့ ဟော ၂၀ ကျပ်တန်အောက် မစီးရဘူးဗျ”

“နေပါဦး၊ ၂၀ ကျပ်တန်အောက် မစီးရတာက မောင်တို့ ကောလိပ်မှာ ဥပဒေလုပ်ထားလို့လား”
“ဘယ်က ဥပဒေလုပ်ထားရမှာလဲဗျ၊ ခင်ဗျားကြီးလဲ တော်တော်အ,တာပဲ၊ ဟိုမှာ အထက်တန်းစားတွေနဲ့ ပေါင်းရတာဗျ၊ ခင်ဗျား ၁၀ ကျပ်တန် အစုတ်တွေနဲ့ မဖြစ်ဘူးဗျ၊ လူထဲမတိုးဘူးဗျ၊ သိရဲ့လား၊ အခု ကျွန်တော်စီးထားတဲ့ ၂၀ ကျပ် ၂၅ ကျပ်တန်တောင်မှ လူထဲဝင်နိုင်ရုံရှိသေးတယ်။ သိရဲ့လား၊ ၃၀ ကျပ်တန် ၄၀ ကျပ်တန် စီးနိုင်မှ ဖိနပ်ကို လူဝိုင်းကြည့်တာဗျ”
“ဟင်-မောင်တို့ကောလိပ်က လူအဖိုးတန်တာ အရေးမကြီး၊ ဖိနပ်အဖိုးတန်တာ အရေးကြီးသလို နေပါကလား”

“တယ်-ခင်ဗျားကြီး အင်မတန်နုံသေးတာကိုး၊ တော်ပါဗျာ၊ ကောလိပ်ဆိုတာ ကြွားဖို့ဗျ၊ ကြွားဖို့၊ လူပေါ်လုပ်ဖို့ သိရဲ့လား၊ အစစအရာရာ အထက်တန်းချည်းပဲ သွားရ၊ စားရ၊ နေရတယ်၊ ကြည့်ပါလား၊ ကျွန်တော်ဟာ ကောလိပ်ကို အသွားအပြန် စက်ကင်းကလပ်စ်ဆိုတဲ့ ဘိုစီးတွဲမှစီးတယ်၊ ခင်ဗျားတို့ စီးတဲ့ တတိယတန်းဆိုတဲ့ ဆင်းရဲသားတွဲကို ဘယ်တော့မှမစီးဘူး၊ အဲဒီစက်ကင်းကလပ်စ်ဆိုတာ ခင်ဗျားတို့ဆင်းရဲသားတွဲတွေလို သစ်သားခုံနဲ့ညစ်ပတ်ပြီး ကြမ်းပိုးကိုက်တာမဟုတ်ဘူး၊ သိရဲ့လား၊ ဆိုဖာဆိုတဲ့ မွေ့ရာတစ်မျိုးကိုခင်းထားတယ်၊ အောက်က စပရိန်ထည့်ထားတယ်၊ ပြီးတော့ ဓာတ်မီးတွေ၊ ပန်ကာတွေ၊ မှန်တွေ၊ ရေတွေ စုံလို့ပါပဲဗျာ၊ တစ်ခါလောက် ခင်ဗျားတို့ကို စီးစေချင်တယ်၊ တစ်ခါတည်း လျှာလည်သွားမှာပဲ၊ ပြီးတော့ အဲဒီ ဘိုစီးတွဲအခက ခင်ဗျားတို့ ဆင်းရဲသားတွဲအခရဲ့ သုံးဆပေးရတယ်၊ သိရဲ့လား၊ အဲလေ တချို့ ပိုက်ဆံဝါလားတွေဟာ ပိုက်ဆံပေါလို့ စီးပေတဲ့ ဘိုစီးတွဲနဲ့ သူတို့နဲ့ တခြားစီပါဗျာ၊ ဟော-ကျုပ်တို့လို အင်္ဂလိပ်စာတတ်တဲ့ ကောလိပ်ကျောင်းသားလဲဖြစ်ရမယ်၊ စတိုင်ကျကျ လှလှပပ ၀တ်ဆင်ရမယ်၊ ကျွန်တော့်ဘိုဆံထောက်ကို ကြည့်စမ်း၊ လိမ်းထားတာ ဆီရိုးရိုးမဟုတ်ဘူး၊ ဟို ဘိလပ်တို့၊ အမေရိကန်တို့ကလာတဲ့ ဆီမွှေးတို့ ကော့စမက်တစ်တို့ကိုသာ လိမ်းတယ်၊ ပီးတော့ ပေါင်ဒါဆိုတဲ့ အမွှေးမှုန့်တို့၊ ကတ္တီပါရည်တို့ အဲဒါမျိုးတွေကို လိမ်းလို့၊ အဲဒီလို လှလှပပ ကျကျနနနဲ့မှ ဘိုစီးတွဲနဲ့ တော်တာဗျ၊ ခင်ဗျားတို့ တောသားကြီးတွေနဲ့တော့ အလကားပါဗျာ၊ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာဆိုသလို မနေဘူးလား”

“မောင်ရယ်၊ မောင့် ဘိုစီးတွဲ မစီးရချင်နေပါစေတော့၊ ယောက်ျားဖြစ်ရက်သားနဲ့ သနပ်ခါး မျက်နှာချေတွေတော့ မလိမ်းမဆင်ဝံ့ဘူး မောင်ရဲ့”
“အလို ခင်ဗျားကြီး အတော်လာပါကလား၊ ဒါလောက် ပြောနေတာတောင် သဘောမပေါက်သေးဘဲကို၊ ခင်ဗျားတို့ ဗမာတွေ မကြီးပွားတာ အဲဒီလို ခေတ်မမီ ခေတ်မဆန်တာတွေကြောင့်ပဲ၊ နားလည်ရဲ့လား”

ကျွန်ုပ်သည်လည်း ပြုံးရယ်၍သာ နေလိုက်၏။ ထိုသို့ နှစ်ယောက်သား လာခဲ့ရာ အိမ်အနီးသို့ ရောက်လာလေ၏။ အိမ်ဝသို့ ၀င်လျှင်၎င်းသူငယ်၏ အမိ၊ အစ်မ၊ နှမများနှင့်တူသော မိန်းမတစ်စုက စုဝိုင်း၍ “ဟော-ငါ့သားကလေး ပြန်လာပြီ၊ ဟော-မောင်သောင်းပြန်လာပြီ၊ ဟော-ကိုကိုပြန်လာပြီ၊ အမေလဲ အခုပဲ မင့်ဆီက စာကို ရတယ်၊ ရ ရခြင်း အ၀တ်အစားလဲပြီး အခု ဘူတာဆင်းမလို့ပဲ၊ မင်းစာက နောက်ကျနေတာကိုးကွဲ့” မောင်သောင်းမှာ များစွာစိတ်ဆိုးသော မျက်နှာဖြင့် “ဟောဗျာ၊ ဒဲမစ် (damn it) ခင်ဗျားကြီးတို့ ဒီလိုချည်းပဲ၊ စာကို ကပျာကယာ ပေးရတာဗျ၊ ရ ရခြင်း ဆင်းလာပြီးရောပေါ့၊ ကတဲ - လှချင်လိုက်ကြတာ၊ တယ်” ထိုအခါ အစ်မကြီးဖြစ်ပုံရသူက “မဟုတ်ဘူးကွဲ့ မောင်သောင်းရဲ့၊ မင်းပဲလိုတယ်၊ သံကြိုးရိုက်လိုက်ပါလား၊ ကတဲ ပိုက်ဆံကလေး သုံးမတ်တစ်ကျပ်ကို ဂရုစိုက်လို့”

“မဟုတ်ဘူး မမရဲ့၊ တနင်္ဂနွေနေ့ကျနေလို့၊ အားဂျင်းဖီးစ် နှစ်ဆ ပေးနေရမယ် သိရဲ့လား၊ ပြီးတော့ ပိုက်ဆံလဲ မပိုဘူး၊ ဟိုဒင်းရွေးရ၊ ဒီဒင်းရွေးရနဲ့” နှမငယ်က ၀င်တဲ့၍ “အဟုတ်သားပဲ ကိုကိုမှာ ဘယ်တော့မှ ပိုက်ဆံ ပိုပိုမိုမို မသုံးရဘူး၊ ပိုက်ဆံမှာလိုက်ရင် ဟောဟိုဖေဖေက ၀င်ဝင်ပြီး များတယ် ဘာတယ်နဲ့၊ ကိုင်း ခုတော့ ဘယ့်နှယ်နေသေးလဲ၊ ကိုကို ခြေကျင်လျှောက်လာရတော့ ကောင်းသေးရဲ့လား” ဟု ၀မ်းနည်းပက်လက်နှင့် ငိုမဲ့မဲ့ ပြောလေသည်။

ခေါင်းရင်းခန်းတွင် ကုပ်၍ ထိုင်နေရှာသော အဘိုးကြီးက ၎င်းသားအမိတစ်စုကို ကြည့်၍ မဲ့လိုက်သည်ကို ကျွန်ုပ်မြင်လိုက်ရသဖြင့် ၎င်းသားအတွက် အိမ်တွင် ရှေးရိုးအဘိုးကြီးကတစ်ဖက်၊ ခေတ်ဆန်သော သားအမိတို့ကတစ်ဖက် ဖြစ်နေကြသည်ကို ကျွန်ုပ်ရိပ်မိလိုက်လေ၏။ ကျွန်ုပ်မှာလည်း ခေါင်းက မျက်နှာသုတ်ပုဝါကို ခပ်အုပ်အုပ်ပတ်ကာ သားရေအိတ်ကို အိမ်ပေါ်တွင်ချ၍ အမှတ်မဲ့ထွက်သွားမည်ဟု လှည့်လိုက်ရာ အမယ်ကြီးက မြင်၍ “ဟဲ့-ကူလီခပေးကြဦးလေ” ဟု ဆိုမှ မောင်သောင်းသည် ပိုက်ဆံနှိုက်ကာ
“အို ဟုတ်ပါရဲ့၊ ဟောဒီဆရာကြီး ရှိလို့၊ နို့မဟုတ်ရင် အခက်ပဲ” ဆိုပြီး ပိုက်ဆံတစ်မူး ကျွန်ုပ်အား ပေးလေသည်။ ကျွန်ုပ်က “အို-နေပါစေ၊ ကျုပ်လဲ ခရီးကြုံတာနဲ့ ကူဆွဲလာတာပါ၊ နေပါစေ” ဆိုပြီး ထွက်ခဲ့၏။ ထိုအခါ အစ်မကြီးဆိုသူက “အို-ဒီမှာ ဦးကြီးရဲ့” (ထိုအခါ ကျွန်ုပ်က ပြုံး၍ ပြန်လှည့်ကြည့်လိုက်ရာ) ဟာ- ဟုတ်ပေါင် မောင်ကြီးရဲ့၊ ဟာ-ဟုတ်ပေါင် ဒီမှာ ကိုဟိုဒင်းရဲ့၊ ပိုက်ဆံ ယူသွားပါလေ” ဟု ဆိုကာ ပိုက်ဆံလိုက်၍ ပေး၏။ ကျွန်ုပ်ကား လွတ်အောင် သုတ်သုတ်ထွက်ခဲ့၏။

ထိုအခါ ညီမငယ်က ရယ်၍ “မမက လောလိုက်တာ၊ ဦးကြီးရဲ့တဲ့၊ လူကြည့်တော့ဖြင့် မမနဲ့ ရွယ်တူလောက် ရှိတယ်၊ ပြီးတော့ ကိုဟိုဒင်းတဲ့၊ ဟိုက ပြုံးသွားတာ မြင်လိုက်ကဲ့လား” ဆိုသည်တွင် အစ်မကြီးက “ဘာလဲ ကော်ငမလေးက တော်တော်ရွှန်း၊ နင် တယ်ထတယ်” ဟု ကြိမ်းမောင်းသံကို သန့်သန့် ကြားလိုက်ရလေ၏။ ကျွန်ုပ်၏သူငယ်ချင်း ဆရာကြီးအိမ်သို့ရောက်၊ ညစာစား၊ နောက်နေ့ ကျောင်းစစ်ရ၏။ ၎င်းညနေတွင် ဆရာကြီးက ကျောင်းဥက္ကဌအိမ်တွင် ထမင်းစားဖိတ်ထားကြောင်း အခြားကော်မတီ သုံးလေးယောက်ကိုလည်း ဖိတ်ထားကြောင်း ပြောဆို၍ နှစ်ယောက်သား ရေမိုးချိုး အ၀တ်အစားလဲကာ ထွက်ခဲ့ကြ၏။

ကျွန်ုပ်မှာ ယခုသော် ပိုးသားလုံချည် အင်္ကျီနှင့်တကွ ခေါင်းပေါင်းပေါင်း၍ အတန် သပ်သပ်ရပ်ရပ် ရှိသွားလေ၏။ ယခုအနေ မောင်သောင်းသာ မြင်ရပါလျှင် “ကူလီ” ငှားရန် အားနာဖွယ်ရှိ၏။ လာခဲ့ကြရာ မောင်သောင်းတို့အိမ်လမ်းသို့ ရောက်လေသဖြင့် ထိတ်ခနဲ ဖြစ်သွား၏။ စိတ်မလုံသည်နှင့် “အခုသွားမှာ ဘယ်အိမ်ကိုလဲ” ဟု ဆရာကြီးအားမေးရာ ခပ်လှမ်းလှမ်းရှိ မောင်သောင်းတို့အိမ်ကိုပင် ပြလေသတည်း။ ကျွန်ုပ်က “ဟိုက်-ခွကျကုန်ပြီ” ဟု လွှတ်ခနဲ ဆိုမိ၏။ ဆရာကြီးက လှည့်ကြည့်၍ “ဟေ့လူ ဘာဖြစ်တာလဲ မင်း…”

“ဟာ-ဘာမှမဖြစ်ပါဘူး၊ သွားသာသွားပါကွယ်” ဆို၍ ဘာဖြစ်ဖြစ်ဟု စိတ်တင်း၍ လိုက်ခဲ့ရ၏။

အိမ်သို့ရောက်ကြလျှင် လှမ်းကြည့်လိုက်ရာ မောင်သောင်းကို ရုတ်တရက် မြင်လိုက်ရ၏။ မောင်သောင်းသည် ကျွန်ုပ်ကို မှတ်မိပုံရ၏။ ရုတ်တရက် အခန်းတွင်းသို့ ခပ်သုတ်သုတ် ၀င်သွားလေ၏။ မောင်သောင်း၏ အမိ၊ အဖ၊ အစ်မ စသည်တို့ကား ကျွန်ုပ်ကို မှတ်မိပုံမရချေ။ ကျွန်ုပ် “ကူလီ” ဘ၀နှင့် ရောက်စဉ်က အ၀တ်အစား ညစ်ထပ်ထပ်နှင့် မျက်နှာကို မျက်နှာသုတ်ပ၀ါဖြင့် ခပ်အုပ်အုပ် ပတ်စည်းထားသောကြောင့်လည်းကောင်း၊ အိမ်သားအားလုံးတို့မှာ မောင်သောင်းကိုသာ ၀ိုင်း၍ ဂရုစိုက်ကြသောကြောင့်လည်းကောင်း ကျွန်ုပ်ကို မမှတ်မိခြင်း ဖြစ်ရ၏။

ကျွန်ုပ်သည်လည်း ဣနြေ္ဒမပျက် နေ၏။ မောင်သောင်းတို့အိမ်သားများက ပျူပျူငှာငှာ ဧည့်ခံကြလေ၏။ အတန်ကြာလျှင် အဘိုးကြီးက “ဟဲ့-မောင်သောင်းတစ်ယောက်ကော၊ ဒီမှာ ပညာဝန်များ လာကြတယ်၊ စကားစမြည်ပြောရအောင် လာလကွယ်” ဟု အိမ်တွင်းဆီသို့ လှမ်း၍ ခေါ်လိုက်၏။

ထိုအခါ သမီးအငယ်က “ဖေဖေ၊ ကိုကိုရယ် ဟိုဦးလေးကြီးအိမ်ကိုတဲ့၊ အရေးကြီးလို့တဲ့၊ ခုပဲ ဆင်းသွားတယ်၊ တော်တော်ကြမယ်လို့လဲ ပြောသွားတယ်ဖေဖေ” ထိုအခါ အဘိုးကြီးမှာ ကျေနပ်ပုံမရချေ၊ “တယ်ခက်သကို၊ ဧည့်တွေစောင်တွေရောက်မှ ထွက်သွားရသတဲ့လား (ကျွန်ုပ်ဘက်သို့လှည်၍) မောင်ရေ့၊ သားတစ်ယောက် ကောလိပ်ကျောင်းမှာ ထားရတယ်၊ သူတို့ကောလိပ်ဆိုတာက အင်မတန်..” ထိုအခါ အမယ်ကြီးက အဓိပ္ပာယ်ပါသော မျက်နှာဖြင့် အဘိုးကြီးကို ကြည့်လိုက်ရာ “အဲ အဲ သူတို့ကောလိပ်ဆိုတာက အင်မတန်ကြီးကျယ်ဆိုပဲ မောင်ရဲ့” ဟု အစသတ်လိုက်လေ၏။ ကျွန်ုပ်ကား အဓိပ္ပာယ်ကို နားလည်လိုက်ပါ၏။

ကျွန်ုပ်တို့လည်း စားသောက် စကားစမြည်ပြောပြီး ပြန်ခဲ့ကြ၏။ ၎င်းနောက် အခြားနှစ်မြို့သုံးမြို့တွင် ကျောင်းစစ်ပြီးနောက် ရန်ကုန်သို့ ပြန်ခဲ့၏။


***

၎င်းနောက် ငါးလခြောက်လခန့် ကြာသောအခါ ကျွန်ုပ်သည် မောင်သောင်းကို မေ့၍နေချေပြီ။ တစ်နေ့၌ ထူးထူးခြားခြား စာတစ်စောင် ရောက်လာ၏။ စာအိတ်မှာ စာရင်းစာအုပ်ဟောင်းတစ်ခုမှ ဆုတ်ယူအပ်သော မျဉ်းကြောင်းနှင့် စာရွက်ကို အိမ်တွင် ကတ်ကျေးဖြင့် ကိုက်ညှပ်၍ ထမင်းလုံးကော်ဖြင့် ကပ်ထားသော အိမ်လုပ်စာအိတ်ဖြစ်၏။ အပေါ်က လိပ်စာမှာ ရှေးလက်ရေး ဘုန်းကြီးကျောင်း လက်ရေးရိုးကြီးဖြင့် သေသပ်လှပစွာ ရေးထား၏။ ထူးခြားလှ၏ ဟု ဖောက်၍ကြည့်ရာ အောက်ပါစာကို တွေ့ရလေ၏။

“…မြို့နေ မောင်သောင်း၏ ဖခင်က စာအားဖြင့် အကြောင်းကြားပါသည် မောင်ဖိုးကျား။ ။ စေတနာရိုးရိုးဖြင့် ပို့အပ်သော မေတ္တာကို ခံယူပါ၊ မောင့်အကြောင်းကို မောင်သောင်းက ဖွင့်ပြော၍ သိရပါပြီ၊ ဟို ထမင်းကျွေးတဲ့နေ့က သူ့ဦးလေးအိမ်ကိုသွားတယ်ဆိုတာ ရိုးရိုးမဟုတ်ဘူး၊ ပြေးတာ၊ သူ့ကိုယ်သူရှက်၍ မောင်နဲ့ မျက်နှာ မဆိုင်ဝံ့လို့ ပြေးခြင်းပါ၊ မောင်နဲ့ တွေ့ရကြုံရကတည်းက အလွန်နောင်တရပြီး ယခု အလွန်ပြောင်းလဲသွားပါပြီ၊ မောင့်ကြောင့် ကျုပ်သား အဖိုးတန်လာလေသဖြင့် မောင့်အား မည်မျှ ကျေးဇူးတင်သည်ကို မပြောတတ်သလောက် ရှိရပါသည်။
မောင်နှင့်မတွေ့မီက ကျုပ်သားဖြင့် ပစ်ရပြီ၊ ဒီသားကလေးတစ်ယောက်ကို ဘယ်လိုပြုပြင် ကယ်ဆယ်ရပါမည်လဲဟု တကြောင့်ကြကြနှင့် နေရပါသည်။ ယခု မောင်မင်းကြီးသား ကယ်ပေလို့ ကျုပ်သား ကျွတ်ပါလေပြီ၊ အဖြစ်ကို ပြောပါရစေဦး၊ ကျုပ်သား ပျက်တာဟာ သူ့အမေ၊ အစ်မ၊ ညီမတွေကြောင့်ပဲ၊ ကြည့်ပါဦးမောင်ရယ်၊ သားက ကောလိပ်ကနေပြီး ငွေမှာရင် ၃၀ ကျပ်မှာရင် အနည်းဆုံး ၄၀ ကျပ် လောက် ပို့ကြတယ်၊ ကျုပ်က ပိုမပို့ဘဲ လျှော့ပို့ဖို့ပြောရင် သူ့အမေက ရှင်က ဘာသိလို့လဲတဲ့၊ ဟိုမှာ လူထဲနေရတာ၊ လူလိုနေရတာတဲ့ မောင်ရယ်၊ အဲဒီလို မအေလုပ်စားတဲ့လူက စ,လိုက်ရင်ပဲ အစ်မတွေ ညီမတွေက တစ်ခါတည်း ၀ိုင်းဆူကြတာပဲ၊ ကျုပ်ဘယ့်နှယ် နိုင်နိုင်မလဲ၊ သူတို့က ၀ိုင်းဆူတော့ ကျုပ်က ဘာလုပ်သလဲ သိလား၊ ကျုပ် ဘုန်းကြီးကျောင်းကို ထွက်သွားလိုက်တာပေါ့၊ ကျုပ်မှာလဲ အားကိုးနဲ့ကလား မောင်ရဲ့။ တစ်ခါကလဲ ကြည့်ပါ့မောင်ရယ်၊ မောင်သောင်း ကောလိပ်ကပြန်လာလို့ ထမင်းဝိုင်းစားကြတော့ မောင်သောင်းက ဟင်းချို မချိုဘူးတဲ့၊ သူတို့ကောလိပ်မှာ ၁၂ မျိုးဆိုလာ၊ ၁၃ မျိုးဆိုလား၊ အဲဒီဟင်းချိုမှ ချိုသတဲ့၊ ဒီတော့ ကျုပ်က မောင်သောင်းရယ်၊ ဟင်းချိုဆိုတာဟာ ပူရင်ချိုတာပေါ့ကွဲ့လို့ ပြောမိတာနဲ့ သားကလဲ စိတ်ဆိုးပြီး ထ,သွားတယ်၊ သူ့အမေကလဲ ကျုပ်ကို လက်ညှိုးကောက်ကောက်ထိုးလို့၊ ရှင့် ကိုအောင်ဘန်းရဲ့တဲ့၊ ရှင်တို့သာ ဟင်းရွက်ပြုတ်ရေကို ဆားခတ်ပြီး ခပ်ပူပူ လုပ်သောက်ကြ၊ ကျုပ်သားကိုတော့ အတင်းမတိုက်ပါနဲ့ ဆိုပြီး သူ့သားကလေးကို တရုတ်ခေါက်ဆွဲဆိုင် ခေါ်သွားပြီး အဲဟို မျိုးစုံ ဟင်းချိုကို ၀ယ်တိုက်သတဲ့၊ ကျုပ်က ဟင်းချိုဟာ ပူရင်ချိုတာပဲဆိုတာ လွန်သလားမောင်ရယ်၊ ဟုတ်ကော မဟုတ်ဘူးလားမောင်ရယ်၊ ကျုပ်တို့ ခေတ်တုန်းကတော့ ဟုတ်တာပဲ၊ အခု သူတို့ ခေတ်တော့ မပြောတတ်ဘူး” “မောင့်တော့ ပြောရဦးမယ်၊ တစ်ခါကလဲ သူတို့ ဘောလုံးရိုက်ကစားတဲ့ လက်ရိုက်တစ်ခုတဲ့ ၀ယ်လာတယ်၊ ကျုပ်က မနေတတ်လို့ ဘယ့်လောက်ပေးရသလဲလို့ မေးကြည့်တော့ ကြည့်ပါဦးမောင်ရယ် ၃၅ ကျပ်တဲ့၊ ဘုရား ဘုရား၊ ကစားစရာ လက်ရိုက်တစ်ခုကို ၃၅ ကျပ်တဲ့မောင်ရယ်၊ ကြားဖူးပါစ၊ ဒီတော့ ကျုပ်မလဲ အံ့အားသင့်ပြီး မောင်သောင်းရယ်၊ ငါ့သား ဒီလောက်မိုက်သလားကွယ်၊ ၃၅ ကျပ်ဆိုတဲ့ ငွေဟာ နည်းတာမဟုတ်ပါကလား၊ ဟိုဒင်း နွားမတစ်ကောင်ဖိုးလောက် ရှိနေပါပြီလားလို့ ပြောမိပါတယ်မောင်ရယ်၊ သူ့အစ်မက အခန်းထဲကကြားတော့ ထွက်လာပြီး ဖေဖေကလဲ တွေ့ကရာလိုက်ပြီး ဟန့်နေတာကိုး၊ စာမသင်တဲ့လူဆိုတာ ညောင်းတယ်၊ ကိုယ်ဆန့်လက်ဆန့်လုပ်မှ ကျန်းမာတယ်တဲ့၊ ဒီတော့ ကစားစရာဆိုတာ ၀ယ်ရတာပဲ ဖေဖေရဲ့တဲ့၊ ဒီတော့ ကျုပ်က အေးလကွယ်၊ ကိုယ်ဆန့်လက်ဆန့်ဖြစ်ဖို့ နင်တို့ ၃၅ ကျပ်တန် လက်ရိုက်ရမှ မဟုတ်ပါဘူးဟဲ့ မယ်ခရဲ့၊ ထုပ်ဆီးတမ်း ဖန်ခုန်တမ်း ကစားပါလားကွဲ့၊ လမ်းလျှောက်ပါလားကွဲ့၊ ပြေးပါလားကွဲ့၊ အပုံပါ သမီးရယ်၊ နင်တို့ ၃၅ ကျပ်တန်ရမှ မဟုတ်ပါဘူးလို့ ကျုပ်က ပြန်ပြောတယ်၊ ပြောနေရင်း သူ့အမေ ပေါက်လာပြီး ကိုအောင်ဘန်း ရှင်ဝင်ရှုပ်ပြန်ပလားတဲ့၊ ရှင်သာ နွားမတစ်ကောင်းကို ၃၅ ကျပ် ပေးဝယ်ပြီး နို့ညှစ်ရောင်းစားပေတော့၊ ကျုပ်သားကတော့ ကောလိပ်ကျောင်းသား အင်္ဂလိပ်စာတတ်မို့ ၀ယ်ချင်တာ ၀ယ်ပစေ၊ ကုန်ကုန် ဘာဖြစ်သေးလဲတဲ့၊ အဲဒီတော့ ကျုပ်က ဘာလုပ်လိုက်သလဲ သိရဲ့လား၊ ကျုပ်က ဘုန်းကြီးကျောင်းကို ထွက်သွားလိုက်တာပေါ့” “ပြီးတော့လဲ သူ့သားဆီက စာရောက်မှဖြင့် သူ့အမေမှာ အိမ်တကာ၊ ဈေးဆိုင်တကာ လိုက်ပြီး ပြောနေတာပဲ၊ သူ့သား ဘယ်အတန်းရောက်ပြီး၊ တစ်လတစ်လ ငွေဘယ်လောက် ပို့ရတာကလားနဲ့ စုံပါရောမောင်ရယ်၊ ထမင်းစားတောင် လိုက်ခေါ်ယူရတယ်” “ကျောင်းပိတ်လို့ ပြန်လာတဲ့အခါ၊ အိမ်က အလုပ်ကလေးများ ခိုင်းလိုက်လျှင် ဟော-သူ့အမေတွေ အစ်မတွေက ရှေ့က ကာဆီးကာဆီးနှင့် လာပါရော၊ အင်္ဂလိပ်ကျောင်းသား ကောလိပ်ကျောင်းသားများဟာ လက်အလုပ်တွေ၊ အလုပ်ကြမ်းတွေ မလုပ်ရဘူးတဲ့၊ ခိုင်းစရာရှိလျှင် သူတို့ကိုသာ ခိုင်းပါတဲ့၊ ကျုပ်လဲပဲ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ သဒ္ဒါ၊ သင်္ဂြိုဟ်မှစ၍ မြန်မာစာ အတော်အတန် သင်ခဲ့ဖူးပါတယ်၊ အင်္ဂလိပ်ကျောင်းသားများ လက်အလုပ် အလုပ်ကြမ်းမလုပ်ရဘူးဆိုတာ ဘယ်စာထဲမှာမှ မတွေ့ဖူးပါဘူးမောင်ရယ်၊ လူရဲ့ဥာဏ်ရိုးရိုးနဲ့ စဉ်းစားကြည့်လျှင်လည်း မရပါဘူးမောင်ရယ်။ တစ်ခါတုန်းကလဲ မောင့်ကိုပြချင်တယ်၊ မောင်သောင်းကို ဘူတာရုံကို လိုက်ပို့ကြတယ်၊ လမ်းမှာ မိုးရွာထားလို့ ရွှံ့ဗွက်ကလေး နည်းနည်းရှိတာကို အမေနှင့်အစ်မက မောင်သောင်းကို ပွေ့ချီပြီးတော့ ကူးကြသတဲ့၊ ကျုပ်ကြားတော့ ရှက်လိုက်တာမောင်ရယ်၊ ကျုပ်ဘာလုပ်သလဲသိလား၊ ကျုပ်က ဘုန်းကြီးကျောင်း ထွက်သွားလိုက်တာပေါ့။ အဲဒီလို မောင်သောင်း ပျက်စီးနေတာ မောင်က ကူလီပုံစံနှင့် ဆုံးမခဲ့တဲ့နေ့ကစပြီး အတန်ပြောင်းလွဲပါပြီ၊ အရင်က တစ်လ ၁၀၀ ကျပ် ပို့ရတယ်၊ အခု ၅၀ ကျပ်သာ ပို့ရတယ်၊ တစ်ခါတစ်ခါ သူ့အမေများ အစ်မများက ပိုမိုပို့လျှင်လဲ ငွေကို မသုံးဘဲ အိမ်ကို ပြန်ယူခဲ့တယ်၊ ယူခဲ့တဲ့အပြင် သူ့အမေနှင့် အစ်မတို့ကို အပြစ်လဲတင်၊ တရားလဲဟော၊ လားလား၊ သူတို့ ကောလိပ်ကျောင်းသားက ပြောတော့ တုတ်တုတ်မလှုပ်ဘူး၊ ငြိမ်နေကြတာပေါ့၊ ကျုပ်က တစ်ထောင့်က ပြုံးပြုံးပြီး နားထောင်နေလိုက်တာပေါ့၊ အင်း သူတို့တော့ ငါ့ဝဋ်လည်တာပဲလို့ ကျိတ်ပြီး ၀မ်းသာလိုက်တာပေါ့ မောင်ရဲ့။ အိမ်မှာ လုပ်စရာကိုင်စရာရှိလျှင်လဲ အခိုင်းကို စောင့်မနေဘူး၊ သူ့ဟာသူ ကောက်လုပ်တာပဲ၊ တံမြက်စည်းလှည်း ရေခပ်ကစပြီး အကုန်လုပ်တာပဲ၊ ရထားတို့ သင်္ဘောတို့မှာလဲ တတိယတန်းက ပိုမစီးဘူး၊ ဖိနပ်များလဲ ငါးကျပ်တန် ခြောက်ကျပ်တန်က ပိုမစီးဘူး၊ အများအာဖြင့်တော့ ခုံဖိနပ်တို့ ပိန်းတန်းတို့ကို စီးတာများပါတယ်။ ကျုပ်သည် ကျောင်းကန်ဇရပ်ဆောက်လုပ်ခြင်း၊ သီလ အမြဲစောင့်ရှောက်ခြင်း စသည်ဖြင့် ဒါန၊ သီလ၊ ဘာဝနာများစွာ ပြုကျင့်ပါသည်၊ ပြုအပ်သော ကုသိုလ်ကောင်းမှု အလုံးစုံ၏ အဖို့ကို ခံယူပါ၊ ညအခါ မေတ္တာပို့လျှင် တရားကျမ်းဂန်အရ အဟံ အဝေရော ဟောမိဟု မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပို့ပြီးနောက် မောင်၏နာမည်ကို တပ်၍ မေတ္တာပို့ပါသည်၊ ပြီးမှ သားမယား၊ အိမ်သူအိမ်သား စသည်ဖြင့် အများအတွက် မေတ္တာပို့ပါသည်၊ ကျွန်ုပ်၏ လေးနက်သော မေတ္တာ ရိုးရိုးကြီးကို ခံယူပါလေ၊ မောင်၏ကျေးဇူး ကြီးလှပါ၏”

“သြော် ကောင်းစွ၊ ကောင်းစွ၊ ချမ်းသာစွ၊ ချမ်းသာစွ၊ ငါသည် အမှတ်မထင် ပြုအပ်သော အမှုတစ်ခုသည် အလွန်တာသွားလေစွတကား” ဟု နှစ်ခြိုက်စွာ မြည်ကျူးမိ၏။

***

ဤသို့ ကောင်းမှုတစ်ခု၏ အရသာကို ခံစားနေ၍ လေးငါးရက်မြောက်သော တစ်နေ့နံနက်၌ ကျွန်ုပ်သည် အိမ်ပြတင်းပေါက်မှ ရပ်ကြည့်နေစဉ် ခပ်လှမ်းလှမ်းမှ သူငယ်တစ်ယောက်သည် ငှက်ပျောခိုင်တစ်ခိုင်ကို ထမ်းကာ ကျွန်ုပ်ထံသို့ လာသည်ကို မြင်ရ၏။ အနီးသို့ရောက်သော် အခြားသူမဟုတ် မောင်သောင်းပင်ဖြစ်နေလေ၏။ ကျွန်ုပ်ကပင် ဆီး၍- “အလို မောင်သောင်းပါကလား၊ ဘယ့်နှယ်မောင်ရယ်၊ ငှက်ပျောခိုင်ကြီးကို တပင်တပန်းကြီး ထမ်းလာရသလဲ၊ လန်ချားနဲ့ဖြစ်ဖြစ်၊ ကူလီနဲ့ဖြစ်ဖြစ် လာရောပေါ့”

“ကိစ္စမရှိပါဘူးဦးရယ်၊ ကျွန်တော် အခု ကူလီကို တယ်မသုံးတော့ပါဘူး” ဟု ပြုံး၍ ပြော၏။

ကျွန်ုပ်သည်လည်း ယခင်ကအကြောင်းကို သတိရသည်နှင့် “အေး-ဒါလဲ ဟုတ်ပါရဲ့၊ နို့ပေမဲ့ ကာလဌာန ကြည့်လုပ်ရပါတယ်၊ ကိုယ်တိုင်ပြုအပ်တဲ့အခါလဲ ရှိတယ်၊ ကူလီလိုတဲ့အခါလဲ ရှိတယ်၊ နေရာတကာတိုင်းကို မဆိုလိုပါဘူး၊ ခုနေရာမျိုးတော့ ကူလီငှားကောင်းပါတယ်ကွဲ့”

“ဦးကို ကျွန်တော် တောင်းပန်ရအောင် လာပါတယ်”

“မင်း တောင်းပန်စရာ မလိုဘူး၊ ငါ့မှာ ကူလီခရပြီ၊ ရသင့်သည်ထက်တောင် အများကြီးပိုရတယ်၊ ရော့ ဟောဒီမှာကြည့်စမ်း” ဆို၍ သူ့ဖခင်ထံမှ စာကို ထုတ်ပြလိုက်၏။

စာကိုဆုံးအောင်ဖတ်ပြီးနောက် အတန်ကြာတွေ၍နေ၏။ အမှန်မုချ ထူးခြားမွန်မြတ်လှသော အရသာကို ခံစားနေသည်ကို ကျွန်ုပ်သိ၏။ ထိုသူငယ်၏ နှလုံး၌ မွန်မြတ်သော စိတ်ဓာတ်တို့ တဖွားဖွားဖြစ်နေသည်ကို ကျွန်ုပ်သိ၏။

ထိုသည့်နောက် အလာပ သလ္လာပ စကားပြောကြ၍ “ကိုင်း မောင်၊ မောင်လဲ ကျောင်းတက်ရဦးမယ် ပြန်ပေတော့၊ အချိန်လဲ နည်းနည်းသာရှိတယ်၊ ခရီးကလဲ အတန်ဝေးတယ်၊ အဲဒီတော့ ဒီလိုနေရာ ဒီလိုအခါမျိုးမှာ မြင်းရထားကလေးတောင် မကဘူး၊ မော်တော်ကားနဲ့ပဲ သွားရလိမ့်မယ်” ဟု ကျွန်ုပ်က ဆို၍ ထိုသူငယ်က ငြင်းဆန်နေစဉ် တွန်းတွန်းပို့ပို့နှင့် ကားတွင်းသို့ထည့်ကာ မော်တော်ကားဖြင့် သွားစေလိုက်ပါသတည်း။

~~~~~
ဦးဖိုးကျား

ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုတိုများ စာအုပ်မှ
Ref:http://www.planet.com.mm/book/story.cfm?id=112

1 comment:

Nay Nay Naing said...

ဒီဝတ္တုကို ခဏ ခဏ ဖတ်ဘူးခဲ့တယ်။ ခုဒီမှာ တွေ့ တော့လည်း အစ အဆုံး ပြန်ဖတ်ဖြစ်လိုက်တယ်။ ကျေးဇူးတင်ပါတယ်...