Sunday, September 24, 2006

ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံလှပသည်



    ဒေါသထွက်တဲ့ ပုဂ္ဂိုလ်ဟာ အကြောင်းအကျိုးကို ခွဲခြားမသိနိုင်ဘူး။ အမှန်တရားကိုလည်း မမြင်နိုင်ဘူး။ ရုပ်ကိုလည်း အိုစေတယ်။ နာမ်ကိုလည်း အိုစေတယ်။ နောက်ဘ၀မှာလည်း ရုပ်ဆိုးတတ်တယ်။
    သည်းခံခြင်းဟာ မြတ်သောအကျင့်ရယ်လို့ မြတ်စွာဘုရား ဟောထားတယ်၊ ခန္တီတစ်လုံး လက်ကိုင်သုံးရင် အစစ အရာရာကို အဆင်ပြေစေတယ်။ ဒါကြောင့် "ဘယ်အာရုံနဲ့ပဲ တွေ့တွေ့ ငါ အစစ သည်းခံမယ်" စသည်ဖြင့် ဆင်ခြင်လို့ရပါတယ်။ ဒါမှမဟုတ် ကိုယ်နားလည်သလို ဆင်ခြင်တတ်သလို ဆင်ခြင်လို့လည်း ရပါတယ်။
    မေတ္တာပွားမယ့်သူတစ်ယောက် အနေနဲ့ ပယ်ရမယ့်တရားက ဒေါသပါတဲ့၊ ယူရမယ့်တရားက ခန္တီပါတဲ့။ ဒေါသဆိုတာ လောကီရှု့ဒေါင့်ကကြည့်ကြည့်၊ လောကုတ္တရာရှု့ထောင့်က ကြည့်ကြည့် ကောင်းကိုမကောင်းတာပါ။
  သုဘလုလင်က မြတ်စွာဘုရားကို မေးတဲ့မေးခွန်း ရှိပါတယ်။ ဘယ်လိုမေးလဲ ဆိုတော့ "မြတ်စွာဘုရား တချို့ ယောကျာင်္းတွေ မိန်းမတွေ ကျတော့ရုပ်ဆိုးပါတယ်၊ တချို့ ယောကျာင်္းတွေ မိန်းမတွေကျတော့ ရုပ်လှပါတယ်၊ အဲဒါဘာကြောင့်ပါလဲဘုရားတဲ့"။ ဒီတော့ မြတ်စွာဘုရားက "သုဘလုလင် ဒေါသကြီးတဲ့သူဟာ နောင်ဘ၀မှာ ရုပ်ဆိုးရပြီး၊ သည်းခံတဲ့သူကတော့ ရုပ်လှရပါတယ်" လို့ပြန်ဖြေလိုက်ပါတယ်။
        ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက "ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံလှပသည်" လို့ လင်္ကာစီထားပါတယ်။
  နောင်ဘ၀ကို အသာထား ဒီဘ၀မှာတင် ဒေါသကြီးတဲ့သူကို မြင်ရတာတောင် တော်တော် စိတ်ဆင်းရဲဖို့ကောင်းပါတယ်။ အခြေအနေအရ ဆက်ဆံနေရပေမယ့် ဒေါသကြီးသူကို ဘယ်သူမှ မဆက်ဆံချင်ကြပါဘူး။ မျက်မှောက်လက်တွေ့ဘ၀ ကိုကြည့်ပြီး ဒေါသရဲ့ အပြစ်ကို ဆင်ခြင်နိုင်ရပါမယ်။
    ဆင်ခြင်တယ်ဆိုတာ နှုတ်ကဆိုရုံလေး နှလုံးသွင်းရုံလေး မဟုတ်ဘဲ သဘောသဘာဝအထိ နှလုံးသားထဲအထိ အသိထဲအထိ ဆိုက်ရောက်သွားအောင် သိသွားအောင် ဆင်ခြင်ရပါတယ်။ ဆင်ခြင်ရင်းနဲ့ပဲ ဒေါသရဲ့ အကျိုးအပြစ်တို့ကို ထင်ထင်ရှားရှား တွေ့ပြီး ကိုယ်တိုင်လည်း ဒေါသလျော့လျော့သွားပါလိမ့်မယ်။ ကိုယ်ဒေါသထွက်စဉ် ကာလတုန်းက ဆိုးကျိုးတွေကို အာရုံပြုပြီး ဆင်ခြင်လို့ရပါတယ်။ ဥပမာ- မိတ်ပျက်သွားတာတွေ၊ အလုပ်ပျက် အကိုင်ပျက် ဖြစ်ခဲ့တာတွေ၊ အိပ်မပျော်ခဲ့တာတွေ စသည်ဖြင့်ပေါ့။
    သည်းခံတာလည်း ဒီအတိုင်း ပါပဲ။ သည်းခံမှုရဲ့ ရလဒ်ကို အသွင်အပြင်ထက် အနှစ်သာရအပိုင်းအထိ လက်ခံနိုင်အောင် ဆင်ခြင်ရပါမယ်။ ဆင်ခြင်ရင်းနဲ့ပဲ သည်းခံတတ်တဲ့ အကျင့် ဖြစ်သွားပါလိမ့်မယ်။

ရဝေနွယ်(အင်းမ) ၏ မေတ္တာအတွေးများ

No comments: